Monday, February 28, 2011

အလွမ်းနယ်ပယ်

ငါဆိုတဲ့ကောင်ပေါ့
စိတ်ကူးတွေနဲ့ ခိုးခိုးနမ်းရလွန်းလို့
ငါ့စိတ်ကူးတွေမှာလဲ မိတ္တူရာတွေထပ်နေပါပြီ။

ပစ်စလက်ခက်အိမ်မက်တွေထဲမှာ
ပြန်ရှာဖွေရင်တောင် မင်းရဲ့မသိုးသေးတဲ့
ရနံ့လေးတွေကို ပြန်ရတယ်
အဲ့ဒါ ငါ့အိမ်မက်အတွက် ညစာ။

ကတိကို ငါမတောင်းဘူး
သစ္စာကို ငါမဆိုဘူး
ယုံပါလို့ ငါမပြောဘူး
အေး...ငါဖွင့်ပြနေခဲ့တာ
မုသားနဲ့ ရန်ဖြစ်ထားတဲ့စကားလုံးတွေ။

စကားလုံးအဟောင်းဆိုင်မှာ
ငါထားခဲ့တဲ့ စကားလုံးတွေ
နင်ပြန်ဖတ်ကြည့်စမ်းပါ
အဲ့ပေါ်က ငါ့ရင်ခုန်သံတွေ
ဒိတ်မအောက်သေးဘူး။

အလှမ်း ဆိုတဲ့မှတ်တိုင်ကျော်ခဲ့ပြီးနောက်ပိုင်း
ငါ့ဘက်စ်ကားပေါ်က အပြုံးခရီးသည်တွေ
တစ်ယောက်ပြီးတစ်ယောက် ဆင်းကုန်ပြီ
အလွမ်းကုန်ပစ္စည်းတွေပဲ တင်တင်လာကြတယ်။

ကုန်ဈေးနှုန်းတွေ တက်နေတဲ့ခေတ်ကြီးထဲမှာ
ငါ့ကုန်ပစ္စည်းတွေကို အထူးလျှော့ဈေးနဲ့
ပရိုမိုးရှင်း ပေးနေတာတောင်
ဘယ်သူမှလက်မတို့တဲ့ အရောင်းဆိုင်လေးပေါ့။

သတိလက်လွတ်ဖြစ်တဲ့အခါ
အရက်ပုံးကို သွားတိုက်မိသေးတယ်
ငါဟာ ကားမောင်းမကျွမ်းကျင်သေးတဲ့
မိစ္ဆာတစ်ကောင်။

နောက်ဆုံးတော့ အလွမ်းတွေကိုပဲ
ငါ့နှလုံးသား ခြံတံခါးဝမှာ
ဆိုင်းဘုတ်အဖြစ် ချိတ်ထားလိုက်တော့တယ်။  ။

မိုးချုပ်မှနေထွက်တဲ့ ဇာတ်ညွန်း

မျက်ဝန်းရဲ့ထောင့်တနေရာက မီးနီပြတယ်
ကျွန်တော့်မေတ္တာလိုင်စင် ဒဏ်ဆောင်လိုက်ရတယ်
လမ်းကြောင့်ပေါ်ကျွမ်းကျင် ရိုးအပါရက်နဲ့
လမ်းဘေးချ၊ နောက်ကားကျော်တက်၊
မီးစိမ်းပြ၊ နေရာရသွားတဲ့အဖြစ်
တကယ်ဆိုတာထွက်လာကတည်းက
ဘယ်ယှဉ်ပြိုင်မှုမှမပါခဲ့တဲ့ သီးသန့်မောင်းနှင်မှုပါ
ခြေဗလာနဲ့ နောက်ကြောင်းပြန်လျှောက်
အိမ်ရောက်မှ အ၀မော့ပစ်လိုက်တာ
သူမရဲ့ရနံ့တွေပါ..............။

နာဂစ်ကိုးကွယ်သူမှ သာယာခြင်းတွေ
သွားတောင်းခံခဲ့တဲ့ ဒီကောင်ငမူး
သိရက်နဲ့စားပြီးမှ
ဝမ်းပိတ်ဆေးဆောင်လိုက်ရတဲ့
ကျွန်တော့်ကဗျာများ

ဆုံတွေ့ခြင်းကိုသူမက
ရှာလကာရည်လောင်းနေချိန်မှာ
ကျွန်တော်ကသကြားနဲ့ရော
မော့နေခဲ့မိတယ် .....။

တိုက်ခတ်ခြင်းလေးရေ
သာယာမှုကိုတိမ်မည်းတွေဆောင်းပြီး
မိုးရည်ထဲမှာငါ ဂစ်တာတီးနေလေရဲ့
တကယ်တော့ အချစ်ဆိုတာ မင်းနဲ့ငါကြားမှာ
မစားသင့်တော့တဲ့အစားစာပါ။

နောက်ဆုံးအကြိမ် ဓါတ်ပုံလေးထုတ်ကြည့်ကမှ
ဂျိမ်းခနဲ ဖူးစာဇာတ်ညွန်းသည်က ချိမ်းပြတယ်
သြော်....ငါဟာသီချင်းဆုံးသွားမှ
ခေါင်းစဉ်ဟာ ရှုံးနိမ့်ခြင်းဆိုတာ သိခဲ့ရပါလား။

Sunday, February 27, 2011

သူငယ်ချင်းများစွာအတွက်

လောကကြီးရဲ့
သဘောသဘာဝအတိုင်း
ကြိုတင်ကြံစည်မှုမပါ
တို့တွေ တွေ့ဆုံခဲ့ကြပြီပေါ့
ကောင်မလေးရေ....
သူငယ်ချင်းဆိုပေမယ့်
အဲ့ Nick name လေးကို
ငါအမြဲအမှတ်ရနေပါရစေကွာ။
ဖြစ်နိုင်ရင် အဲ့သက္ကရာဇ်
နှစ်ဆယ်ဆိုတာကို မင်းမေ့မသွားခဲ့ရင်
ငါကျေနပ်မိမယ် ထင်ပါရဲ့ ...။
မင်းမြင်တွေ့နိုင်မယ်ဆိုရင်
တို့နှစ်ယောက်ရင်ဘတ်ထဲက
၅၂၈ ဆိုတာ ....
ဂုဏ်ရမက်တွေမပါတဲ့
အဖြူရောင်လေးဖြစ်နေခဲ့ရင်
သိပ်ကောင်းမယ်ကောင်မလေးရယ်
အဲ့ဒီလိုဆိုရင် တို့နှစ်ယောက်ရဲ့
အဖြူရောင်မှတ်တမ်းမှာ
မင်းက ၅၀၀ အဖြစ်
ငါက ၂၈ အဖြစ်နဲ့
နှစ်ဦးသဘောတူ
လက်မှတ်ရေးထိုးကြရအောင်လား။
ကဲ .......
အစိမ်းရောင်ကောင်မလေးရေ
မင်းမြင်နိုင်အောင်
ငါ့ကောင်းကင်ယံမှာ
Welcome ဆိုတာကို
မိုးတိမ်အဖြစ်နဲ့ ချိတ်ဆွဲထားပေးမယ်လေ။
ဘယ်လိုလဲ ...... ?
ကျေနပ်နိုင်မလား....။

(သူငယ်ချင်းတွေအားလုံးအတွက်ပါ)

ဇာတ်သိမ်းခန်း

မသေချာခြင်းရဲ့နောက်ကွယ်က
နေ့စွဲတစ်ခုက မျှော်လင့်ချက်တွေကို
တူးဖော်သွားခဲ့တယ် ......။

ရီဝေဆဲအသိဥာဏ်တို့က
မျိုချလိုက်တဲ့ အရည်နောက်သာ
တကောက်ကောက်လိုက်လို့။

အများသောက်ရေကုသိုလ်ဆိုတဲ့
ဆိုင်းဘုတ်က ငါ့ကိုတားမြစ်ထားတယ်
အခုတော့ အဲ့ချောင်တစ်ချောင်က
ရေအိုးစဉ်အဖုံးနဲ့ခွက်တွေက
ငါ့ကိုမျက်ရည်ဝဲပြနေရုံ။

အချိန်တန်အိမ်ပြန်နောက်ကျဆဲနောက်မှာ
ခြေသံတွေ ..... အသက်ရှူသံတွေ
ဂျိမ်းခနဲ တံခါးပိတ်သံနောက်က
ညည်းသံတစ်ခုရဲ့ ရနံ့ကိုပဲ
ရှူရှိုက်မိတာလား ......။

မွန်းကျပ်မှုနဲ့နိုးထပြီး
ဝိဥာဉ်ရဲ့အစာငတ်သီချင်း
လိုက်ဆိုဖြစ်တဲ့ ခဏ
စွတ်စိုမှုနဲ့နိုးထတော့
မြင်လိုက်ရတဲ့ အဲ့ဒီနှုတ်ခမ်း

တော်လောက်ပါပြီ
ဖျားယောင်းမှုတွေရယ်
လွင်ပြင်ဟောင်းကိုခ၀ါချ
လွင်ပြင်သစ်ရဲ့တံခါးတစ်ဖက်မှာပဲ
ငါ .... တိုးတိုးလေးငိုမယ်
အကျယ်လောင်ဆုံးရယ်မယ်။ ။

