Tuesday, September 20, 2011

ဖြေသိမ့်လိုက်ပါတယ်

ဖြေသိမ့်ခဲ့ပါတယ်….. ငါဝါးမိခဲ့တဲ့ ငါးမှာအဆူးရှိခဲ့တဲ့အတွက်
စားတိုင်းမကောင်းဘူးလို့
အဲ့နှုတ်ခမ်းကပဲပြောခဲ့ဘူးတယ်….
ငါ့မှာလေ………သင်ခန်းစာတွေ
တပုံတခေါင်းကြီးနဲ့

လောကမှာဘယ်အရာမှ အစွန်းရောက် နစ်နာမှု
မရှိဘူးဆိုတာလည်း မင်းသင်ပေးခဲ့တာပဲ….
ဒါပေါ့…..တစ်ခါနာကျင်ပြီးတိုင်း ငါ့အတွက်တော့
အနည်းဆုံး ကဗျာတစ်ပုဒ် ကျန်နေခဲ့သေးတာပဲ
ကဲပါ…..ဖြစ်ပြီးသမျှတွေခဏမေ့ထား…
ခုလောလောဆယ် စမတ်ကျကျဖလှယ်ကြတာပေါ့
မင်းနဲ့ငါကြားမှာတော်တော်များများ
အနားလည်နိုင်ဆုံးတူညီနိုင်ခဲ့ကြပါရက်နဲ့
ဘာကြောင့် ချစ်သူဆိုတဲ့ ခေါင်းစဉ်ကို
နှစ်ဦးစလုံး ထပ်တူမဆောင်းနိုင်ခဲ့ကြတာလည်း
ဒါလည်း လောကမှာအသွင်တူတိုင်း
ကြင်သူမဖြစ်နိုင်ဘူးဆိုတဲ့…..
သင်ခန်းစာ အပိုင်းစတစ်ခုပဲနေမှာပါ…..

အဲ့လိုအပိုင်းစတွေတဖြည်းဖြည်း များများလာတော့
နေ့စဉ်နဲ့အမျှ ရှုလိုက်ထုတ်လိုက် လုပ်နေတဲ့
လေ့ကျင့်ခန်းတောင် ငြီးငွေ့လာသလိုလို
ဒါပေမယ့်….ငါထပ်ဖြေသိမ့်လိုက်ပါတယ်…
ခုတော့လွတ်လပ်မှုကိုခုံမင်တဲ့ တို့နှစ်ယောက်
တကယ်တမ်း လွတ်လပ်သွားကျသွားကြတဲ့အခါ…

တစ်ခါတစ်လေတော့လည်း လွတ်လပ်မှုတွေကြားမှာ
ချုပ်နှောင်ခံကြရသေးတာပဲ….
ခုကြည့်….လွမ်းဆွတ်မှု အချုပ်နှောင်တွေကြားမှာ
မင်းရောငါရော ရုန်းထွက်နိုင်ကြလို့လား….

ဒီလိုပါပဲ တို့တွေဝင်ထိုင်လိုက်တဲ့ လောကကန်တင်းမှာ
ဘယ်အရာမှ တည်မြဲမနေပါဘူး….
မင်းနဲ့ငါ အတူတူထိုင်နေရက်တောင်
တို့မျက်လုံးတွေက ပတ်ဝန်းကျင်ဆွဲခေါ်ရာနောက်ကို
လိုက်ကြည့်မိကြသေးတာပဲ…..
မင်းကြည့်လိုက်တဲ့ ပတ်ဝန်းကျင်ကို
ငါကြည့်မိချင်မှ ကြည့်မိမယ်
ငါကြည့်လိုက်တဲ့ ၀န်းကျင်ကို မင်း…
လိုက်ကြည့်ချင်မှ လိုက်ကြည့်မိမယ်
အဲ့လိုပဲ မင်းကြည့်တဲ့ ၀န်းကျင်ကငါ့ကို...
ကြည့်ချင်ကြည့်နေမယ်
ငါကြည့်လိုက်တဲ့ ၀န်းကျင်က မင်းကို...
အကဲခတ်ချင် ခတ်နေမယ်
အားလုံးဟာ သူ့ tempo နဲ့သူလှုပ်ရှားနေတာပဲ

ဟောကြည့်……..စားပွဲထိုးလေးတောင်
ကုန်သွားတဲ့ တို့ရေနွေးအိုးကို လာသိမ်းသွားပြီ
သူလည်းသူ့ရွေ့လျားမှုနဲ့သူပေါ့လေ….
တို့တွေနဲ့လည်း သိမှမသိကြပဲ
ဒါပေမယ့် တို့တွေနဲ့တော့ တစ်ခါတစ်ခါ
လာပတ်သတ်နေကြရတယ်မဟုတ်လား
မင်းနဲ့ငါ့ နှလုံးသားလည်း အဲ့လိုပဲ....
ကမ္ဘာဦး အစမှာလည်း မတွေ့ခဲ့ဖူးဘူး
အရင်ကတည်းကလည်း သိကျတာမဟုတ်ဘူး
ခုတော့ ပတ်သက်မှုတွေ ထန်နေခဲ့ရတယ်

