Friday, May 25, 2012

တိမ်တွေပေါ်မှာ ကြယ်ပန်းလေးတွေ ပွင့်နေတုန်းပဲ


ငါအထီးကျန်တဲ့အခါပိုပြီးအထီးကျန်ခြင်းနဲ့ ဖြေဖျောက်တယ်….
ခက်တာက….
ဒီတစ်ခါမင်းနဲ့ပတ်သတ်တဲ့ နာကျင်မှုကိုဖြေဖျောက်ဖို့… 
ဒီထက်နာကျင်မှုကို ငါကိုယ်တိုင်မဖန်တီးတတ်တာပဲ…..

မှတ်မိပါဦးမလား……ကင်းဗတ်စကလေးရေ....
ပိတောက်ပင်အောက်က ပြန့်ကျဲနေတဲ့ အ၀ါရောင်တိမ်တိုက်တွေကို
အတူတူ ရှုရှိုက်ကြတဲ့အခါ….လောကကြီးကို ခဏတဖြုတ်မေ့ထားကြတယ်…..
လောကဆိုတဲ့စကားလုံးနောက်မှာ အမြဲတွဲပါနေကျဖြစ်တဲ့ ချစ်ခြင်းဆိုတဲ့ 
ခေါင်းစဉ်လေးအောက်မှာ နှစ်ယောက်အတူ အသက်ရှုရတဲ့အခါ အရာအားလုံးက သင်းပျံနေမြဲ။

ငါသတိထားမိတဲ့အချိန်ကစလို့မင်းဟာ ဧရာဝတီဘက်ယိမ်းနွဲ့သွားလိုက်တာ
မင်းကမေခလား
ငါကမလိခလား......
တကယ်တော့ ငါဟာ အတိုက်စားခံလိုက်ရတဲ့ ကမ်းပါးအဖြစ် ဆိုတာ
ငါနောက်ကျမှသိလိုက်ရတယ်။

ထားလိုက်ပါ…. ဒါတွေက ငါစခဲ့တဲ့ ငါ့အဆုံးသတ်တွေပါ
မတားမြစ်ခဲ့တဲ့ အဏ္ဏ၀ါသွေးကြောပေါ်က ခပ်ရေးရေး အမျှင်စလေးတစ်မျှင်ကို
ငါစောစောစီးစီး ဘာလို့ စီးဆင်းမိလည်းဆိုတဲ့မေးခွန်းကို ငါကိုယ်တိုင်ထုတ်ခဲ့တာပါ။
ဖြေဆိုမယ့်သူကလည်း ငါတစ်ယောက်တည်းပါပဲ….

ကိုယ်တိုင်ထုတ်တဲ့ မေးခွန်းကို ငါ့မှာအဖြေမရလို့ answerpaper 
လေးကိုကိုင် ဘာတစ်လုံးမှ ချမရေးပဲ အခန်းလေးထဲကနေ 
အချိန်မပြည့်ခင်ထွက်လိုက်တဲ့အဖြစ်ပေါ့။ ဒါပေမယ့် ဘာမှချမရေးထားတဲ့ 
စာရွက်အဖြူတစ်ရွက်ဟာ အချစ်ရဲ့ အဖြေလို့မင်းကို
ရှုင်းပြခဲ့ရင် မင်းခံစားတတ်ပါ့မလား။

ငါဖြေဆိုခဲ့ပါတယ်။ ဘာကောက်ကြောင်းမှ မဆွဲပဲ နံရံမှာချိတ်ထားတဲ့ 
မှန်ဘောင်ထဲက အဖြူရောင်ဟာ ပန်းချီကားတစ်ချက်လို့ပြောရင် 
ဘယ်ပန်းချီဆရာက ဒါပန်းချီကားတစ်ချက်မှ မဟုတ်တာလို့ ရှုမြင်မလည်း။ 
မင်းကိုယ်တိုင်ရော …..

မင်းကိုယ်တိုင်ကတော့ အဖြူရောင်သက်သက်ပေါ်က အစင်းကြောင်းတွေ၊
ဒါမှမဟုတ် ကာလာတွေ၊ ကောက်ကြောင်းတွေကိုအလောတကြီး လိုက်ရှာမိမှာပါ။ 
ဒါကိုလည်းစွပ်စွဲမှုလို့မင်းသက်မှတ်နိုင်ပါတယ်။

အချစ်မှာ စာမေးပွဲရှိလား၊ ရှိခဲ့ရင်ရော အရောင်တစ်ခုခုနဲ့ချရေးပြစရာလိုလား၊
အဖြေကော ရှာပေးစရာလိုလား……..။