(ဒီနေရာနောက်ဆုံးအပိုဒ်မှာ ဆရာဝေမှူးသွင်ရဲ့စာသားနဲ့ ခပ်ဆင်ဆင်ပါ အဲ့စာသားကိုကြိုက်လို့ပါ ဆရာဝေမှူးသွင်များဖတ်မိခဲ့ရင် စိတ်မရှိပါနဲ့ ကျွန်တော်သိပ်ကြိုက်လို့ပါ)

အရှုံး

တဖြေးဖြေးဝေးကွာသွားတဲ့
လေညင်းနောက်က အိမ်မက်အတိုစတွေကို
ပြန်လိုက်ကောက်မိတော့....
ဆုံးရှုံးမှုကပိုပြီပြင်လာတယ်။

ပရိယာယ်သုံးပြီးငြင်းဆိုလိုက်တဲ့
စကားလုံးနောက်က နှလုံးသားက
ကွဲကြွေလွယ်တဲ့ ကြွေရုပ်ဖြစ်သွားတယ်။

ပြီးပြည့်စုံခြင်းကို အဓိပ္ပာယ်မရှိတဲ့စာသားတွေ
ထိုးကျွေးနေလဲ လက်ညောင်းရုံအဖတ်တင်မယ်

ငိုတယ် ......
အဲ့ညက မျက်ရည်တွေလောကကြီးကိုဖူးမျှော်ကြတယ်။

ဒီနေ့တော့ ကွဲကြေသွားတဲ့
ရင်ခုန်သံအပိုင်းစတွေ
ပြန်လည်စုစည်းတင်ပို့ရဦးမယ်
အဲ့ဒါ မနက်ဖြန်သူမစုတ်ဖြဲရမယ့်
စက္ကူအသစ်လေ ......။

ပျံ့ကျဲသွားတဲ့အပိုင်းစတွေငေးပြီး
အောင်ပွဲခံတတ်တဲ့ သူ့အပြုံးအောက်မှာ
ကျွန်တော်ဆိုတဲ့ ငတုံးကအကျည်းသား

ဘ၀အဘိဓါတ်မှာ
အနိုင်ဆိုတာမပါလာတော့
ချစ်ခြင်းဆိုတာ ......
နောင်တမပါတဲ့ရှုံးနိမ့်ခြင်းပါကွယ်။

Thursday, February 24, 2011

တိတ္ထိလမ်းမပေါ်က ကျွန်တော်တို့

ကျွန်တော်လမ်းစလျှောက်ပြ

လောကဟင်းလင်းပြင်ကြီးထဲမှာ
ကျွန်တော်တို့နှလုံးခုန်သံနီးစပ်သူတွေ
ရင်ဘတ်ခြင်း ခလုတ်တိုက်ကြပါတယ်။

ရှားပါးပစ္စည်းဆိုတာ ဒီနေရာမှာ
Difination ဖွင့်စရာလိုမယ်မထင်ဘူး

မိတ်ဆွေဆိုတဲ့ ကျောက်တိုင်ဟာ
အဖြူရောင်ဆောင်းထားတဲ့
ငြိမ်းချမ်းရေး အရိပ်တစ်ခုပေါ့။

ကျွန်တော်နဲ့သူ အဖြူရောင်အလံကိုယ်စီဆွဲ
စစ်ရေးပြကွင်းက မိတ်ဆွေကျောက်တိုင်မှာ
အဖြူရောင်ပေါ် အဖြူရောင်ဆေးတွေချယ်
အသံပျောက်စကားလုံးတွေနဲ့
ကျောက်တိုင်ခိုင်မြဲခဲ့တယ်လေ....။

ယုံကြည့်ချက်တွေနဲ့ သံပတ်တွေတင်း
မျက်စောင်းတွေပေါက်ရောက်ပြီး
လက်ညှိုးတွေဝေဆာနေတဲ့လမ်းပေါ်လျှောက်ကြတယ်။

တခါတခါကြောက်ရွံ့ခြင်းတွေလာထိုးနှက်ကြတယ်
ကိုယ့်ကိုယ်ကိုပြန်မေးတော့လည်း...
“ငါဘာကိုကြောက်နေတာလည်း”...

“လူတွေနဲ့ဝေသွားမှာကိုလား”
“အို့... ငါစလျှောက်ကတည်းက
လူတွေနဲ့မိုင်ပေါင်းများစွာဝေးတဲ့
နီးနီးလေးမှာလျှောက်နေတာပဲ”

“ဒါဆိုကြောက်ရွံ့တာကဘာဖြစ်နိုင်မလဲ” အဲ့လိုပဲ
တခါတရံ အဖြေမရှိတဲ့ စာမျက်နှာတွေသွားလှန်မိတယ်
အဲ့လိုအခါတွေမှာ တစ်ယောက်နဲ့တစ်ယောက်
အဖြေမရှိတဲ့ စာရွက်တွေလဲဖတ်ကြသေးတယ်။

“ဟဲ့...သောက်ပလုပ်တုတ်”
ဒါမျိုးပြောပြီဆို ခလုတ်တွေကတိုက်ခံရပြီ
ကိုယ်ကသွားခလုတ်တွေကိုသွားတိုက်ခြင်းမဟုတ်
ခလုတ်ကကိုယ့်ကို လာတိုက်တာ...။
“မှန်းစမ်း” ကိုယ့်ခြေထောက်ကိုပြန်ငုံ့ကြည့်တာ...
“ဟိုက်” ငါ့ခြေမမှာလက်ညှိုးရာကြီး..

“ဟာ” ခြေမမှာတင်မဟုတ်ဘူး
တကိုယ်လုံးမှာ လက်ညှိုးရာတွေပြည့်နေပါလား
“အဟီး” ငါတော့လက်ညှိုးရာတွေရောင်းစားရရင်တော့
ဘီလျှံနာဖြစ်တော့မှာပဲ.....။

“နင်တော့ အ၀ီစိချိုးကပ်တော့မယ်”
 ...... တိန်............
 “ဘာကြီးလဲ ငရဲဆိုတာရှင်းစမ်းပါဦး”
“ဒါတောင်မသိဘူးလား ငတုံး”
ထပ် တိန်ပြန်ပြီ...ကွယ်

အဲ့ငရဲဆိုတာ တကယ်ကြီးရှိလို့လား
မေးတော့လည်း ဒီတစ်ယောက်ကတစ်မျိုး
နောက်တစ်ယောက် တစ်ဖုံ
ဘယ်ဟာက အမှန်တကယ်လည်း....။

သူတို့လဲဖြေနိုင်တာကြလို့
ကျွန်တော့်လည်းမသိဘူးတဲ့
အဲ့တော့မသိပဲနေနေတာကလည်း
စိတ်ချမ်းသာခြင်းတစ်မျိုးပဲလေ...။

နေစမ်းပါဦး....
ကိုယ့်ပါသာကို မယုံကြည်တာလေးနဲ့
ခင်ဗျားတို့ကိုဘာတွေများထိခိုက်သွားလို့လဲ

“အော်တစ်ယောက်တည်းနေတော့ သောက်ရူးတဲ့”
ဘာမသိညာမသိ လူအုံကြီးထဲမှာ
ဟေးလားဟားလား ၀င်လုံးနေတော့..
ငါ့...သူတော်ကောင်းဘွဲ့ချီးမြှင့်ခံနေရပါလား..။

ပြောရင်းပြောရင်းနဲ့
ဒီစကားလုံးတွေပဲထပ်ထပ်လားပြန်တယ်
ဒီလောက်ထပ်နေတာလဲ ဘူမှမသိပါဘူး
အို.....ဂရုစိုက်စရာမှတ်လို့
ငါ့လမ်းငါ ပုံမှန်ပြန်လျှောက်နေတာပဲကောင်းတယ်။

သူများမျက်စောင်းတွေနဲ့ ပေါက်သံ
စကားလုံးတွေနဲ့ ခွက်စောင်းခုတ်ဒဏ်
လက်ညှိုးတွေနဲ့ ထိုးခံရမယ့်လေပြင်းတိုက်ခံရမှု
ဒါတွေကို ကောင်းကောင်းခံရပြီဆိုရင်တော့
သူငယ်ချင်း......ကိုယ့်ကိုယ်ကို
သဘာဝဘေးဒဏ်ကလွဲရင်
ကျန်တဲ့ဒဏ်တွေ ခံနိုင်ရည်ရှိပြီလို့....
ဒီနေရာမှာ လောကဓံဆိုတာကချာတိတ်။

“ဒီကောင်တွေပေါ့ ကိုယ်စီးလာတာဖိနပ်မှန်းသိရက်
ဦးထုပ်လို့နာမည်ပေးတယ်”......
“ဒီကောင်တွေလေ ငါတို့အိပ်ချိန်ကြမှ
ညကြီးမိုးချုပ် ထအလုပ်လုပ်တဲ့ကောင်တွေ”

“ဟုတ်ကဲ့ပါ” ကျွန်တော်ပြောချင်ရဲ့လေ...
“လမ်းလျှောက်ချိန်မှာတော့ ဖိနပ်ဆိုတာ
ခလုတ်တိုက်တဲ့အချိန် ဦးထုပ်ထပ်ပိုလုံခြုံတယ်လေဗျာ”
အဲ့တော့ ဖိနပ်ကိုဆောင်းထားတာပေါ့...။