ခုငါဒါတွေရေးနေချိန်မှာ မင်းကငါ့ကို
အရူးတစ်ယောက်လို့ သတ်မှတ်ချင် သတ်မှတ်နေမယ်
ငါကတော့ မင်းကို သိပ်ထက်တဲ့ မိန်းမတစ်ယောက်လို့
အထင်ကြီးနေတုန်းပဲ…..
ဟား……ဟား…..ဟား….
ငါအဲ့လို မင်းကွယ်ရာမှာ တစ်ယောက်တည်း
ရယ်မောဖြစ်တဲ့အခါ မင်းငါ့ကို အဲ့ မျက်စောင်းလှလှလေးတွေ
ထိုးပစ်ဦးမှာပဲမလား

အတွေးတွေကို ချုပ်နှောင်ထားတာကလွဲရင်
ငါဟာ လွတ်လပ်ချင်နေတဲ့ ငကြောင်တစ်ကောင်ပါ
လွတ်လပ်မှုတွေကြားမှာ မနေချင်တဲ့
မိန်းကလေးတချို့ကို ငါ…
ခပ်ပြုံးပြုံးလေး ထိုင်ကြည့်ခဲ့ဘူးတယ်….
ခု နှစ်ယောက်စလုံး လွတ်လပ်မှုကို မြတ်နိုးတဲ့အခါ
တို့တွေ ဘယ်ကို ပျံသန်းကြမလဲ…..
ကောင်းကင်ထဲကိုလား….တောအုပ်ထဲကိုလား….
အဲ့လိုနဲ့ပဲ..တို့ရင်ဘတ်တွေကို
အင်္ကျီအောက်ထဲ ပြန်သိမ်းဆည်းလိုက်ကြရတယ်…

ဟူး………
နှလုံးသားနဲ့ပတ်သတ်ရင် ငါဟာ
သတ်သတ်လွတ်ပဲစားနေရတဲ့ နွားတစ်ကောင်လိုပါပဲလား…..။

Friday, September 9, 2011

ပိုးစုန်းကြူး

ပိုးစုန်းကြူးလေးရေ.....ငါဟာ မီးကို မကိုးကွယ်တတ်တဲ့
ကမ္ဘာဦးလူသားပါ
အလင်းရောင်လေးကိုပဲ တောင့်တမိခဲ့တာ…
မင်းနဲ့ပတ်သက်ရင်
ငါဟာ အလိုလို အမှောင်ကျနေတတ်တယ်
ဒါမှလည်း တစ်ယောက်ကိုတစ်ယောက်
မြင်တွေ့ရမှာမဟုတ်လား။

ဟော…..
ငါ့ညနေခင်းတောင် အိပ်တန်းဝင်သွားပြီ
အဲ့လို့ပဲ ငါဟာမသိသလိုနဲ့
ငါ့နေ့ခင်းတွေကို အလွယ်တကူ
နေ၀င်ပစ်ခဲ့တယ်…..

အပေါင်းအနုတ်ဆန်တဲ့
အဖိုအမ သဘာဝအတွက်
ငါတို့နှစ်ယောက်စလုံး
ပြိုင်တူလင်းနေလို့ မဖြစ်ဘူး
အဲ့တော့ ငါကပဲ မိုးချုပ်ပေးလိုက်တယ်…

ပြောရင်းဆိုရင်း လမင်းကြီးတောင်
အလိုက်တသိနဲ့ မိုက်ပြလိုက်ပြီ
ပိုးစုန်းကြူးလေးရေ……
သံစုန်တွေလဲ့လဲ့ခတဲ့ညမှာ
မင်းအလင်းကို ငါ့မှန်အိမ်ထဲထည့်
အမှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့
လမ်းများကြရအောင်။
                               

ကိုယ့်ကိုကိုယ်လှည့်စားတဲံ ပီတိ

ကမ္ဘာမြေပေါ်မှာ ရှင်သန်နေတဲ့
ငါ့ကိုအမေက မွေးဖွားပေးခဲ့တယ်
ကမ္ဘာမြေကတော့ မဟုတ်ဘူး….
ငါ့နှလုံးသားထဲက ရင်ခုန်သံတွေကြတော့
မင်းက မွေးဖွားပေးခဲ့တယ်....

ရင်ခုန်တိုင်းအချစ်လို့ပြောရင် မင်းယုံမှာလား
ဟိုး…မိုးကုတ်စက်ဝိုင်းပေါ်က ကွေးညွန့်နေတဲ့
ရောင်စုံခြယ် သန့်တံလေးကိုရော..
အချစ်ရဲ့ သင်္ကေတလို့ပြောရင် မင်းယုံမှာလား
အဲ့လိုပဲ အချစ်ဆိုတာ တစ်ခါတလေ ဘာမှမဆိုင်ပဲနဲ့
ပတ်သက်နေတတ်တယ်….