နှစ်ကိုယ်ကြားဆိုတာ လိပ်ပြာတွေလို ၀တ်ရည်စုပ်နေစရာမလိုပါဘူး။
ပန်းပွင့်တွေလိုလည်း တချိန်ကောင်းဟစ်ကြွေးပြီး ကြွေကျနေဖို့မလိုပါဘူး။

မာနတွေခေတ်စားခဲ့ပြီး အသိဥာဏ်တွေ အိပ်ပျော်နေခဲ့ရုံလေးပါ။
ဒါပေမယ့် အလွှာခြားဖို့အတွက် တော်တော်လေး လွယ်လွန်းသွားခဲ့တယ်။

အဖက်ဆယ်ဖို့အတွက်တောင်
တို့တွေကြားထဲမှာ ရေတွေလွှမ်းသွားခဲ့တာကြာပါပြီ။
နောက်ကျခဲ့ပြီးပါပြီ……အားလုံးက နောက်ကျပြီးမှရောက်ရောက်လာ
တတ်တာကိုက နောက်ကျလွန်းနေခဲ့တာ။
အဲ့ အသိဥာဏ်တချို့ တချိန်တုန်းက ဘယ်မှာ  သွားပိတ်မိနေပါလိမ့်။                          

ထားလိုက်ပါတော့……..
ထားခဲ့လိုက်ပါတော့……….
ထားပစ်ခဲ့လိုက်ပါတယ်……….
ကိုယ့်ဘက်က အမှားလို့ပဲ ငြိမ်းချမ်းရေးမှန်တစ်ဖက်ထောင်ပြီး 
ငါခ၀ါချထားပစ်ခဲ့လိုက်ပါတယ်။ အသင့်တော်ဆုံးနဲ့အလိုက်ဖက်ဆုံး
ဆိုတာ နောက်ကျခြင်းထက်ပို နောက်ကျတတ်တဲ့ အမြင်မှန်တွေနဲ့မှ 
အတူတူလိုက်လာတယ်။

အဲ့တော့ အရာအားလုံးရဲ့ ဆန့်ကျင်ဘက်မှာ မင်းရှိနေခဲ့တယ်ဆိုရင်
ငါဟာ ဆန့်ကျင်ပိုက်ကွန်တွေထဲမှာ ကိုယ့်ကိုကိုယ်ပြန်မျှားနေမိခဲ့တဲ့ 
သားကောင်တစ်ကောင်ပါ။

အထင်ကရ ဇာတ်လမ်းတွေကို မင်းအားကျခဲ့ဘူးပြီး၊ ဇာတ်ထုပ်တွေအတိုင်း 
ကိုယ်တိုင်ကချင်တဲ့ မင်းအတွက် ဇာတ်အိမ်တွေစုံတဲ့ နယ်မြုံတစ်ခုကို 
မင်းရောက်မှာပါလို့ ငါဆုတောင်းပေးရုံပေါ့။

ဒါပေမယ့် ဒါကဇာတ်လမ်းတစ်ခုမဟုတ်ဘူး၊ ၀တ္တုတစ်ပုဒ်မဟုတ်သလို
ကဗျာတစ်ပုဒ်လည်းမဟုတ်ခဲ့ဘူး။ အဖြစ်ပျက်တစ်ခုတိုင်းမှာ အင့်စီးဒင့်တစ်ခုလို့ပဲ
သတ်မှတ်လေ့ရှိတဲ့ငါ၊ အမာရွက်လေးတစ်ခု ကျန်သွားတာလောက်ပါ။

ဒါပေမယ့် အမာရွက်လေးမြင်တိုင်း သတိရတတ်တာကလွဲရင်ပေါ့ 
မနေ့ကထက်စာရင် ဒီနေ့ရာသီဥတုသာယာနေပါလိမ့်မယ်။ 
မိုးသားတွေလည်း အားရပါးရ ထစ်ချုန်းရွာခဲ့ပြီးလို့သာယာချင်နေရောပေါ့။

ငါ့ကိုယ်ငါ ဒီနေ့မနက်ခင်းလေးထဲမှာ စီးမျှောရင်း ခဏတာအပန်းဖြေဖျောက်လိုက်တော့မယ်
မနေ့က အမာရွက်ကလေးရေ။

အချိန်မတိုင်ခင် ကြွေခွင့်မရှိဘူးလို့ မသတ်မှတ်ထားပါဘူး။
အချိန်မတိုင်ခင် ကြွေခွင့်တော့ရှိပါတယ်
ဒါပေမယ့် အကြွေမလွယ်တဲ့ တစ်ပွင့်ဟာ
အုန်းမောင်းခေါက်သံကြားတိုင် ထထကြွေတတ်လွန်းတော့
ခပ်မာမာ နာကျည်းမိခဲ့ရုံလေးပါ။