“ဟုတ်ကဲ့” ကျွန်တော်တို့တွေ
မှောင်နေလို့ အလုပ်မလုပ်ရဘူးလား
နေ့ဘက်ဆို လမ်းမတွေပေါ်မှာ ခြေတွေရှုပ်လွန်းပါဘိ
မမြင်ချင်တဲ့ ပူဇော်မှုတွေ၊ ဆုတောင်းတွေ
သဟဇာတမဖြစ်ဘူးလေဗျာ.....။

မှောင်လို့လမ်းမမြင်ဘူးလို့ မဆိုနဲ့လေ
ခင်ဗျားတို့တောင် မျက်ကန်းတွေနဲ့ နေ့ဘက်လမ်းလျှောက်နေသေးတာပဲ
ကျုပ်တို့မြင်ရက်နဲ့ အမှောင်ထဲလျှောက်နေတာဘာဆန်းလဲ
တခုရှိတယ်... လသာတယ်...ကြယ်တွေထိန်နေတယ်။

ဟုတ်တာပေါ့ ကျွန်တော်တို့က ခင်ဗျားတို့နဲ့
ဆန့်ကျင်ဘက်မဟုတ်တဲ့ ဆန့်ကျန်ဘက်
ကျွန်တော်တို့ရေးတာ ခင်ဗျားတို့အတွက်
ကဗျာမဟုတ်တဲ့ ကဗျာတွေလေ.....။

ဟုတ်ကဲ့ ကျွန်တော် တိတ္ထိလမ်းပေါ်စလျှောက်ပါပြီ။

Wednesday, February 23, 2011

ချစ်သူ

ချစ်သူ.......
မင်းပေးတဲ့လက်ဆောင်
ငါ့ရဲ့ဒိုင်ယာရီ
တထပ်တည်းကျခဲ့တဲ့အတိတ်
မြှပ်နှံထားခဲ့ပြီးမှ
သတိရခြင်းက....
အဖန်ဖန်ပြန်လည်ထူးဆွ
တိတ်ဆိတ်တဲ့ လမ်းမပေါ်
တိတ်ဆိတ်တဲ့ ၀ိဥာဉ်တစ်စုံ
တိတ်ဆိတ်စွာ ငိုကြွေးရင်း
အော် ........
ကိုယ်အခုတစ်ယောက်တည်းပါ။

ငါနှင့်ငါ

ငါသည် စကားလုံးတွေကို
ဘောင်ကျဉ်းကျဉ်းလေးထဲက ယဉ်ကျေးမှုအတွက်
ဝန်းကျင်တစ်ခုလုံးကို ဂရုစိုက်သည်
အထိပြောဆိုခဲ့ဖူးသည်။
သို့သော်…..ယခု ငါသည်
စကားလုံးပေါင်းများစွာကို
လွတ်လပ်စွာပြောဆိုနေပေသည်။

ငါသည် ပိုက်ဆံဆိုတာကို
လိုအပ်ခဲ့ဖူးသူဖြစ်ခဲ့သည်။
သို့သော်…..ယခု ငါသည်
ပိုက်ဆံဆိုတာကို ကစားသမားတစ်ယောက်နာသွားလို့
အစားဝင်ကန်ပေးရမယ့်
အရံကစားသမားတစ်ယောက်လို
အရံခုံမှာသာထိုင်ခိုင်းထားလိုက်တော့သည်။

ငါသည် သိပ္ပံပညာရပ်တွေနဲ့
တီထွင်သောအရာတော်တော်များများအား
ဆော့ကစားချင်ခဲ့ဖူးသူဖြစ်သည်။
သို့သော်……ယခု ငါသည်
သဘာဝတရားကြီးအား
အလွန်ချစ်မြတ်နိုးသူဖြစ်သည်။

ငါသည် မိန်းမတစ်ယောက်အား
ဖြူစင်သွာချစ်တတ်သည့်
နှလုံးသားရှိခဲ့ပါသည်။
သို့သော်……ယခု ငါသည်
တစ်ကိုယ်တည်း ရွက်လွင့်နေသည့်
တံငါသည် ဖြစ်သည်။
ငါသည် အလင်းရောင်တွေအကြောင်း
အမြဲပြောဆိုနေတတ်ခဲ့သူဖြစ်သည်။
သို့သော်……ယခု ငါသည်
အမှောင်ထုတွေကြားထဲမှာသာ
အသားကျနေခဲ့သည်။
ငါသည် အချိန်တွေကိုလွန်စွာမှ
တန်ဖိုးထားတတ်ခဲ့သူဖြစ်သည်။
သို့သော်…..ယခုငါသည်
နာရီတွေကိုမုန်းတီးနေသူဖြစ်သည်။

ငါသည်……
ငါသည်………...
ငါသည်…………….

ငါသည် သေခြင်းတရားကို
ကြောက်ရွံ့နေခဲ့ဖူးသူဖြစ်သည်
သို့သော်…..ယခု ငါသည်
သေဆုံးခြင်းအတွက်ပျော်ရွှင်နေသည့်
လူတစ်ယောက်ဖြစ်သည်။  ။

ကြိုးဝိုင်း

ပ၀ါမကူရေမရှူတဲ့
ငါသိထားတဲ့ကြိုးဝိုင်းဆိုတာ
သွေးထွက်သံယိုတွေပါ...။

မင်းနဲ့ငါကြားမှာတော့
သွေးမထွက်တဲ့ နှလုံးသားနဲ့
ဦးနှောက်တို့ပြိုင်ပွဲ...။

လက်အိတ်မပါ အံဂတ်မပါ
ကိုယ်ခံပညာရပ်တွေမပါပဲ
ကြိုးဝိုင်းထဲငါပျော်ပျော်ကြီးပစ်ဝင်လိုက်တယ်။

မင်းရဲ့ထိုးနှက်ချက်တွေအောက်မှာ
မရှုမလှခံရင်း အဲ့အပြုံးတစ်ဆုပ်စာရှေ့မှာ
ရာသက်ပန် သုံ့ပန်းလုပ်မလို့။

အဖြူရောင်ဒိုင်လူကြီးရယ်
ခင်ဗျားသယ်လာတဲ့ မျှတခြင်းတွေပိုက်ပြီး
အနီထောင့်မှာသွားထိုင်နေစမ်းပါ။

ကျုပ်လွယ်ထားတာ
ခင်ဗျားထက်ပိုငြိမ်းချမ်းရေးပြမယ့်
အပြာရောင်ဖွဲအိတ်တွေ....။

ထိုးပစ်စမ်းပါ ငါ့နှလုံးသားဖွဲအိတ်ကို
ရှုံ့ဝင်ရာတွေထပ်သွားတဲ့အထိ
ပျော့ပျောင်းတတ်အောင် ငါစီမံပြီးသား။

ဒီဖွဲအိတ်ကစက်ရုံထွက်မဟုတ်ဘူး
နားလည်တတ်တယ် ကြင်နာတတ်တယ်
ဒါပေမယ့် ကစားစရာမဟုတ်ဘူး။

ငါ့အတွက်ရေမလိုဘူး အကူမလိုဘူး
နောက်ဆုံးအချီထိ ကျဆုံးပြဇာတ်ကို
သရုပ်ကြကြကပြရဦးမှာ.....။

ဒီနေရာမှတခန်းရပ်မယ်.....

မင်းနားထင်စပ်လေးမှာ
စို့နေတဲ့ချွေးဥလေးတွေ
ပြုတ်ကျသွားမှာ နှမြောလိုက်တာ
ကျေးဇူးပြုပြီး ငါ့ကိုယ်ငါ
မျက်နှာသုတ်ပ၀ါတစ်ထည်
စက္ကန့်ပိုင်းလောက်ဖြစ်ခွင့်ပြုပါ။

အပြုံးညွှန့်လေးတေခူးခူးစားရင်း
ဒဏ်ရာတွေပျောက်ကင်းစေသူငါ
ဒီကြိုးဝိုင်းထဲမှာအသက်ရှည်ပါရစေ။

ပြိုင်ပွဲပြီးပရိတ်သတ်တွေ
ဖျာလိပ်သွားကြရင် ငါ့ကို
ဝိဥာဉ်အဖြစ်ကြိုးဝိုင်းထဲခြွေခဲ့ပါလေ။

သက်ရှိဘ၀နဲ့ဝိဥာဉ်ဘ၀ဆိုတာ
မင်းနဲ့ပတ်သတ်ရင်
တိုက်ရိုက်အချိုးကျနေကြတဲ့
အထိတွေ့မပါတဲ့ ဆက်ဆံရေး....။