အချစ်ဆိုတာ ကြည့်လိုက်ရင်တော့ဘာမှမဟုတ်သလိုနဲ့
Difination ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ကောင်ပေါ့
ငါတို့ဆာလောင်နေတဲ့ ရင်ခုန်သံတွေကို
အချစ်ဆိုတဲ့အစာအဟာရလေးတပ်ပြီး
အမှတ်တရတွေကို ဖန်တီးယူကြတဲ့အခါ
ပတ်ဝန်းကျင်ကအသည်းကွဲနေတဲ့သူတွေ
ငါတို့ကို အားကျနေလိမ့်မယ်။

ရိုးရိုးလေးနဲ့လှတဲ့ကောင်မလေးရေ
ရိုးရိုးလေးပဲတွေးလိုက်ပါ…
အချစ်ဆိုတာတကယ်တော့ အချစ်ပါပဲ…

အမြဲငတ်မွတ်မှုအောက်မှာ နေထိုင်နေခဲ့တဲ့ငါ
နှလုံးသားလက်သည် မင်းနဲ့ကြမှ
အမြဲမခုန်တတ်တဲ့ ငါ့နှလုံးသား အလန်းမရပ်တော့တဲ့
နာရီတစ်လုံးလို့ပဲ…..ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့
အချိန်ပြည့် ခုန်နေတော့တယ်။

ထုတ်ကုန်ရနံ့တွေကင်းတဲ့ နှင်းဆီဖက်လေးလို
နှုတ်ခမ်းနှစ်လွှာအောက်မှာ ငါ့ကို
ခဏတာ ကျရှုံးခွင့်ပြုပါ။

ချစ်သူ…..
ငါ့ခြေတွေ ရဲရင့်ဖို့အတွက် အသင့်ပြင်ထားပြီ
ဆိုင်ကယ်တောင် ဘီးနှစ်ဘီးလုံးတပြိုင်တည်း ရွေ့သေးတာပဲ
စိတ်ချပါ…. ငါ့ခြေလှမ်းတွေ နှစ်ဖက်လုံးလှမ်းမှာပါ
တဖက်တည်းလှမ်းရမယ်ဆို အဲ့ခြေလှမ်းတွေ
ငါဘယ်တော့မှမလှမ်းဘူး….။

ငါ့နှလုံးသားက စက်ပစ္စည်းမဟုတ်တဲ့အတွက်
သတိရခြင်းရက်စွဲတွေရက်ထက် အနည်းဆုံး
တစ်ရက်တော့ ပိုကြာရှည်ခံမှာပါ။

ဟိုး….မြောက်ရိုးစွန်းတစ်နေရာကနေ..
ဒီဘက်တောင်ရိုးစွန်းတဲ့အထိ တို့ခြေလှမ်းတွေ ခရီးနှင်ကြတာပေါ့
ခရီးဆုံးလို့ လာရာရိုးစွန်းပြန်ရောက်တဲ့အထိပေါ့….
မင်းမောပန်းလာတဲ့အခါကျရင်
ငါ့ကိုယ်ငါ ချွေးသုတ်တစ်ရှူးဘ၀အဖြစ်ခဏ နေပေးမယ်
ပြီးရင်တို့ အရှေ့ရိုးစွန်းကနေ အနောက်ရိုးစွန်းအထိ
ဆက်လျှောက်ကြတာပေါ့

တို့လယ်ကွင်းတွေကို ဖြတ်ကြမယ်
တို့ ကန်ပေါင်းများစွာကို ကျော်ကြမယ်
တို့ တံတားတွေကို လျှောက်ကြမယ်
တို့ ပင်လယ်ကဗွီးတွေကို ငေးကြမယ်
တို့ သစ်ပင်တွေကို စိုက်ပျိုးခဲ့ကြမယ်။

တစ်နေ့မင်း အဖွားကြီးဖြစ်တဲ့အခါ
တစ်ရက်ငါ အဘိုးကြီးဖြစ်တဲ့အခါ
တို့လျှောက်ခဲ့ဘူးတဲ့လမ်းတွေအတိုင်း
တို့စိုက်ပျိုးခဲ့တဲ့ သစ်ပင်တွေအောက်မှာ
ပီတိဖြစ်ရင်း သူငယ်ပြန်ကြမယ်။

မင်းအရင်သွားဖြစ်တဲ့အခါကျရင်
ငါ့ရင်ခွင်ထဲမှာ ပြုံးပြီးနှုတ်ဆက်ပါ
ပြီးရင် ဟိုမှာစောင့်ပါ။
တကယ်လို့ ငါအရင်သွားဖြစ်ခဲ့ရင်
မင်းလက်ဖမိုးလေးကိုကိုင် ပြုံးပြီးနှုတ်ဆက်မယ်
ပြီးရင် ဟိုမှာ ငါ စောင့် နေ မယ်….
မျက် ရည် တော့ မ ကျ ကြေး နော်……..
                                                  
(တစ်နေ့နေ့မှာ ရှိလာမယ့် ကြင်ရာဖက်အတွက် စိတ်ကူးယဉ်ပြီးရေးထားတာပါ)