အကြွေတစ်ပွင့်ကို လေလွင့်ခိုင်းဖို့ လေပြင်းလေးနဲနဲတော့ လိုမယ်ထင်တယ်။
ကိုယ့်ကိုကိုယ်လေလွင့်ပစ်ဖို့ ငါဟာ ခပ်စောစောကြွေတတ်တဲ့
ခရေကို အားကျမိခဲ့ဘူးတယ်။
ကိုယ်ကိုယ်တိုင်ကြွေကျတော့ ကောက်မယ့်သူဟာ ကိုယ်တိုင်ဖြစ်နေတာကလွဲရင်
အကြွေကောက်ဖို့ လက်တစ်စုံဟာ အလှမ်းဝေးလွန်းနေသေးတယ်။

မင်းဟာ ငါ့ရင်ထဲက ရိုက်လင်းတန်း တစ်စုံဖြစ်ခဲ့မယ်ဆိုရင်
ပြန်လင်းတန်းတွေကို သော့ခတ်ထားခွင့်ပြုပါ။


                                                                  မင်းနွေဦး

Tuesday, May 15, 2012

“ ဖြူ ”

အဲ့မနက်ခင်းက နေခြည်နုနုလေးတွေနဲ့အတူ
လေပြေလေအေးလေးတွေ တိုက်ခတ်မနေဘူး
အဲ့မနက်ခင်းမှာ ကျေးငှက်ကလေးတွေ သီချင်းမဆိုကြဘူး
အဲ့မနက်ခင်းက ကျွန်တော့်မှာ သောက်နေကျ
ဘလက်ကော်ဖီနဲ့ LM တလိပ်မရှိဘူး
အဲ့မနက်ခင်းမှာ ကျွန်တော် Bo Bice ရဲ့
The real thing နားထောင်မနေဘူး
အဲ့မနက်ခင်းက ဘာမှမထူးခြားတဲ့ သာမန်မနက်ခင်းတစ်ခုပါ
အဲ့မနက်ခင်းက ကဗျာမဆန်မနက်ခင်းတစ်ခုပေါ့
ဒါပေမယ့် အဲ့ကဗျာမဆန်တဲ့ မနက်ခင်းမှာ
ကဗျာဆန်တဲ့ ပန်းပွင့်လေးတစ်ပွင့်က
ကျွန်တော်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ဆင်းသက်လာတယ်
အဲ့ပန်းလေးက သူ့လက်မှာ
ပန်းပွင့်လေးတစ်ပွင့်ကိုကိုင်ထားတယ်
အဲ့ပန်းလေးက သူ့မျက်နှာမှာ
ပန်းပွင့်ကလေးတွေနဲ့ အပြုံးတွေချိတ်ဆွဲထားတယ်
အဲ့ပန်းလေးက ပန်းပွင့်ကလေးတွေနဲ့
သူ့ဆံနွယ်တွေကို ထုံသင်းထားစေတယ်
အဲ့ပန်းလေးကပဲ ကျွန်တော့်ဆီ
တစ်လှမ်းခြင်း….တစ်လှမ်းခြင်း ၀င်ရောက်လာတယ်
သူ့ခြေလှမ်းတိုင်းမှာလည်း ပန်းပွင့်ခြေရာလေးတွေထင်လို့
မနက်ခင်းက ကျွန်တော့်အသက်ရှုသံကို
ပန်းပွင့်လေးတွေလို တစ်ပွင့်ခြင်းဆီခြွေတယ်
ကျွန်တော့်ဆီမှာ ဘာမှရှိမနေတဲ့ အခိုက်တန့်မှာမှ
တိုးဝင်လာရဲတဲ့ ပန်းကလေးရဲ့ နာမည်က
“ ဖြူ ” တဲ့။

အဲ့ပန်းလေးကို ကျွန်တော် ဘယ်လို
 ကောင်းခြင်းစည်းစိမ်မျိုးနဲ့မှ မလဲနိုင်ပါ
အဲ့ပန်းလေးကို ကျွန်တော်ချစ်တယ်…….
အဲ့ပန်းလေးကလည်း ကျွန်တော့်ကိုချစ်တယ်……
အဲ့နေ့ကပဲ ကျွန်တော့်နှလုံးသားဟာ ပန်းအိုးတစ်လုံးဖြစ်သွားခဲ့တယ်။
( သတိ အဲ့ပန်းကလေးသာ စိုက်ပျိုးရန် )  