အချစ်ဆိုတာ

အချစ်ဆိုတာ
မင်းနဲ့ငါကြားမှာ
ဆားမပါဘူး
သကြားမပါဘူး
အချိုမှုန့်မပါဘူး
ငရုပ်သီးမပါဘူး
သံပုရာသီးမပါဘူး
တမာရွက်မပါဘူး
အရောင်မပါဘူး
အရသာမပါဘူး
အနံ့မပါဘူး
ဘာသာရေးမပါဘူး
စကားလုံးတွေမပါဘူး
အသံတွေမပါဘူး
အမြင်တွေမပါဘူး
သစ်ပင်တွေမပါဘူး
နားခိုရာမပါဘူး
လမ်းတွေမပါဘူး
အိမ်တွေမပါဘူး
သိပ္ပံတွေမပါဘူး
သမိုင်းတွေမပါဘူး
မြေဆီလွှာမပါဘူး
စစ်တွေမပါဘူး
အသွေးသားတွေမပါဘူး
ပိုက်ဆံမပါဘူး
ရောဂါတွေမပါဘူး
အလျားအနံမပါဘူး
အနိမ့်အမြင့်မပါဘူး
ရေဆိုတာမပါဘူး
လေဆိုတာမပါဘူး
မီးဆိုတာမပါဘူး
သက်ရှိတွေမပါဘူး
သက်မဲ့တွေလည်းမပါဘူး။

အချစ်ဆိုတာမင်းနဲ့ငါကြားမှာ
ဘာဆိုဘာမှမပါတဲ့
နားလည်မှုလေးတစ်ခုပါ။  ။

လမ်းခွဲထားတယ်

ပိုင်ဆိုင်ခြင်းတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

အနိုင်ယူခြင်းတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

တည်တန့်စွာနေခြင်းတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

အရက်မကောင်းကြောင်းရေးတဲ့စာအုပ်တွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ငွေစကားပြောတဲ့ပါးစပ်ပေါက်တွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

အမြင့်ဆိုတဲ့စကားလုံးနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

Valentine day နဲ့
ကျွန်တော်လမ်းခွဲထားတယ်။

နှစ်ယောက်ဆိုတာနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ရာသက်ပန်အဖြစ် Hip Hop သီချင်းတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

အမုန်းတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ရှုပ်ထွေးခြင်းတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

မက်မောခြင်းတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

Cupid ဆိုတဲ့ကောင်နဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ဘောင်တွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ရွှေတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

နိုင်ငံရေးနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ကိုးရီးယားဇာတ်ကားတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

အလောင်းအစားတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

အဆင့်အတန်းဆိုတာတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

အဖြူအမည်းခွဲခြားခြင်းနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ဘာသာရေးခွဲခြားခြင်းနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ပတ်ဝန်းကျင်ကစကားသံတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ချိုမြိန်ခြင်းတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ခြေလေးချောင်းသားနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

အောင်ပွဲတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ကျားကွက်တွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

မညီမျှခြင်းတွေနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

Goal ဆိုတဲ့ဇာတ်သိမ်းနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

ပြီးပြည့်စုံခြင်းနဲ့
ကျွန်တော်လမ်းခွဲထားတယ်။

နောက်ဆုံး
.................နဲ့
ကျွန်တော်လမ်းခွဲထားတယ်။

နေ့မှာကြွေတဲ့ကြယ်

ညကောင်းကင်မှာကြွေကျတဲ့
ကြယ်ကလေးတွေဟာ
အမှောင်အားကောင်းလွန်းလို့ပါ
ဒါကြောင့်သူတို့ကိုယ်ထင်ပြနိုင်တာပေါ့။

တကယ်တော့ အမှောင်ဆိုတာမရှိရင်
နေ့မှာကြွေတဲ့ကြယ်တွေ
မင်းမြင်နိုင်ပါ့မလား
ကောင်မလေး........။

ငါဟာနေ့မှာကြွေတဲ့ကြယ်တစ်ပွင့်ပါ
ကျောထောက်မရှိပေမယ့် ကိုယ့်အလင်းနဲ့ကို
သဘာဝကျကျကြွေပြပေးခဲ့တယ်
ဒါပေမယ့်မင်းမျက်လုံးတွေ ကန်းနေခဲ့တယ်။

ရိုးသားစွာပွင့်ပြီး သမရိုးကျကြွေနေပေမယ့်
အမှောင်ဆိုတဲ့ လောကစည်းစိမ်မရှိတော့လည်း
မမြင်တတ်ခဲ့ကြတာ လောကရဲ့
မဆန်းသောပုဒ်မတွေပါ...။

ငါတမိုးမြေလုံးကြားအောင်
တိုးတိုးလေး အော်ရယ်ပစ်လိုက်ချင်တယ်
အရိုးသားဆုံး ရနံ့ပိုင်ရှင်ပေါက်ပွင့်တွေ
ဘာကြောင့် ပစ်ပယ်ခံရသလဲ...။

မင်းမျက်လုံးတွေ အဲ့တောင်းထဲကလို
အရောင်တွေဟန်ရေးပြနေတာတော့
ငါတကယ်စိတ်မကောင်းဖြစ်မိတယ်
ကောင်မလေး......။

မင်းလမ်းမင်းလျှောက်ပါ
မင်းမလိုအပ်တဲ့ စည်းစိမ်ကင်းမဲ့ဇုန်ထဲက
ငါ့မေတ္တာအရင်းအမြစ်တွေတော့
ငါ.........  ဒိုင်ယာရီထဲမှာပဲ
အုတ်ဂူသွင်းလိုက်တော့မယ်။    ။

