Friday, January 13, 2012

ရောင်စုံ ကစားကွင်း

အထာမကျသေးတဲ့ သင်တန်းတစ်ခုမှာ
ငါ့ကို အရည်ပျော်တဲ့ ကြင်နာမှုနဲ့ လက်ညှိုးထိုးပါ။
ဒါပေမယ့် နွေးထွေးနေပါစေ။
အိမ်ပြေးတစ်ယောက်ရဲ့ ရင်ခုန်သံနဲ့အတူ
ကိုယ့်ကိုကိုယ် ထိုင်လိုက်ထလိုက် လုပ်ရတာမ၀သေးဘူး။
နောက်ဆုံးမိနစ်တွေမှာ မျက်လုံးတွေကို
မမှိတ်ပစ်လိုက်ပါနဲ့။
အချိန်တန်ဖြစ်လာမယ့် အရာအတွက်
အားအင်တွေကို နှမြောထားစမ်းပါ။
ဆိုဖာပေါ်က စာရွက်အပိုင်းစတွေကို
တိတ်နဲ့ပြန်ကပ်ပါ။
အလင်းရောင်ငတ်သူ တစ်ယောက်က
အဟောင်းတွေကိုလည်း စုဆောင်းတတ်ရမယ်။
ပြန်အသုံးချတတ်ရမယ်။
အမှောင်သား တစ်ယောက်အတွက်
အေးစက်ခြင်းက အကြိုက်ဆုံးတေးသွား တစ်ပုဒ်ပဲ။
သူကတော့ ဘာမှမရှိခြင်းမှာ အသားကျနေချင်တယ်။
အစိမ်းရောင်တိုင်း ရေလောင်းစရာမလိုဘူး။
ဒါပေမယ့် အလှသက်သက်အတွက်ပဲဆိုရင်တော့
လောင်းသင့်တဲ့အခါ ရေလောင်းပေးရမယ်။
ခြေလေးချောင်းတွေကို အထူးတလှယ်ရှာစရာမလိုပါဘူး
နံရံတွေပေါ်မှာတင်ရှိတယ်။
ဒါပေမယ့် ခြေနှစ်ချောင်းတွေကျတော့
အနားမှာ ဘယ်လောက်ပဲများနေပါစေ ရှာရခက်နေပြန်တယ်။
လေပေါ်ပျံချင်တဲ့လူတစ်ယောက်ဟာ
တားမြစ်မှုတွေကို ကျော်ဖြတ်ပစ်လိုက်တယ်….
အားလုံးကို မေ့ပစ်လိုက်တတ်တယ်။
သူ့ကိုယ်ပိုင်စိတ်ကူးယဉ်လေးနဲ့တင် ထိုင်လျက် ကြည်နူးလို့ပေါ့။
ပတ်ဝန်းကျင် ကစားနည်းတွေထဲက
စိတ်ဓါတ်စစ်ဆင်ရေးကစားနည်းကိုရင်ဆိုင်ရတဲ့အခါ
ဓါး၊ လှံ၊ လက်နက်တွေကို ထားခဲ့ပါ။
ငြိမ်းချမ်းရေးတစ်ခုတည်း ယူဆောင်သွားရင်ကိုဖြစ်ပါတယ်။
ကျိန်စာဆိုတာ ရှိချင်လည်းရှိမှာပေါ့လေ…..
ဒါပေမယ့် အထူးဆန်းဆုံးအရာဆိုတာတွေတောင်မှ
သဘာဝတရားကြီးလောက်မထူးဆန်းပါဘူး။
သဘာဝတရားကိုလည်း ချစ်တတ်ပါစေလေ။