မင်းနွေဦး

Thursday, April 26, 2012

ဒီကဗျာမှာ စကားလုံးတွေမပါဘူး

တိမ်မည်းတွေ ခပ်အုပ်အုပ်ပွင့်တဲ့
နံနက်ခင်းတစ်ခုမှာ
အလွမ်းတစ်ခုနဲ့အတူ သူ့
မျက်လုံးတွေပွင့်ခဲ့တယ်

ဧပရယ်ကို အဆုံးသတ်ဖို့
ပိတောက်နဲ့ မိုးပြေးတွေတောင်
သွားနှင့်ကြပြီ....
ဒီနွေညရင်ခွင်မှာတော့
မပြီးသေးတဲ့ ကဗျာတစ်ပုဒ်ကရှိနေတယ်

ဒါပေမယ့် ဒီကဗျာ အစပျိုးကတည်းက
ဗိုင်းရပ်စ်တစ်ကောင်ကို
သူ့သွေးထဲမှာ ထည့်လာပြီးသား
ခုဆို ဒီကောင်က ဂျိုလ်ပေါက်လို့
မျိုးပွားရေးတောင်လုပ်နေပြီ

ဒီကောင်က စာမေးပွဲလည်းဖြေစရာမလိုဘူး
နိုင်နိုင်ရှုံးရှုံး ကြိုနေတဲ့ မိုးချိမ်းရာသီနဲ့အတူ
ဒီကောင်က အောင်ပွဲခံဖို့အသင့်
ခက်တာက ဒီကဗျာမှာ စကားလုံးတွေမပါဘူး
အထူးသဖြင့် အရယ်အမောတွေနဲ့ မခြယ်မှုန်းထားဘူး

အညတရထက် ပိုနွမ်းပါးတယ်
စကားလုံးတွေ ပိုရှားပါးတယ်
နောက်ဆုံးဘာမှန်းမသိပဲ အစပျိုးပြီး
ဘာမှန်းမသိပဲ ပုဒ်မချချသွားတတ်တဲ့ကောင်
ဒါပေမယ့် သူ့ကိုယ်သူတော့ သိနေတယ်
အဲ့ဒါ “ငါဘာကောင်လည်း” ......

အဲ့ဒီညနေကပေါ့ သူနဲ့ကျွန်တော်
သူကအမည်း ကျွန်တော်က အဖြူ
အမည်းကွက်တွေပြောင်းလိုက်
အဖြူကွက်တွေ ရွှေ့လိုက်နဲ့
သူကတိုက်စစ်ကို လှလှပပဖွင့်တတ်တယ်
ကျွန်တော်ကတော့ ခုခံကာကွယ်ရတာကို နှစ်သက်တယ်

အဲ့ဒီညနေတိုင်းပေါ့ သူနဲ့ကျွန်တော်
စစ်တုရင် ပြိုင်ထိုးကြတာ
အဲ့ဒီကောင်လေ.......အဲ့ဒီကောင်ပေါ့
“နာကျင်ခြင်းဆိုတဲ့ကောင်”.....။ ။

                                   မင်းနွေဦး

Saturday, March 17, 2012

အိမ်ပြန်ချိန်

အိမ်ပြန်ချိန်ဆို
ငါ့ရင်ထဲက တယောတစ်လက်က
သီချင်းထထဆိုတတ်နေတုန်း

ချောက်ကမ်းပါးပေါ်ထိ ငါတို့
အတူတူ ပြိုင်တတ်ခဲ့ကြသလိုပဲ
အတူတူ ပြိုင်ခုန်ချခဲ့ကြတယ်

အမြင့်ရောက်တဲ့ငါက
နောက်မှ ကျခဲ့သလိုပဲ
အကျနာတော့လည်း ငါကပိုခဲ့တယ်

အဝေးဆုံးတစ်နေရာကို ငါတို့
ရွာရိုးကိုးပေါက်လျှောက်ကြဖို့ ကြံစီခဲ့တယ်
ကိုယ့်ဖိနပ်တောင်ကိုယ်တောင် မသယ်နိုင်တော့တဲ့
လက်တွေ့တွေကိုယ်စီပိုက်ရင်းနဲ့....။

ခေတ်ဆန်တဲ့ နှလုံးသားတစ်စုံကို
သဂြိုလ်ပစ်လိုက်တဲ့ အဲ့လ တစ်လလုံး
သင်္ချိုင်းစောင့်လက်ထဲက မီးအိမ်ငြိမ်းသွားတဲ့အထိ
ငါဟာမမှိတ်မသုန် မလှုပ်မယှက်နဲ့ အေးစက်ခဲ့ဘူးတယ်