ထမင်းစားလက်မှတ်ကိုင်မညီမျှခြင်းလူ

လူ တွေလူတွေပေါ့ဗျာ .... တက္ကသိုလ်တို့ ရုံးတို့တွေမှာ ထမင်းစား စက္ကူတစ်ရွက်ရဖို့ စားမေးပွဲတွေဖြေနေချိန်
ကျုပ်တို့ကတော့ ကိုယ့်ထမင်းကိုစားဖို့ ကိုယ့်လယ်ထဲမှာ ကိုယ့်စပါးစိုက်၊ မြက်နုက်ပေါင်းသင်နေတယ်လေ။
ခင်ဗျားတို့အဲ့လတ်မှတ်ရချိန်မှာ ကျုပ်တို့ခြံထွက်စပါးတွေမှည့်ြ့ပီး အသီးနှံတွေလည်း ရင့်နေပြီဗျ....
တကယ်တော့ အားလုံးဟာတန်းတူပါပဲဗျာ။ ခင်ဗျားတို့ပြောတဲ့ ထမင်းစားလတ်မှတ်ကြီးကိုင် ပညာတတ်ကွဆိုပြီး
ကြွေးကြော်မနေပါနဲ့ လူဆိုတာအားလုံးအစားစားတဲ့ အမျိုးကြီးပါ။ ငါကထမင်းစားဖို့ လတ်မှတ်ကိုင်ပြီးဘယ်လို
ရှာလိုက်တာ ဆိုတာမျိုးတွေနဲ့ မငေါ့ချင်ကြစမ်းပါနဲ့။ ငါကကြက်သားဟင်းကို စက္ကူတစ်ရွက်လေးနဲ့ စားတာကွလို့
လာမထွားနဲ့။ ငါးပိရည်မှာလဲ သူ့အရသာနဲ့သူပါ အဓိကကဗိုက်ဖြည့်ဖို့ နောက်နေ့အလုပ်လုပ်ဖို့နဲ့ အသက်ရှင်နေထိုင်ဖို့
အားလုံးဟာရည်ရွယ်ချက် အတူတူတွေချည်းပါ။ “ငါကဆရာဝန်မို့လို့တောင်သူထက် ဂုဏ်ရှိတယ်၊ ငါကအင်ဂျင်နီယာမို့လို့
စားပွဲထိုးထက် ပညာတတ်တယ်” .... နားခါးပါတယ်ဗျာ။ တောင်သူမှာလဲ သူ့စည်းစိမ်နဲ့သူပါ စားပွဲထိုးမှာလဲ
သူ့အရည်ချင်းနဲ့သူပါ။ အမြင်တွေ မနိမ့်ပါနဲ့ ငွေရှိလို့ဂုဏ်ရှိတယ်ဆို... ဒီမှာ သူငယ်ချင်း ငွေဆိုတာ အဆင့်တန်းဆိုတဲ့
ဂုဏ်ပုဒ်ဆိုတာကြီးကို  အဓိကဖြစ်လာစေတဲ့ တရားခံကွ၊ ငွေကြောင့်လူတွေ တစ်ယောက်ကိုတစ်ယောက် အနိမ့်မြင့်
ကြည့်ကြတာ မကိုးကွယ်ချင်ပါနဲ့။ ငွေဆိုတဲ့ကောင်မရှိကြည့် အားလုံးတန်းတူပဲ ဆရာဝန်က တောင်သူလို့  ကျောပြင်ကြီး
နေပူထဲလှန်းပြီး ချွေးထွက်ခံနိုင်ပါ့မလား၊ အင်ဂျီနီယာက စားပွဲထိုးလို လက်တွေကြမ်းရဲပါ့မလား။
တကယ်တော့ တို့အားလုံးဟာတန်းတူတွေ ချည်းပါပဲ လူသားတွေဖြစ်တာနဲ့အညီ ...
ဘာသာစကားမတူတာရှိကောင်းရှိမယ်... အသက်ရှူသံ၊ သက်ပြင်းချသံ၊ ထမင်းစားသံ၊ လမ်းလျှောက်သံ၊ အိပ်ပျော်သံ၊
အာသမ်းသံ၊ အားလုံးဟာ တူညီခြင်းတွေပါ။ တကယ်တော့လောကကြီးဟာနေတတ်ရင် သွားဖြဲစရာကြီးပါဗျာ၊
ချစ်တတ်ရင် ကျုပ်တို့အားလုံးဟာ ဆွေမျိုးတွေပါ။ အေးခင်ဗျားတို့ပြောတဲ့ ပညာဆိုတာ စာပေဆိုပေမယ့် အဲ့စာမသင်နိုင်တဲ့
သူတွေမှာရော ပညာမရှိဘူးထင်နေသလား... လူဆိုတာသူ့အတတ်နဲ့သူပါ ဥပမာ လမ်းဘေးမှာရေခဲရေရောင်းနေတဲ့ ချာတိတ်
သူ့မှာကျောင်းဆိုတာကို ငွေဆို့တဲ့စက္ကူမရှိလို့မတတ်နိုင်ဘူး။ ဟုတ်ပြီ ကဲဆရာဝန်ကြီးခင်ဗျားကြီး သူ့လိုလမ်းဘေးထိုင် ရေခဲရေ
ရောင်းနိုင်ပါရဲ့လား..။ “ဟာသောက်ရှက်မရှိ အဆင့်တန်းနိမ့်တယ်” လို့မပြောပါနဲ့။ ခင်ဗျားမှာနိမ့်တဲ့အမြင်တွေ ရှိနေတာကမှ
အရှက်ဆိုတာဘာမှန်းတောင်သိရဲ့လား။ ခင်ဗျားတို့ငွေနဲ့ ဘ၀ကိုတည်ဆောက်ပြီး ငွေနဲ့စည်းစိမ်ခံနေတဲ့သူတွေအတွက်တော့
အရှက်ဆိုတာငွေမရှိချင်းကို ဆိုလိုတာပေါ့လေ။ ကျုပ်တို့အတွက် အရှက်ဆိုတာက လူဆိုတာကို အဆင့်တန်းဆိုတဲ့ မညီမျှခြင်း
ချခြင်းကိုဆိုလိုပါတယ်....။ အဲ့တော့ သူ့ဖာသာသူ ညီမျှနေတဲ့မျဉ်းနှစ်ကြောင်းကို အပင်ပန်းခံနောက်ထပ် ကန့်လန့်မျဉ်း
တစ်ကြောင်းဆွဲပြီး မညီမျှခြင်းမလုပ်ချင်ပါနဲ့။ ပြီးတော့ခင်ဗျားတို့ပြောတဲ့ အဲ့ထမင်းစားစက္ကူကြီးကလေ ကလေးတွေ ဟက်ပီးဝေါမှာ
ဆော့တဲ့ အကြွစေ့ထဲ့ ကစားနည်းလိုပါပဲ။ နောက်ကနေအကြွစေ့လေးထဲ့ပေးရင် ရှေ့ကကိုယ်လိုချင်တာလေးတွေ ထွက်ကျလာတယ်။
အဲ့သဘောပဲ ... ကဲပါလေ ခင်ဗျားတို့ကတော့ တရာနည်းလမ်းမကျဘူးလို့ထင်နေမယ်။
                         ခင်ဗျားတို့ နာမည်တစ်လုံးရလာဖို့ ငွေစက္ကူရယ် ထမင်းစားလတ်မှတ်ဆိုတဲ့ စာရွက်ကြီးရယ်ပေါင်းပြီးတော့ ငွေနဲ့ပုံဖော် နာမည်ဆွဲနေချိန်မှာ ဒီဘတ်ရွာမှာတော့ ဘ၀ဆိုတာကို ချွေးနဲ့လုပ်တဲ့ပန်းပုထုဆစ်နေတာ။ အဓိကက လူဆိုတဲ့ရုပ်လုံးပုံလေး ပေါ်လားဖို့။ ဒီလောက်ဆိုခင်ဗျားတို့ တော်တော်လေးသဘောပေါက်မယ်ထင်ပါရဲ့။ အဲ့တော့ ရုပ်ဆိုးအကျဉ်းတန်နေတဲ့ ခင်းဗျားတို့ရဲ့ မျဉ်းပြိုင်နှစ်ကြောင်းပေါ်က မျဉ်းတစ်ကြောင်းကို ဖျက်ပစ်လိုက်ပါ။ ခင်ဗျားဟာလှောင်အိမ်ထဲလွတ်သွားတဲ့ ငှက်တစ်ကောင်ဖြစ်သွားမှာ..။ ချုပ်တည်းမှုတွေကြားမှာ ဘောင်ခတ်ပြီးနေချင်တဲ့ သူတစ်ယောက်အဖို့ ထောင်ကလွတ်လာခြင်းဆိုလည်း မမှားပါဘူး..။ အော်လောကကြီးက အကျယ်ကြီးပါလားလို့......လေ။ အဲ့တော့လူသားအားလုံးကို ထောင်တွေ လှောင်အိမ်တွေထဲက လွတ်စေချင်တယ်ဗျာ။ လောကလမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ အဆင်တန်းဆိုတဲ့ အမှိုက်တွေကိုကောက် မီးရှို့ပစ်။ အနိမ့်မြင့် ဂျီးတွေကို ရေတွေနဲ့ဆေးကြောသန့်စင် ညီမျှခြင်း မတ္တောကတ္တရာစေးတွေလောင်းပြီး လောကလမ်းမကြီးကို ညီညာဖြောင့်ဖြူးသာယာစေချင်တယ်ဗျာ.....။

အိမ်လွမ်းသူကြီး

ခါတိုင်းတွေတုန်းကပေါ့....
ကျွန်တော်အိမ်ပြန်ချိန်တွေ...အမေ ကမေးပါတယ်...“ သားပင်ပန်းလာပြီလား ” တဲ့၊ အဖေ ကမေးတယ်...“ သားအလုပ်အဆင်ပြေလား ” တဲ့
အခုဒီနေ့လိုအိမ်ပြန်ချိန်တွေမှာ...ဘယ်သူမှမမေးကြပါ...အဖေ နဲ့ အမေ ကအမိမြေမှာ..ဖုန်းဆက်ပါတယ်...အဖေ နဲ့ အမေ က “သားနေကောင်းလား” တဲ့
ကျွန်တော်လေ..အဲ့လိုစိုးရိမ်ပြီးမေးတာထပ်....အဖေ နဲ့ အမေနားမှာနေတုန်းက အမေ ကျွန်တော့်ကိုဆူငေါက်သံတွေကိုပဲနားဆင်ချင်မိတယ်ဗျာ.....
အလုပ်ကပြန်လာချိန်ဆို အဆင်သင့်ခူးခပ်ထားတဲ့..အမေ့ လက်ရာတွေကိုလွမ်းတယ်...အမှန်တကယ်ပါဗျာ..
ကျွန်တော်ဒီမှာစားနေရတဲ့ sea food တွေဆိုတာ...အမေ ကြော်တဲ့ ကန်စွန်းရွက်ကြော်နဲ့ပဲဟင်းလောက်ကိုမမြိန်ပါဘူးဗျာ..
အမေ ရယ်....အမေ့ လက်ရာတွေကိုဒီကဟင်းတွေထက်ဈေးပိုပေးပြီးစားချင်တောင်..အခုချက်ချင်းမရနိုင်ပါလား....အမေ..

အဲ့လိုပဲ..တနေကုန် aircon ခန်းထဲမှာဇိမ်နဲ့ထိုင်ပြီးအလုပ်လုပ်နေရချိန်မှာ...ကျွန်တော့်စိတ်တွေက မိုးရေတွေကြားထဲ ရန်ကုန်မြို့ရဲ့ ပေါက်ပြဲနေတဲ့ ကတ္တရာလမ်းတွေပေါ်မှာ Marketing ဆင်းရင်းဘတ်စ်ကားတိုးစီးရတဲ့ဘ၀ကိုမြင်ယောင်မိတယ်...
ဒီကစားသောက်ဆိုင်ကြီးတွေ၊ Bar တွေမှာထိုင်နေရပေမယ့်...သူငယ်ချင်းတွေနဲ့အတူ မိုးယိုတဲ့လက္ဘက်ရည်ဆိုင်အောက်မှာ ဘောလုံးပွဲအတူအော်ဟစ်အားပေးတာတွေက ပိုချိုမြိန်စေတယ်...

နိုင်ငံခြားသားတွေနဲ့ နေ့တိုင်းထိုင်ပြီးစကားပြောဆိုနေရတဲ့လက်ရှိချိန်နဲ့...တခါတုန်းကဘော်ဒါတွေနဲ့အတူ ဂစ်တာတီးပြီးသီချင်းဆိုလိုက်၊ တီဗွီဂိမ်းဆော့လိုက်၊
ရပ်ကွက်ထဲမှာဘောလုံးချိန်းကန်လိုက်လုပ်နေတဲ့ဘ၀က အများကြီးကွာဟတယ်လို့တော့ခင်ဗျားဒို့တော့ထင်မှာပဲ...
ဟုတ်ပါတယ်..ကွာဟကောင်းကွာဟမှာပါ...နိုင်ငံခြားဆိုတာကိုတချို့ကနတ်ဘုံတစ်ခုလိုသတ်မှတ်ထားကြမှာ..လူတိုင်းလိုလိုကလည်းသွားချင်ကြတာ မဟုတ်လား
တကယ်တော့နိုင်ငံခြားဆိုတာ..နိုင်ငံခြားသွားလေလေ..အမှတ်တရဖြစ်စေမယ့်ပျော်ရွှင်ခြင်းတွေက ပို၍ပို၍မှေးမှိန်သွားစေတာ..