ကျွန်တော့်ကို ကောင်မလေးတစ်ယောက်
ချစ်တတ်အောင်သင်ပေးသွားတယ်။
ကျွန်တော့်ဘက်က ဘာမှပြန်မသင်ပေးလိုက်ခင်မှာ
သူမ လက်တောင်ထောင်မပြသွားဘူး။
တဆက်တည်းမှာပဲ လူတစ်ယောက် အသဲကွဲအောင်လည်း
သူမက စွမ်းဆောင်လိုက်နိုင်သေးတယ်။
ပေးလိုက်တိုင်းပြန်မရသလို
ရသလောက်ပြန်မပေးလိုက်ရတာကပဲ အချစ်တဲ့လား။
ရောင်စုံကစားနည်းတွေနဲ့ လွှမ်းခြုံထားတဲ့
လောက ကောက်ကြောင်းတွေထဲက
အဖြူရောင် စီးခြင်းထိုးကွင်းကို ကျွန်တော်
လက်နက်တွေမပါပဲနဲ့ ရောက်ရောက်သွားတတ်တယ်။
တတ်ကြွစွာ ပြုတ်ကျဖို့အတွက်
ကိုယ့်ကိုကိုယ် လူငယ်ခြေကျတစ်ယောက်အဖြစ်
ဟန်ဆောင်ထားလိုက်သေးတယ်။
တစ်ခါတစ်ခါမှာ ဟားတိုက်စရာတော့ ကောင်းနေတယ်။
လောကအကြောင်းရေးရင်၊ ဘ၀အကြောင်းရေးရင်
ဒီချစ်ခြင်းက ခလုတ်လေးဝင်တိုက်လိုက်ရမှ
နို့….မို့ဆိုရင် ကျွန်တော်ဆိုတဲ့အကောင်က
ကိုယ့်စာကို သရော်မိတတ်လို့လေ။

မင်းနွေဦး

Sunday, January 8, 2012

ပျောက်ဆုံးနေသော

ခပ်စောစောပိုင်းက အေးမြခဲ့တဲ့
ခေါင်မိုးပေါ်က နှင်းစက်အချို့ဟာ
ခုထိအိပ်ရာမထကျသေးဘူး။
လင်းအာရုံမှာ ကျွန်တော် ငှက်ကလေးတွေရဲ့
အသံကို နားစွင့်ရင်း ကောင်းကင်ပေါ်မော့ကြည့်
မိန်းမတစ်ယောက်မျက်နှာကို ဘာမဆိုင်ညာမဆိုင်
ရူးမိုက်စွာ ပုံဖော်ခဲ့ဘူးတယ်။
တိမ်စိုင်တိမ်ခဲ အပိုင်းစတချို့က
တစ်နေ့တာ ရွေ့လျားဖို့အတွက် နေရာယူနေတုန်းပေါ့။
မကြည်မလင်မှုတွေနဲ့ နံနက်ခင်းကိုကြိုဆိုရင်း
အိပ်ရေးပျက်မှုတွေနဲ့ အိပ်ရာဝင်နေဆဲပါ။
နေ၀င်ချိန်တွေမှာ နိုးထခဲ့ရပြီး လူတွေ လူတွေ…..
ငေးဖြစ်နေကျတဲ့ နေမင်းကြီးကို ကျောခိုင်းနေခဲ့ရတာလည်း ကြာပြီ။
နေ့နဲ့ညမှားယွင်းနေပေမယ့် လူဆိုတာလူပါပဲ။
ဟုတ်ကဲ့ ကျွန်တော်လည်း ခြေထောက်နှစ်ချောင်းနဲ့ပါ
တစ်ချောင်းထဲဆို ကျွန်တော် လု ဖြစ်သွားမှာပေါ့။
ဒါပေမယ့် ဆုံးရှုံးနေဆဲဖြစ်တဲ့
သာယာတဲ့ နံနက်ခင်းတွေရယ်
သိပ်လှတဲ့ ညနေခင်းတွေရယ်ကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင်
သိပ်လှတဲ့ ကောင်မလေးတစ်ယောက်
အနားမှာ မလိုအပ်တော့ပါဘူး။
စကားလုံးတွေနဲ့ သီကုံးကြိုဆိုပြီး ဆည်းဆာနဲ့ရောင်ခြည်ကို
ဝင်သက်ထွက်သက်အဖြစ်နဲ့ တ၀ကြီးရှူပစ်လိုက်ချင်ရဲ့။

မင်းနွေဦး