လောင်ကျွမ်းခဲ့ပေမယ့် ပြာမကျခဲ့တဲ့
အဲ့သမိုင်းမိုင်တိုင်တစ်ခုဟာ
နောင်လည်း မှတ်ကျောက်တင်နေဦးမယ့်
အကြွေမွှေးတဲ့ ပန်းတစ်ခက်ပါ

ခုလည်း ပန်းစီးလေးကိုချ
ငါ့အိမ်ပြန်ချိန် အရင်လိုပဲ
ရင်ထဲကတယောတစ်လက်ဟာ
သီချင်းတွေဆိုနေတုန်းပဲ။ ။

မင်းနွေဦး

(ကျောင်းတုန်းက ကျွန်တော်တို့ကိုထားသွားခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို ရည်ရွယ်ပါသည်)

Saturday, March 10, 2012

မနက်ဖြန်မှာပွင့်မယ့် တစ်

အဆိပ်သင့်လေညင်းလေးတွေကို
တညွန့်ညွန့်ခူးစားဖို့
ဆူးခက်ကလေးတွေတောင် နောက်ဆုတ်သွားကြပြီ

အနီရောင်တွေရဲရဲကြီးစွန်းဖို့မလိုတော့ဘူး
ချွေးတဆို့ပေါ်မှာ တစ်ယောက်တစ်ဖက်စီ
ထပ်တူကျဖို့ သက်ပြင်းမျှင်မျှင်ကလေး
တစ်ချက်လောက်ပဲ ခိုးချပေးပါလား

မဖြစ်မနေလေစိမ်းတွေတိုက်ရမယ်ဆိုရင်တောင်
အဖူးအငုံတွေအကြွေခံလို့မဖြစ်ဘူး
မနက်ဖြန်ဆိုရင်ပဲ ပန်းတွေလှိုင်တော့မှာ

မသဲမကွဲပဲကျန်တော့တဲ့ မြင်ကွင်းထဲက "တစ်"ဆီသို့
အချပ်လိုက်မပွင့်တဲ့ ပန်းတွေကို
နှင်းဆီရနံ့တွေဆိုး ကုန်းပိုးပြီး
နောက်ဆုံးခြေလှမ်းတွေထိ ရောင်ခြည်တွေဖြာရအောင်

ကြွေကျနေတဲ့ အိမ်မက်တချို့ကိုလိုက်ကောက်
ဖုန်တတ်နေတဲ့ မျှော်လင့်ချက်တချို့ကိုပြန်ဆေးကြော
မနက်ဖြန်ဆိုတဲ့ ပန်းပွင့်ခဲ့ရင်
ပစ္စုပ္ပန်လက်နှစ်ဖက်နဲ့ အနာဂတ်ဆိုတာကို
စာလုံးအကြီးကြီး ပေါင်းပစ်လိုက်မယ်။ ။