အဖေ နဲ့ အမေ ကိုအလွမ်းဆုံး....
ပြီးတော့ရန်ကုန်မြို့ကြီးရယ်...ခင်များကြီးကိုပိုးစိုးပက်စက်လွမ်းတယ်ဗျာ...ခင်များကြီးရဲ့အရိပ်အောက်က..
ကန်တော်ကြီး၊ တံတားဖြူ၊ မြေနီကုန်း၊ ကောင်မလေးတွေပဲစားပွဲထိုးတဲ့ လှည်းတန်းကလက္ဘက်ရည်ဆိုင်နဲ့ထမင်းသုပ်ဆိုင်၊ မြောက်ဥက္ကလာအ၀ိုင်းကြီးက မဟာနွယ်လက္ဘက်ရည်ဆိုင်၊ ကော်နက်ရှင်မကောင်းတဲ့အင်တာနက်ဆိုင်အချို့၊ ဒဂုံကျောင်းဝန်းထဲကကိုသားငယ်ရဲ့ Excellent ၊ မင်္ဂလာဒုံလေတပ်ထဲက ဘောလုံးကွင်း၊ ဝေဘာဂီကမိုးအမြဲယိုတဲ့မောင်သန်းစိုးလက္ဘက်ရည်ဆိုင်၊ ဘော်ဘော်တွေနဲ့ညတိုင်းဂစ်တာထိုင်တီးတဲ့လမ်းဘေးအုတ်ခုံတွေ၊ ဘကြီးရဲ့တီဗွီဂိမ်းဆိုင်၊ ဘတ်စ်ကားမှတ်တိုင်တွေ၊ မြို့ပတ်ရထား၊ အကုန်လုံးအကုန်လုံး ပြန်မြင်ယောင်မိတယ်...
တကယ်ပါ အဲ့ဒီနေရာတွေမှာကျွန်တော့်ခြေရာတွေချည်းပဲ...အခွင့်ရှိဦးမယ်ဆိုရင်နောက်တစ်ခေါက်တော့ထပ်နင်းချင်သေးတယ်ဗျာ...
တကယ်ပါ ၅ မိနစ်လောက်လေးပါဗျာ....
တကယ်တော့..တချို့ပီတိတွေကအလှမ်းဝေးသွားမှပိုတန်ဖိုးရှိလာတာဗျ...
    ကျွန်တော်အိမ်လွမ်းသူကြီးပါဗျာ.....

ကျေနပ်စွာလွမ်းခြင်း

သဘာဝတရားကို ဦးနှောက်ထဲထည့်
ငါ့နှလုံးသားကို အခွံနွှာပြီး
သမာဓိချိန်ခွင်မှာထည့်ချိန်ကြည့်တာ
ဝေးကွာခြင်းတွေပဲအလေးသာတယ်။

မာနတွေထပ်မတင်ချင်ပါနဲ့
ဘယ်ဘက်ရင်အုံနဲ့တင်
ခြေနှစ်ချောင်းလေးလံနေပါပြီ။

လက်ခံပေးပါလို့ငါမဆိုဘူး
ဲမြှားတွေနဲ့လဲ ပစ်ပိုင်ခွင့်ရှိတယ်
ငါဖွင့်ပြချင်တာ မင်းအတွက်
ဆေးကြောသန့်စဉ်ထားတဲ့ အလွမ်းတွေ။

ငါဘယ်နှစ်ခါတောင်းဆိုဘူးခဲ့လဲ
ငါ့မှာကော်ဖီတစ်ခွက်ရှိတယ်
မင်းကိုမလိမ်ညာတတ်တဲ့ စွန့်လွတ်ခြင်းရှိတယ်
ဒါပေမယ့် ငါမင်းအကြောင်းတွေ
လူမသိသူမသိရေးရင်းတင်းတိမ်နေတဲ့ကောင်ပါ။

ငါတန်းစီတာကိုမကြိုက်ဘူး
ပထမရလို့လက်မြှောက်အော်ဟစ်နေတဲ့
အတိတ်လည်း ငါပုံမဖော်ခဲ့ဘူး
သီးသန့်ဖြစ်တည်မှုအောက်မှာငါနေတယ်။

ဒါပေမယ့် ငါ့သီးသန့်ခြံထွက်တွေက
ဒဏ်ပိုးတွေထိတဲ့ အရှုံးသီးနှံတွေချည်းပဲ
ကိစ္စမရှိဘူး ငါ့ကဗျာတွေငါ့ကို
အပြုံးဆေးတိုက်ကျွေးနေတယ်။

မင်းအရိပ်ပေါ်မှာထင်သွားတဲ့
ငါ့နှလုံးသားနှုတ်ခမ်းရာ
မင်းမမြင်လိုက်ဘူးမလား
ငါခိုးကြောင်ဖိုးဝှက်နမ်းလိုက်တာ။

ငါစိတ်နဲ့ငါပျော်နေကြမို့
ဒဏ်ရာ လုပ်ငန်းခွင်မှာ
အသားကျနေပါပြီ။

မိန်းကလေး.....
ငါဟာ မှင်စက်တွေအောက်မှာ
မင်းကိုငါ့စိတ်တစ်ခုလုပ်ရင်း
ညားရတာကိုကျေနပ်နေတဲ့သူပါ။   ။

မျှော်စောင့်

သံယောဇဉ်ခွက်ပုံးလေးကို
မြည်ယုံလေးတီးခေါက်ကြည့်တာ
သူငယ်ချင်းဆိုပြီး .....
မပီကလာပီကလောလေး ထွက်လာတယ်။

ပဲ့ထင်ထပ်သံတိုင်းမှာ
ငါချွေးတစ်စက်ကျခဲ့ရတယ်
ခုဆို မောဟချွေးပင်လယ်ကြီးမှာ
ဖူးစာဆိုတဲ့ကောင်ရေးဆင်းချိုးကောင်းတုန်း။

ကျွန်တော်တို့နှစ်ယောက်ကြားက
သူငယ်ချင်းဆိုတဲ့စည်းကို ရိုက်ချိုးဖို့
အဲ့ဖူးစာဆိုတဲ့ကောင်မှာ ဓါးမရှိ အားမရှိ
AIDS ဖြစ်နေတယ်ထင်ပါရဲ့ ....။

ကျွန်တော်တို့နှစ်ယောက်ကြားက
သက္ကရာဇ်တိုင်းက အုတ်တစ်ချက်စီဖြစ်ခဲ့မယ်ဆို
ကျွန်တော်ဟာ ကမ္ဘာ့အကြီးဆုံးတိုက်ကို
ပိုင်ဆိုင်နေတဲ့ကောင်ပေါ့....။

မျှော်လင့်ချက်ကလေးကို
ငှက်ပျောပွဲ အုန်းပွဲနဲ့ပူဇော်
အထွက်ထိပ်မှာထားပြီးတော့
မျှော်ကိုးလိုက်ရတာ .......။

ရက်တွေတိုင်းမှာလဲ
မောင်ရာဇာဆိုတဲ့ကောင်
ဘယ်ဂျောင်မှာမူးပြီး
သွားအိပ်နေလဲမသိပါဘူး....။

သဒါးဆိုတဲ့ကောင်ပြပြနေခဲ့တဲ့
အဲ့နေ့ရက်တွေသူမလေးက
ကျွန်တော့်အတွက်
လက်ဆောင်အဖြစ်တဲ့လေ....။

ညဘက်မက်ကောင်းပြီဟေ့ဆိုရင်
ငတိဖူးစာ သူငယ်ချင်းလုပ်ရအောင်တဲ့
မောင်ရာဇာ အမူးပြေပြီ
သဒါးဆိုတဲ့ကောင်လည်း
ပြက္ခဒိန်ပေါ်ထမလျှောက်တော့ဘူး။

ကဲ..အစုပ်ပလုပ်မလေးရယ်
ငါဟာအိမ်မက်တွေထဲမှာပဲ
လိုတိုင်းတရနေတော့လည်း
မနိုးသောမက်ခြင်းနဲ့
အိမ်မက်နေရင်ကောင်းမလား...။

ဒါမှမဟုတ် ၀ှက်ထားတဲ့ပန်းသီးတစ်လုံးကို
အရက်နဲ့စိမ်ပြီး မောင်ရာဇာကိုမြူစွယ်ရမလား
ဖူးစာဆိုတဲ့ကောင်ဆီက မြှားတစ်ချောင်းနဲ့လဲရမလား
ပြသဒါးကိုလမ်းတွေထမလျှောက်ဖို့ လာဘ်ထိုးရမလား။

ငါဟာရူးသွပ်သူပါ .....
အကောင်သုံးကောင်နဲ့တိုင်ပတ်နေတဲ့
ကလောင်တံတစ်ချောင်းကိုင်ထားသူ
သူငယ်ချင်းနာမည်တပ်တံတားကို
ရိုက်ချိုးဖို့ကြိုးစားနေသူ....။

ကဲပါအစုပ်ပလုပ်မလေးရယ်
တို့နှစ်ယောက်ပေါင်းပြီး အဲ့တံတားကို
ဖြတ်ဆီးကြမယ်လေ...ဒါမှမဟုတ်
ငါ့အိမ်မက်တွေကို အဲ့တံတားပေါ်
ပစ်တင်ခွင့်ပြူပါလား.......။

