Saturday, March 10, 2012

အနုပညာတ၀က်ရောတဲ့ နားလည်မှု

အချစ်နဲ့ပတ်သက်ရင်ပေါ့
ကျွန်တော်ဟာ စစ်တုရင်တွေကို မုန်းတီးခဲ့တယ်
ကလေးဘ၀ အဖေ့ဆီမှာ ပူဆာခဲ့တဲ့ ပွဲဈေးက မျက်နှာဖုံးတွေကို မုန်းတီးခဲ့တယ်
သို့တိုင်အောင် အချစ်နဲ့ပတ်သက်သူတိုင်းတော့ ကျွန်တော် မမုန်းမိခဲ့
အဲ့….ဒီ မိန်းကလေးကိုရော…….သူမက မုန်းဖို့မှမဟုတ်တာပဲဗျာ
ထားခဲ့ပေမယ့် ပါလာခဲ့တဲ့ “တချိန်” ဆိုတုန်းကပေါ့
ကျွန်တော်ပစ်လွှတ်လိုက်တဲ့ မြှားတစ်ချောင်းကို သူမသိမ်းထားချင်မှ သိမ်းထားမယ်
သူမပစ်လွှတ်လိုက်တဲ့ မြှားတွေတော့ ကျွန်တော်သိမ်းထားတယ်
ရင်ဘတ်မှာ စိုက်လျက်တန်းလန်းနဲ့မြှားတွေကို အနုပညာတစ်ခု ဆန်ဆန်အနေနဲ့
ရှုစားရတာဟာ ဘယ်လောက်အရသာရှိလိုက်သလည်းလို့ ကိုယ့်ကိုယ်ကို ပီတိဖြစ်ခဲ့တုန်းကပေါ့
မှန်ကန်တိကျလွန်းအားကြီးရင် ရသတစ်ချို့ဟာ ပျောက်ကွယ်သွားတတ်တယ်
အဲ့တော့ ကျွန်တော် ကိုးဆယ့်ကိုးလောက်ကိုပဲ ဖွင့်ဟခဲ့တယ်
တိကျလွန်းတဲ့ သူမတစ်ယောက် ဘာသာပြန်မှားနေတာကိုက
ကျွန်တော့်ဘက်က တစ်ချက်ကလေးမှားနေခဲ့တာပဲ။
အရာရာ အားလုံးအားလုံးဟာ ဖိတ်ကြားခြင်းမရှိဘဲ ရောက်ရောက်လာတယ်
အမိန့်ပေးခြင်းမရှိပဲ ပြန်ပြန်ထွက်သွားတယ်။
အဲ့လိုပဲ….ကျွန်တော်တို့ကြားထဲက နားလည်မှုဆိုတဲ့ကောင်
အမှတ်တရလေးတစ်ခုတောင်ချန်မသွားဘူး။
ဖြစ်ပြီးရင် ပျက်သွားတာမြန်လွန်းအားကြီးလို့
စကန့်တံတွေတောင် ကျွန်တော်နဲ့စိမ်းနေခဲ့တာကြာပါပြီ။
အရာရာတိုင်းက အနုပညာဆန်တယ်
အနုပညာတိုင်းမှာလည်း စကားလုံးတွေရှိနေနိုင်တယ်
တချို့စကားလုံးတွေကလည်း အသံမထွက်ပဲပြောရင် အနုပညာပိုဆန်တယ်
အဲ့လိုပဲ တကြွပ်ကြွပ်နဲ့နေကြာစေ့ဝါးနေတဲ့ သူမပုံစံကလည်း
အနုပညာဆန်နေပြန်ရော
သို့တိုင်အောင်…….ကျွန်တော်တို့ကြားကနားလည်မှုက အနုပညာမဆန်ခဲ့ဘူး
ကျွန်တော်ဆိုတဲ့ကောင်ကလည်း ကျွန်တော်ပါပဲ…..
အရာရာတိုင်းကို အနုပညာအမြင်နဲ့ပဲ ရှုမြင်တတ်ခဲ့တာကိုး
(တကယ်တော့ အရောင်းဝယ်တွေမပါတဲ့ အနုပညာပါ)
အဲ့တော့လည်း သူမကပြောလာပြန်တယ်
“ငါဟာ လွယ်လွယ်နဲ့တန်ဖိုးဖြတ်လို့ရတဲ့ ပန်းချီကားတစ်ချပ်မဟုတ်ဘူး” တဲ့
သူမအမြင်မှာ ကျွန်တော်ကပဲ သူ့ကို အနုပညာဆန်ဆန် အကဲခတ်ကြည့်မိနေလို့လား
အဲ့တစ်ချက်ကရော ဘယ်သူမှားနေခဲ့တာပါလိမ့်
သေချာတာကတော့ ကျွန်တော်တို့ကြားက နားလည်မှုဟာ အဲ့တုန်းက နာမကျန်းဖြစ်နေခဲ့တယ်ထင်တယ်
ကျွန်တော်ရှင်းပြမနေတော့ပါဘူး............
နားလည်နိုင်မှာမဟုတ်တော့တဲ့ ကဏ္ဍတစ်ခုကို အပင်ပန်းခံပြီး
ကျွန်တော်ဘယ်မိန်းမကိုမှ လိုက်ရှင်းမပြချင်တော့ပါ။
ကျွန်တော်ဟာ နောက်ဆုံးနာကျင်ရမယ့်လူဆိုတာ ကြိုသိနေခဲ့တယ်
ဒါပေမယ့် ဘယ်လိုပုံစံနဲ့ နာကျင်ရမလဲဆိုတာက ကျွန်တော့်ကိုရင်ခုန်စေတယ်