မင်းနွေဦး

အနုပညာတ၀က်ရောတဲ့ နားလည်မှု

အချစ်နဲ့ပတ်သက်ရင်ပေါ့
ကျွန်တော်ဟာ စစ်တုရင်တွေကို မုန်းတီးခဲ့တယ်
ကလေးဘ၀ အဖေ့ဆီမှာ ပူဆာခဲ့တဲ့ ပွဲဈေးက မျက်နှာဖုံးတွေကို မုန်းတီးခဲ့တယ်
သို့တိုင်အောင် အချစ်နဲ့ပတ်သက်သူတိုင်းတော့ ကျွန်တော် မမုန်းမိခဲ့
အဲ့….ဒီ မိန်းကလေးကိုရော…….သူမက မုန်းဖို့မှမဟုတ်တာပဲဗျာ
ထားခဲ့ပေမယ့် ပါလာခဲ့တဲ့ “တချိန်” ဆိုတုန်းကပေါ့
ကျွန်တော်ပစ်လွှတ်လိုက်တဲ့ မြှားတစ်ချောင်းကို သူမသိမ်းထားချင်မှ သိမ်းထားမယ်
သူမပစ်လွှတ်လိုက်တဲ့ မြှားတွေတော့ ကျွန်တော်သိမ်းထားတယ်
ရင်ဘတ်မှာ စိုက်လျက်တန်းလန်းနဲ့မြှားတွေကို အနုပညာတစ်ခု ဆန်ဆန်အနေနဲ့
ရှုစားရတာဟာ ဘယ်လောက်အရသာရှိလိုက်သလည်းလို့ ကိုယ့်ကိုယ်ကို ပီတိဖြစ်ခဲ့တုန်းကပေါ့
မှန်ကန်တိကျလွန်းအားကြီးရင် ရသတစ်ချို့ဟာ ပျောက်ကွယ်သွားတတ်တယ်
အဲ့တော့ ကျွန်တော် ကိုးဆယ့်ကိုးလောက်ကိုပဲ ဖွင့်ဟခဲ့တယ်
တိကျလွန်းတဲ့ သူမတစ်ယောက် ဘာသာပြန်မှားနေတာကိုက
ကျွန်တော့်ဘက်က တစ်ချက်ကလေးမှားနေခဲ့တာပဲ။
အရာရာ အားလုံးအားလုံးဟာ ဖိတ်ကြားခြင်းမရှိဘဲ ရောက်ရောက်လာတယ်
အမိန့်ပေးခြင်းမရှိပဲ ပြန်ပြန်ထွက်သွားတယ်။
အဲ့လိုပဲ….ကျွန်တော်တို့ကြားထဲက နားလည်မှုဆိုတဲ့ကောင်
အမှတ်တရလေးတစ်ခုတောင်ချန်မသွားဘူး။
ဖြစ်ပြီးရင် ပျက်သွားတာမြန်လွန်းအားကြီးလို့
စကန့်တံတွေတောင် ကျွန်တော်နဲ့စိမ်းနေခဲ့တာကြာပါပြီ။
အရာရာတိုင်းက အနုပညာဆန်တယ်
အနုပညာတိုင်းမှာလည်း စကားလုံးတွေရှိနေနိုင်တယ်
တချို့စကားလုံးတွေကလည်း အသံမထွက်ပဲပြောရင် အနုပညာပိုဆန်တယ်
အဲ့လိုပဲ တကြွပ်ကြွပ်နဲ့နေကြာစေ့ဝါးနေတဲ့ သူမပုံစံကလည်း
အနုပညာဆန်နေပြန်ရော
သို့တိုင်အောင်…….ကျွန်တော်တို့ကြားကနားလည်မှုက အနုပညာမဆန်ခဲ့ဘူး
ကျွန်တော်ဆိုတဲ့ကောင်ကလည်း ကျွန်တော်ပါပဲ…..
အရာရာတိုင်းကို အနုပညာအမြင်နဲ့ပဲ ရှုမြင်တတ်ခဲ့တာကိုး
(တကယ်တော့ အရောင်းဝယ်တွေမပါတဲ့ အနုပညာပါ)
အဲ့တော့လည်း သူမကပြောလာပြန်တယ်
“ငါဟာ လွယ်လွယ်နဲ့တန်ဖိုးဖြတ်လို့ရတဲ့ ပန်းချီကားတစ်ချပ်မဟုတ်ဘူး” တဲ့
သူမအမြင်မှာ ကျွန်တော်ကပဲ သူ့ကို အနုပညာဆန်ဆန် အကဲခတ်ကြည့်မိနေလို့လား
အဲ့တစ်ချက်ကရော ဘယ်သူမှားနေခဲ့တာပါလိမ့်
သေချာတာကတော့ ကျွန်တော်တို့ကြားက နားလည်မှုဟာ အဲ့တုန်းက နာမကျန်းဖြစ်နေခဲ့တယ်ထင်တယ်
ကျွန်တော်ရှင်းပြမနေတော့ပါဘူး............
နားလည်နိုင်မှာမဟုတ်တော့တဲ့ ကဏ္ဍတစ်ခုကို အပင်ပန်းခံပြီး
ကျွန်တော်ဘယ်မိန်းမကိုမှ လိုက်ရှင်းမပြချင်တော့ပါ။
ကျွန်တော်ဟာ နောက်ဆုံးနာကျင်ရမယ့်လူဆိုတာ ကြိုသိနေခဲ့တယ်
ဒါပေမယ့် ဘယ်လိုပုံစံနဲ့ နာကျင်ရမလဲဆိုတာက ကျွန်တော့်ကိုရင်ခုန်စေတယ်