အိုကေရင် အဲ့ဘက်ကမ်းကနေ
ငါ့ရင်ဘတ်ထဲကို အီးမေးလ်ပို့ပါ....။       

ရနံ့ပြယ်သွားတဲ့ဆန္ဒ

နဒီမျက်ဝန်းလေးနဲ့တင်
ငါ့အသက်ရှူသံတွေယူသွားပြီး
သက်ပြင်းတွေငွေ့ငွေ့လေးချခဲ့ပါလား။

ငါဟာစာရွက်တွေပေါ်မှာပဲ
မာနကြီးနေခဲ့တဲ့ကောင်ပါ
မင်းရှေ့မှာပြိုဆင်းဖို့
မာနကိုအသက်မသွင်းရဲသူပါ။

နင်မခိုဝင်ခဲ့တဲ့ ငါ့ရင်ဘတ်ဧဒင်
နင်မစီးဝံ့ခဲ့တဲ့ ငါ့နှလုံးသားဖိနပ်
အကုန်လုံး အစီစဉ်တကျ
ဇာတ်သိမ်းသွားခဲ့တာပါ။

မျက်မမြင်ချာတိတ်လေးးရယ်
မင်းရောင်းသွားခဲ့တဲ့မြှားကအတုကြီးကွာ
ဒါပေမယ့်မင်းသယ်သွားတာ
ရေမရောတဲ့ နှလုံးသားတေးပေါင်းချုပ်တွေ။

နေ့မှာကိုက်တဲ့ဝေဒနာ
အိမ်မက်ကိုယောင်ကိုင်းစေတယ်
နေ့မှာမှားတဲ့အစားစာ
အိမ်မက်တွေကိုဝမ်းလျှောစေတယ်။

ခန္ဓာကောက်ကြောင်းတွေကို
မရေးဆွဲဘူးတဲ့ငါလိုကောင်အတွက်
ခိုင်းသွားတဲ့ကျောပြင်ကြီးကတောင်
အလှဆုံးနေ၀င်ချိန်အဖြစ်မှတ်တမ်းဝင်တယ်။

တိတ်ဆိတ်သွားတဲ့ခြေလှမ်းတွေငေးရင်း
ရင်ခုန်သံတွေစည်းချက်ညီနေလိုက်သေးတယ်
နောက်ဆုံးခန်းလေးကို မကုန်သေးတဲ့
ဖလင်တွေ တဖျပ်ဖျပ်ရိုက်ရင်းလေ.....။

ငွေ့ရည်ဖွဲ့သွားတဲ့ ဆန္ဒလေးရယ်
တနေ့မိုးစက်တွေကျလာမယ်ဆိုတဲ့စိတ်နဲ့
ဘောပင်တစ်ချောင်းကိုင်ပြီး စာရွက်တွေပေါ်မှာပဲ
ခုန်ပေါက်နေတော့မယ်ကွယ်..။    ။

Valentine ( သို့ ) သာမန်နေ့

Valentine တဲ့
နာမည်ကြားရုံနဲ့
ငါ့အတွက်မဟုတ်မှန်း ငါသိတာပေါ့
ပြက္ခဒိန်ပေါ်က ရက်တွေတော်တော်များမျာဟာ
ငါနဲ့မသက်ဆိုင်ပါ.........။

New year တဲ့
ငါ့ဘ၀မှာ နယူရီးယားကို
ဘယ်သောအခါမှ မကြိုဆိုဘူးခဲ့တာ
အိပ်ရာထဲကနေ ဒေါင်ဆိုတဲ့မြည်သံနောက်မှာ
ငါကြားလိုက်ရတာ ဆေးရုံကားသံပါ....။

အဓိပ္ပာယ်ဆိုတာကို
ကိုယ်ကိုတိုင် ဝေခွဲနေချိန်မှာ
လူတချို့ကတော့ ဆေးရုံနဲ့
အသည်းကွဲစခန်းတွေမှာပါ
ဒါသူတို့တင်စားကြတဲ့ နေ့ထူးတွေပေါ့...။

ရှိကြပါတယ် တချိုတချို့တွေ
ပျော်ကြ၊ ရွှင်ကြ၊ နမ်းကြပါတယ်
ဒါပေမယ့် ချောကလက်ဆိုတာတော့
ကျွန်တော်နဲ့ မသင့်တော်တဲ့
အစားစာပါ......။

Valentine မှာမင်းနွေဦးဘာလုပ်တတ်လဲ
ဒီနှစ်လဲ ခါတိုင်းတွေလိုပါပဲ
အလုပ်ခွင်ထဲ၊ အိပ်ရာထဲသီချင်းနားထောင်
ဒါမှမဟုတ် ကမ်းခြေမှာကော်ဖီတစ်ခွက်နဲ့
ကဗျာတွေ ရေးကောင်းရေးနေဦးမှာပါ.......။

လူတစ်ယောက်အတွက်
သာမန်နေ့တစ်ရက်လိုပါပဲ
ကျွန်တော်ရင်မခုန်မိတာပါအမှန်ပါ
ဒါပေမယ့် ကျွန်တော်
တိုးတိုးလေး ငေးဘူးတယ်......။

ခြံပြင်လွတ်သွားတဲ့
သိုးတစ်ကောင်အတွက်
ခြံထဲက သိုးတွေကိုလွမ်းတာမဆန်းပါဘူး
ကျွန်တော်အပေါင်းသင်းတွေကို လွမ်းချိန်မှာ
သူတို့တွေ နမ်းနေကြမှာပါ.......။

အဲ့ဒီတော့ Valentine ဆိုတဲ့နေ့မှာ
ပျော်ပါ၊ ရယ်ပါ၊ နမ်းပါ၊ ချစ်ပါ
ကျွန်တော်ကတော့ သာမန်နေ့တစ်နေ့မှာ
သာမန်ရင်ခုန်နှုန်းနဲ့
သာမန်အလုပ်တွေပဲလုပ်နေဦးမှာပါ......။

မနေ့ကချစ်သူမနက်ဖြန်သူငယ်ချင်း ဒီနေ့တော့

သံယောဇဉ်ချည်တိုင်လေး
ရစ်ငင်ဖို့ဆွဲဆန့်ကြည့်မိတယ်
အံ့သြမှုမလိုတဲ့ ပြတ်တောက်ရခြင်းမှာ
နာကျင်ရမယ့်အစား ........
သူ့ဆုံးဖြတ်ချက်ကို အလိုခေါင်းငြိမ့်မိတယ်။

သူငယ်ချင်းဆိုတာကိုကြားလိုက်ရချိန်မှာ
ကျွန်တော်အဝေးဆုံးတစ်နေရာကိုရောက်ပြီးမှ
ပြန်ရောက်လာတဲ့လူသားတစ်ယောက်ဖြစ်သွားတယ်။

မနက်ဖြန်တွေပဲပေါ့ပေါ့ပါးပါး
စဉ်းစားမယ်ဆိုတဲ့ကောင်မလေး
ငါဒီနေ့လေးလေးနက်နက်စဉ်းစားနေတာ
မင်းအကြောင်းတွေပါ .....။

ဖုန်းခေါ်မှတစ်ယောက်အသံ
တစ်ယောက်ကြားရမယ်ဆိုရင်တောင်
ငါဟာဖုန်းလိုင်းအောက်နေတဲ့
impossible connection ပါ။

မင်းရှေ့ကငါ့ခြေလှမ်းတိုင်းဟာကွက်လပ်တွေပါ
အခုလဲကွက်လပ်တွေပါ နောင်လဲကွက်လပ်တွေဖြစ်ဦးမှာပါပဲ
ဒါတွေသိရက်နဲ့ငါ ကွက်လပ်တွေကိုထပ်လိုချင်နေခဲ့တာ။

သူများအိမ်ပေါ်ကရေးအိုးကိုမှ
တောင်းသောက်ချင်တဲ့ငါ
မိုက်ရူးရဲလွန်းပါတယ်လေ...။

“ သူငယ်ချင်း ”
ငါအဲ့ဒါလက်ခံပေးနိုင်ပေမယ့်
ငါ့ရင်ထဲမှာမင်းကိုတော့ဘယ်တော့မှ
အဲ့နာမည်မခေါ်ပါရစေနဲ့လား
ဘာကြောင့်လဲဆိုတာမင်းလည်းသိပါတယ်။

ငါသူငယ်ချင်းကိုမချစ်တတ်လို့ပါ
ငါ့အတွက်သူငယ်ချင်းဟာ
ထာဝရသူငယ်ချင်းအဖြစ်ပဲ...။

မင်းဟာငါ့ရင်ထဲမှာဘယ်တော့မှ
သူငယ်ချင်းဖြစ်လာမှာမှမဟုတ်ပဲ
တနေ့ ငါ့ကွက်လပ်တွေရုတ်သိမ်းနိုင်ရင်တော့
မင်းဟာငါ့ရဲ့ထာဝရသူငယ်ချင်းပါ ကောင်မလေး။

