Thursday, May 26, 2011

အဖြည့်ခံ

ငါ့ကို နင်သောက်နေကျ
ကျစိမ့်တစ်ခွက်လို သဘောထားပါ
နင်ခံတွင်းချဉ်လာတဲ့ အခါကျမှ
ငါ့ကိုလွမ်းပါ.....။

လျှပ်စစ်မီးရောင်တွေအောက်မှာ
သဘာဝကို ဆန့်ကျင်ပြီး စည်းဇိမ်ခံယူပါ
မီးပျက်တဲ့ ညမျိုးမှာမှ
လပြည့်ညကို သတိရပါ။

ပေတရာလမ်းပေါ် ဘီးလှိမ့်ပြီး
သီချင်းသံစဉ်တွေကို အပြည့်ဝခံစားပါ
ကျောက်စရစ်လမ်းပေါ် ခြေချတဲ့အခါကျမှ
ခုံဖိနပ်စုတ်တစ်ရံရဲ့ မာကျောမှုကို လေးစားပါ။

အသပြာတွေနဲ့ လောင်းကစားလုပ်ယူရတဲ့
ရယ်မောခြင်းတွေကို ချိတ်ဆွဲထားပါ
အခက်ခဲတောင်းကုန်းပေါ် တတ်ရတဲ့အခါကျမှ
လက်တွဲခေါ်ခံရတဲ့ ပီတိကိုမှတ်မိပါ။

သိပ္ပံတွေရဲ့ အအေးဓါတ်ကို ခိုလှုံပါ
ကန္တာရထဲရောက်တဲ့ အခါကျမှ
မိုးအေးအေးမှာ သောက်ရတဲ့
ကော်ဖီတစ်ခွက်ကို တောင့်တပါ။

ငါ့အတွက်တော့....
သုဘရာဇာရဲ့ ပေါက်တူးအောက်ရောက်မှ
မင်းကိုလွမ်းဖို့၊ ဖြည့်ဆည်းပေးဖို့ကို
အဆုံးသတ်ရလိမ့်မယ်....။

ဆိုရှယ်...

သူပြန်သွားမှ ငါ့ကိုယ်ငါ
ဖွင့်ကြည့်ဖို့ သတိရတယ်
သြော်.....
အနာပလာတွေပြည့်လို့ပါလား။

မီးခြစ်တွေတစ်ခြစ်ပြီးခြစ်
ဆေးလိပ်တိုတွေသာ ပြာခွက်ထဲမှာကုန်သွားတယ်
ခုထိအဲ့အလှပတရားကို ပုံဖော်ချရေးဖို့
ဘယ်မှာလဲ စကားလုံးတွေ...။

စာရေးဆရာတစ်ယောက်ကရေးတယ်
လူတွေဟာလောကကြီးထဲမှာ
အမှိုက်တွေလာဖွသွားကြတယ်တဲ့
သူမကတော့ ကျွန်တော့်ရင်ထဲမှာ
အမှိုက်တွေလာဖွသွားတယ်။

ဒီတစ်ခါလည်း ငါ့ကဗျာ
ရေးလက်စတိုးလို့တန်းလန်းနဲ့ မဆုံးသွားပြန်ဘူး။

အိပ်ကပ်ထဲနှိုက်ကြည့်လိုက်တော့
စက္ကူမှိုင်းတွေမဟုတ်တဲ့
မီးခြစ်တစ်လုံးပဲကျန်ခဲ့တယ်။

ဂတ်စ်မကုန်သေးသရွေ့
မီးခြစ်ဆိုတာခြစ်ဖို့ပဲ....

ငါ့နှလုံးသားကချစ်တတ်ဖို့သက်သက်ပါ

တားမြစ်ထားတဲ့ စည်ပင်သာယာ
နယ်နမိတ်မဟုတ်ဘူး
ဖြတ်သန်းသွားလာခွင့်ရှိတယ်
ပုဒ်မတွေကင်းမဲ့တဲ့ဇုန်
အုတ်မြစ်လာချသွားချင်လည်းရတယ်
အလွမ်းအိမ်ငှားတွေခေါ်လာခဲ့ချင်သေးလား
သဘောပဲ....

ဒီထက်ပိုဆိုရှယ်ကျပြရဦးမလား.....

Thursday, May 19, 2011

အသံမထွက်တဲ့ ဂစ်တာတစ်လုံး

ငါ့ရဲ့ညကိုဝှက်ပြီး
ရေးလက်စကဗျာလေးနဲ့
ငါ့ခေါင်းအုံးပေါ် အိမ်မက်ပစ်လိုက်တယ်။

ဆိုးပါတယ်....
အလဲအကွဲတွေတစ်ထပ်ကြီးနဲ့
စာရွက်ပေါ်က သာယာမှုလေးကလွဲရင်

သံချပ်ကာတွေမပါတဲ့ရင်ဘတ်နဲ့
ငတ်မွတ်မှုလေးကို ၀င်ဆောင့်ပစ်လိုက်တာ
အချိန်တန်တော့လည်း ရလဒ်ကမနေ့ကလိုပါပဲ။

ဘောပင်ကိုင်တဲ့လက်နဲ့
နှလုံးသားကိုပန်းလို နူးညံ့ကြည့်တယ်
နောက်ဆုံးတော့ လောင်မြိုက်ခံရတဲ့ စက္ကူပန်းလိုပါပဲ။

ဟုတ်တယ်...
မွေးလာကတည်းက ကျူးပစ်မပါလာတဲ့ ကောင်ဆိုတော့
ကျူးပစ်ခင်းတဲ့လမ်းပေါ်မှာ   ငါ
အသံမထွက်တဲ့ ဂစ်တာတစ်လုံးလိုပဲ။

သွေးသားတွေက တောင်းဆိုတယ်
ရက်စက်ပစ်လိုက်ပါ ဒါမှရင့်ကျက်မယ်တဲ့
တော်ပါ မရင့်ကျက်ချင်နေပါ    ငါ
မရက်စက်ချင်ဘူး.....။

သွားပါ....ထားသွားကြပါ
အခုလောလောဆယ်တော့    ငါ
စောင့်ရမယ်......စာင့် ရ ဦး မယ်....။
(ဘာကိုစောင့်ရမယ်ဆိုတာ ငါ့ကိုယ်ငါမသေချာသေးဘူး)

လောကကြီးဆိုတာ
အလဲအကွဲ ထမင်းဟင်းသိုးတွေ ပစ်ကျွေးပြီး
နင်လာတဲ့အခါကြမှ ရေတစ်ခွက်လောက်ပဲ
ပေးတိုက်ခြင်းလား......။

မနေ့က ငါ့အပြုံးတစ်တင်္ဂနဲ့
ဒီနေ့ ငါ့ရှိုက်သံရဲ့ မညီမျှခြင်းကို
သူလုံးဝ မသိသွားရှာဘူး...။

မနက်ဖြန်တွေရဲ့ တစ်ရက်မှာ
ရောက်ရှိလာဦးမယ် ကောင်မလေးရေ...
ငါ့ရှိုက်သံတွေကို မင်းမကြားနိုင်အောင်
ခုတည်းက ငါကြိုတင်ပြင်ဆင်ထားရဦးမယ်။