ကျွန်တော်ဘယ်လောက်ထိပြေးနိုင်မလည်း….တစ်ဖာလုံလား? နှစ်မိုင်လား? သုံးမိုင်လား?
တစ်နေရာရာမှာတော့ ကျွန်တော်ရပ်လိုက်ရမှာပဲ….သိနေတယ်။
ဒါပေမယ့်လည်း ဘယ်လိုပုံစံနဲ့လည်း…ချော်လည်းလို့လား၊ အမော့ဆို့လို့လား၊ အားအင်ကုန်ခန်းသွားလို့လား၊
အဲ့ဒီ အကြောင်းပြချက်လေးတွေက ကျွန်တော့်ကို ဆွဲဆောင်လွန်းအားကြီးတယ်။
အဲ့တော့ တစ်လှမ်းတည်းဆိုရင်လည်း ကျွန်တော်ကပြေးမယ့်ကောင်ပါ။
သူမကတော့ ပန်းတိုင်မရောက်ဘူးထင်ရင် ရှုံးမယ်ထင်ရင်
ဘယ်တော့မှ ပြေးမယ့်သူမဟုတ်ဘူး။
တစ်ခုလေးသူမမေ့နေခဲ့လိုက်တာက အရှုံးနိုင်တွေဆိုတာ ဒီနေရာမှာ အံမ၀င်ဘူးဆိုတာပဲ
အဲ့ဒါကိုက သူမနဲ့ကျွန်တော်ကြားကနားမလည်တဲ့ နားလည်မှုပေါ့။
သူမက မနက်ဖြန်တွေကိုတန်ဖိုးထားတယ်
ကျွန်တော်က မနက်ဖြန်တွေထပ် ခုနှစ်ယောက်အတူတူ
ထိုင်နေရတဲ့အချိန်တွေကို ပိုတန်ဖိုးထားတယ်
ကျွန်တော်က ထူးအိမ်သင်ရဲ့ စကားလုံးမရှိတဲ့ကောင်းကင် ကိုကြိုက်တယ်
သူမက Taylor Swift ရဲ့ Mine ကိုကြိုက်တယ်
ကျွန်တော်က premier 2 in 1 ကြိုက်တယ်
သူမက cappuccino ကြိုက်တယ်
ကျွန်တော်က စာဖတ်ရတာကို ကြိုက်တယ်
သူမက စကူခေါက်တိုင်းကစားရတာကို ကြိုက်တယ်
ဒါပေမယ့် ကျွန်တော်တို့အတူတူ
မနေ့ကရဲ့မနက်ဖြန်တွေတိုင်းမှာ ဝေါဟာရတွေကို အတူဖြုန်းတီးပစ်ကြပါတယ်
ရှိုးပွဲတွေတူတူ သွားကြည့်ကြပါတယ်
အတူတူ ကော်ဖီဆိုင်ထိုင်ကြပါတယ်
အတူတူစာရေးကိရိယာနဲ့စာအုပ်ငှားဆိုင်တွဲဖွင့်ထားတဲ့ ဆိုင်ကိုအမြဲဝင်ထွက်ဖြစ်ကြပါတယ်
ဒါပေမယ့် တစ်ခုခုက ကျွန်တော်တို့ကြားမှာ အမြဲလွဲလွဲနေတယ်။
ကျွန်တော်တို့နှစ်ယောက်စလုံးရှာဖွေကြပါတယ်…ကြိုးစားကြပါတယ်။
နားလည်မှုဆိုတဲ့ ရှားပါးအရင်းမြစ်ကိုပေါ့
ဒါပေမယ့် ရှာဖွေလေ ပိုမတွေ့လေပါပဲ။
ကျွန်တော်ပျောက်ဆုံးနေခဲ့တဲံ နားလည်မှုနဲ့အတူ
သူမဟာလည်း ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့ပါတယ်။
သိပ်မကြာသေးခင်ကမှ ကျွန်တော်သိခဲ့တဲ့ အဝေးဆုံးဆိုတာရဲ့ တစ်နေရာကိုပေါ့။
အချိန်တွေ ကြာမှန်းမသိ ကြာလာတဲ့အခါကြမှ နားလည်မှုရဲ့
မြစ်ဖျားကို ကျွန်တော်တွေ့မြင်ခဲ့ရတယ်။
တကယ်တော့ ကျွန်တော်ဟာ အနီးဆုံးက အရာကိုအနုပညာမဆန်တဲ့ မာနတစ်ချို့နဲ့ လိုက်ရှာနေခဲ့မိတာ
ကျွန်တော်တို့ မာနတွေဟာ အနုပညာမဆန်ဘူးဆိုတာ ကျွန်တော်တို့ မခံစားမိခဲ့လိုက်ကြဘူး
တကယ်တော့ နားလည်မှုဆိုတာ ပေးမှပေါ်လာတဲ့ အချိုဆုံးကြားခံနယ်လေးတစ်ခုပါ။
တန်ဖိုးဖြတ်လို့မရသေးတဲ့ အရာတွေထဲက တစ်ခုပေါ့ဗျာ
ဆက်လက်ရှာဖွေနေသရွေ့တော့ ပျောက်ခြင်းမလှပျောက်နေဦးတော့မှာပါပဲ ဆိုတဲ့အသိနဲ့
ကျွန်တော်ဟာ နောက်ကျမှန်းမသိနောက်ကျသွားခဲ့ရတယ်။ ။