ကျွန်တော်ဘယ်လောက်ထိပြေးနိုင်မလည်း….တစ်ဖာလုံလား? နှစ်မိုင်လား? သုံးမိုင်လား?
တစ်နေရာရာမှာတော့ ကျွန်တော်ရပ်လိုက်ရမှာပဲ….သိနေတယ်။
ဒါပေမယ့်လည်း ဘယ်လိုပုံစံနဲ့လည်း…ချော်လည်းလို့လား၊ အမော့ဆို့လို့လား၊ အားအင်ကုန်ခန်းသွားလို့လား၊
အဲ့ဒီ အကြောင်းပြချက်လေးတွေက ကျွန်တော့်ကို ဆွဲဆောင်လွန်းအားကြီးတယ်။
အဲ့တော့ တစ်လှမ်းတည်းဆိုရင်လည်း ကျွန်တော်ကပြေးမယ့်ကောင်ပါ။
သူမကတော့ ပန်းတိုင်မရောက်ဘူးထင်ရင် ရှုံးမယ်ထင်ရင်
ဘယ်တော့မှ ပြေးမယ့်သူမဟုတ်ဘူး။
တစ်ခုလေးသူမမေ့နေခဲ့လိုက်တာက အရှုံးနိုင်တွေဆိုတာ ဒီနေရာမှာ အံမ၀င်ဘူးဆိုတာပဲ
အဲ့ဒါကိုက သူမနဲ့ကျွန်တော်ကြားကနားမလည်တဲ့ နားလည်မှုပေါ့။
သူမက မနက်ဖြန်တွေကိုတန်ဖိုးထားတယ်
ကျွန်တော်က မနက်ဖြန်တွေထပ် ခုနှစ်ယောက်အတူတူ
ထိုင်နေရတဲ့အချိန်တွေကို ပိုတန်ဖိုးထားတယ်
ကျွန်တော်က ထူးအိမ်သင်ရဲ့ စကားလုံးမရှိတဲ့ကောင်းကင် ကိုကြိုက်တယ်
သူမက Taylor Swift ရဲ့ Mine ကိုကြိုက်တယ်
ကျွန်တော်က premier 2 in 1 ကြိုက်တယ်
သူမက cappuccino ကြိုက်တယ်
ကျွန်တော်က စာဖတ်ရတာကို ကြိုက်တယ်
သူမက စကူခေါက်တိုင်းကစားရတာကို ကြိုက်တယ်
ဒါပေမယ့် ကျွန်တော်တို့အတူတူ
မနေ့ကရဲ့မနက်ဖြန်တွေတိုင်းမှာ ဝေါဟာရတွေကို အတူဖြုန်းတီးပစ်ကြပါတယ်
ရှိုးပွဲတွေတူတူ သွားကြည့်ကြပါတယ်
အတူတူ ကော်ဖီဆိုင်ထိုင်ကြပါတယ်
အတူတူစာရေးကိရိယာနဲ့စာအုပ်ငှားဆိုင်တွဲဖွင့်ထားတဲ့ ဆိုင်ကိုအမြဲဝင်ထွက်ဖြစ်ကြပါတယ်
ဒါပေမယ့် တစ်ခုခုက ကျွန်တော်တို့ကြားမှာ အမြဲလွဲလွဲနေတယ်။
ကျွန်တော်တို့နှစ်ယောက်စလုံးရှာဖွေကြပါတယ်…ကြိုးစားကြပါတယ်။
နားလည်မှုဆိုတဲ့ ရှားပါးအရင်းမြစ်ကိုပေါ့
ဒါပေမယ့် ရှာဖွေလေ ပိုမတွေ့လေပါပဲ။
ကျွန်တော်ပျောက်ဆုံးနေခဲ့တဲံ နားလည်မှုနဲ့အတူ
သူမဟာလည်း ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့ပါတယ်။
သိပ်မကြာသေးခင်ကမှ ကျွန်တော်သိခဲ့တဲ့ အဝေးဆုံးဆိုတာရဲ့ တစ်နေရာကိုပေါ့။
အချိန်တွေ ကြာမှန်းမသိ ကြာလာတဲ့အခါကြမှ နားလည်မှုရဲ့
မြစ်ဖျားကို ကျွန်တော်တွေ့မြင်ခဲ့ရတယ်။
တကယ်တော့ ကျွန်တော်ဟာ အနီးဆုံးက အရာကိုအနုပညာမဆန်တဲ့ မာနတစ်ချို့နဲ့ လိုက်ရှာနေခဲ့မိတာ
ကျွန်တော်တို့ မာနတွေဟာ အနုပညာမဆန်ဘူးဆိုတာ ကျွန်တော်တို့ မခံစားမိခဲ့လိုက်ကြဘူး
တကယ်တော့ နားလည်မှုဆိုတာ ပေးမှပေါ်လာတဲ့ အချိုဆုံးကြားခံနယ်လေးတစ်ခုပါ။
တန်ဖိုးဖြတ်လို့မရသေးတဲ့ အရာတွေထဲက တစ်ခုပေါ့ဗျာ
ဆက်လက်ရှာဖွေနေသရွေ့တော့ ပျောက်ခြင်းမလှပျောက်နေဦးတော့မှာပါပဲ ဆိုတဲ့အသိနဲ့
ကျွန်တော်ဟာ နောက်ကျမှန်းမသိနောက်ကျသွားခဲ့ရတယ်။ ။

မင်းနွေဦး

No comments:

Post a Comment