မင်းနွေဦး

နှစ်တစ်နှစ်ရဲ့ အဖြေ

မနှစ်တုန်းက ကောင်မလေးတစ်ယောက်ကပြောဖူးတယ်။
“သိပ်ချစ်တတ်တဲ့ယောကျာ်းတစ်ယောက်ကို ရည်းစားမလုပ်ချင်ဘူး” တဲ့

ဘာဖြစ်လို့လဲဆိုတော့…..
“သူချစ်သလို ကိုယ်ကပြန်ချစ်နေရမှာ စိုးလို့” တဲ့

ဒီနှစ် နှစ်ဦးပိုင်းမှာ သူမနဲ့ကျွန်တော်….
အတူတူ သွားတယ်၊ အတူတူလာတယ်၊ အတူတူစားတယ်

သူမနဲ့ပဲကျွန်တော် အကွာဝေးပေါင်းများစွာထိ ဆိုင်ကယ်စီးရင်း အတူတူအသက်ရှူကြတယ်
အရာရာတိုင်းက ကျွန်တော်တို့ကြားမှာ ကောင်းကင်ပြင်ကြီးလို ဟာလာဟင်းလင်းနဲ့ လှပလို့ပေါ့

အဲ့ဒီနေ့မှာပဲ ကျွန်တော့်ဘက်က ယောကျာ်းဘာသာစကားနဲ့
သူမကို မိန်းမတစ်ယောက်အမြင်နဲ့ပဲ ရည်းစားစကားပြောခဲ့တယ်

ဒီနှစ်ထဲမှာတော့ ဒီကောင်မလေးကပြောတယ်
“ငါ့အတွက် ရည်းစားဆိုတာ ရှာရလွယ်တယ်၊ ငါ့ကိုကြိုက်တဲ့ကောင်လေးတစ်ယောက်ယောက်ကိုပဲ ရှာပြီး
ရည်းစားလုပ်ပစ်လိုက်လို့ရတယ်၊ ဒါပေမယ့် နင့်လိုသူငယ်ချင်းကောင်းတစ်ယောက် နောက်ထပ် ထပ်ရဖို့ဆိုတာ
မသေချာဘူး၊ လွယ်လည်း မလွယ်ဘူး၊ ငါတို့သူငယ်ချင်းလိုပဲ လွတ်လွတ်လပ်လပ်နေချင်တယ်ဟာ၊
နင့်ဘက်က ဖြစ်တယ်မလား” တဲ့…………..

ဟုတ်ကဲ့…..ကျွန်တော်ခေါင်းညိတ်လိုက်တယ်
ဒီ့ထပ်ပိုပြီး ဘာများတတ်နိုင်ဦးမှာမို့လို့လဲ………….

တဆက်တည်းမှာပဲ သူမဘက်က ငြင်းပယ်လိုက်တာမဟုတ်တဲ့အကြောင်း
ကျွန်တော်ချစ်တဲ့မိန်းမတစ်ယောက်က ရည်းစားမထားတော့မယ့်အကြောင်း
အဲ့ဒီ သူငယ်ချင်းကောင်း ကောင်မလေးဟာ အိမ်ထောင်မပြုတော့မယ့်အကြောင်းကို
တစ်ခါတည်း အတိအလင်းကြေညာခဲ့သေးတယ်။

ဟား……ဟား……..
အဲ့ဒီညနေကပဲ ကျွန်တော် ကျွန်တော့်နှလုံးသားကို ပထမဦးဆုံးအကြိမ်အဖြစ် ခြောက်ကပ်ကပ် ဟားတိုက်ပစ်လိုက်တယ်။
ပြသဒါးစော်နံနေတဲ့ ၁၄ ဂဏန်းကို ပြက္ခဒိန်ပေါ်ကနေ အပြီးပိုင်ဆွဲဆုပ်ပစ်လိုက်တယ်။

နှစ်တစ်နှစ်ရဲ့အဖြေဟာ စောင့်စရာမလိုခဲ့သည်တိုင်အောင် တူညီနေခဲ့တယ်။
ရင်ခုန်စရာအကြောင်းပြချက်ကလွဲရင် အဖြေဟာ ထိုင်စောင့်စရာမလိုအောင် တိကျနေခဲ့တယ်။

အဲ့လိုနဲ့ပဲ ကျွန်တော်ဆိုတဲ့ ကောင်
သူငယ်ချင်းကောင်းတွေတော့ တိုးလာခဲ့ပါရဲ့……..။

မင်းနွေဦး