မနေ့က တို့တွေ......
ကျောခြင်းကပ်မျက်နှာမူရာလမ်းလျှောက်ခဲ့ကြတယ်
ဒီနေ့ငါ မျက်နှာသစ်ချိန်မှာ မင်းဟာငါနဲ့
နှစ်ပေါင်များစွာမှ ပြန်ဆုံတဲ့
အတိတ်ဟောင်းတစ်ခုဖြစ်သွားတယ်။

မင်းစိတ်မကောင်းဖြစ်စေခဲ့တဲ့ငါ
အဖြစ်ရှိအောင်အသုံးမကြခဲ့တဲ့ငါ
မင်းရဲ့ ဆုံးဖြတ်ချက်တွေကိုပဲ
ရဲရဲကြီးခေါင်းငြိမ့်ပေးနေမှာပါ ..
ဒါဟာ မင်းရဲ့အနာဂတ်သူငယ်ချင်းဖြစ်လာမယ့်
ငါ့ရဲ့အသုံးမကျခြင်းတွေပါ။   ။

ချစ်သူထံသို့မပေးဖြစ်ခဲ့သောစာ

ချစ်သူ ,                               
             စာမျက်နှာတွေ တစ်ရွက်ပြီးတစ်ရွက်လှန်ခဲ့ပြီ ......
ငါ့ကဗျာစာအုပ်တွေလည်း တစ်ထပ်ပြီးတစ်ထပ် ဖြစ်လာခဲ့ပြီ
မင်းထွက်သွားခဲ့တဲ့ နေ့စွဲတပ်ပြက္ခဒိန်တောင် အဟောင်းဆိုင်မှာ
အိပ်နေလောက်ပြီထင်ပါရဲ့ ..
ငါ့စားပွဲပေါ်က ပြက္ခဒိန်တွေတစ်အုပ်ပြီးတစ်အုပ် လဲခဲ့ပြီကို: .......
အေးစက်သွားတဲ့ တို့နှစ်ယောက်ရဲ့ဖုန်းလိုင်းတွေ အောက်မှာ
ငါ့ရင်ဘတ်ကြီးကတော့ ပူနွေးကောင်းဆဲ။
မင်းကိုညတိုင်း ကဗျာတစ်ပုဒ်နဲ့ တင်ဆက်ကတဲ့ ငါ့အလုပ်တွက်
တို့နှစ်ယောက်မျက်လုံးမှိတ်လှိုင်းသံနားဆင်ခဲ့ကြတဲ့ ကမ်းခြေဘေးမှာ
ငါ ကဗျာတွေရေးလို့ကောင်းနေတုန်းပါ
မင်းဆီကဟဲလို ဆိုတဲ့အသံလေးကြားရဖို့ ညလုံးပေါက်မိုးသည်းထဲထိုင်စောင့်ခဲ့တဲ့
မြေနီလမ်းလေးလည်း ခုဆိုကွန်ကရစ်တွေလောင်းလို့ကားသံတွေတောင် ဆူညံနေလေပြီ
တို့တွေရဲ့ အလုပ်ရှင်တောင် သားလေးမွေးလို့ ကျောင်းတတ်နေလေပြီ
မင်းပေးတဲ့ တစ်ခုတည်းသော ငါ့အတိတ်က ဒိုင်ယာရီစာအုပ်မှာတော့
မင်းနာမည်တွေချည်းပဲဆိုတော့ အသိပေးချင်ပါရဲ့
ချစ်သူ မင်းကရော ပစ္စုပ္ပန်မှာလွမ်းနေတဲ့ အတိတ်ကငါ့ကို သတိတောင်ရပါရဲ့လား ...
မင်းရဲ့ စေ့စပ်သတင်း ယဲ့ယဲ့လေးကြားပြီးနောက်ပိုင်တွေမှာ
ငါဟာကဗျာတွေရေးဖို့ သတ္တိတွေပိုရှိလာခဲ့တယ်
မင်းဟောခဲ့ဘူးတဲ့ ငါ့ကဗျာတွေရဲ့ခေါင်းစဉ်ဟာ မင်းနာမည်ပါဆိုတာကိုငါမမေ့တတ်ခဲ့လို့ပါ
ငါအစားမထိုးဖြစ်ခဲ့တဲ့ မင်းရဲ့ဟင်းလင်းပြင်ကြီးမှာငါ ကဗျာပင်တွေပဲစိုက်ပျိုးပြီးပေါက်ရောက်စေတော့တယ် .... မင်းဟာငါ့အတွက်မဟုတ်တော့ပေမယ့် ငါပေးခဲ့တဲ့ယောကျာ်းကတိကိုတန်ဖိုးထားတဲ့အတွက်တော့
ငါတာဝန်ကျေပါတယ်နော် အဲ့တော့ မင်းမင်္ဂလာဆောင်မှပဲ ငါရည်းစားထားပါရစေတော့ ချစ်သူရယ်
ငါဒီစာကို အဆုံးသတ်ချိန်မှာ မင်းဟာငါနဲ့ အဝေးဆုံးကိုအပြီး ထွက်သွားတော့မှာပါ .....
အဲ့ဒီတော့မင်းရဲ့မနက်ဖြန်တွေတိုင်းမှာ ပေါ့ပါးပါစေချစ်သူ ...                                         
                                             မင်းရဲချစ်ခဲ့ဖူးသူ 

တချို့တချို့သောအရာများ

စောစီးခိုက်တွေမှာ
နောက်ကျခြင်းကို မေ့လျော့နေပေမယ့်
နောက်ကျချိန်တွေမှာတော့
စောစီးခြင်းတွေကိုနှမြောနေခဲ့မိတယ်

သဘာဝကျကောင်းကျနိုင်ပေမယ့်
တရားမမျှတခြင်းနဲ့အသက်ရှုခြင်းကို
နံစော်ချင်လာတယ် .....

တန်ဖိုးတွေကိုပြန်ဆက်ဖို့
ပစ်လွှတ်ပြီးသားကျည်တွေကို
ပြန်လိုက်ဖမ်းနေလည်း
နောက်ကျခြင်းကလွှဲရင် .....

လက်ကျန်စာမျက်နှာတွေပေါ်က
ကွက်လပ်တွေမှာ အမှားတွေထပ်မရေးမိအောင်
ရေးလက်စဘောပင်ကိုစွန့်လွှတ်

သူယူလာတဲ့ဘ၀ဘောပင်သစ်
ကျွန်တော့်လက်ကျန်ခွန်အားနဲ့ ဆုပ်ကိုင်မိချိန်
ကျေးဇူးပါလောကဓံဆရာ

ကျွန်တော်တို့တွေအဝေးကိုရောက်နေလည်း
လူဆိုတာကိုယ့်သမိုင်းကိုရေးတယ်ဆိုပေမယ့်
“အဖေနဲ့အမေ” ဟာ....
ကျွန်တော့်စာမျက်နှာတိုင်းရဲ့ခေါင်းစဉ်ပါ

ဘယ်နေရာဘယ်ဒေသရောက်ရောက် အမြဲလမ်းပြသူပါ
အမှားစာမျက်နှာတွေမှာ ကော်ရက်ရှင်းပန်မသုံးခိုင်းသူတွေပါ
အဲ့စာမျက်နှာတွေရဲ့ နောက်တစ်ရွက်တိုင်းမှာ
အမှန်ကိုချရေးခိုင်းသူတွေပါ ....


တန်ဖိုးတစ်ခုကိုဆုံးရှုံးချိန်မှာ
အဲ့တန်ဖိုးထက်ပြင်းထန်တဲ့ ကြေကွဲမှုကို
ကျွန်တော်တို့ရရှိလိုက်တယ် ....
အမှန်တော့လောကရဲ့ဒဏ်ခတ်နိယာမတွေထဲက
ကျွန်တော်တို့ ရုန်းမထွက်နိုင်ခဲ့ကြပါဘူး

အဆိပ်ကိုအဆိပ်လို့သမုဒ်ချိန်မှာ
ဖြေဆေးကတန်ဖိုးမြင့်သွားတယ်
ဖြေဆေးကိုမလိုအပ်သေးသူတွေအတွက်
အဆိပ်ဟာတန်ဖိုးမြင့်လာလားဆိုတော့
အရင်အတိုင်းပါပဲ ....

စွန့်လွှတ်လိုက်ရချိန်မှာ
ပိုင်ဆိုင်သွားသူအတွက်ပျော်စရာဆိုပေမယ့်
မပိုင်ဆိုင်သေးသူအတွက် စွန့်လွှတ်ခြင်းဟာ
ပီတိဖြစ်လာလားဆိုတော့
စဉ်းစားစရာတွေဖြစ်သွားတယ်

ဟုတ်ပါတယ်.......
စွန့်လွှတ်လိုက်ရလို့ ပျော်တယ်ဆိုတာမရှိပါဘူး
ကျေနပ်တာပဲရှိပါတယ်
ကျွန်တော်စွန့်လွှတ်ခဲ့ချိန်တုန်းက ကျေနပ်ခဲ့ပေမယ့်
မပိုင်ဆိုင်ရသေးချိန်မှာတော့
ပိုင်ဆိုင်ခြင်းဟာဘာလဲလို့
မြည်းစမ်းကြည့်ခြင်မိတယ်


သံယောဇဉ်တွေဗလပွနဲ့ ကျွန်တော်တို့ကမ္ဘာကြီးမှာ
သစ်တောတွေခုတ်လဲခံရတယ်
ကျွန်တော်တို့တွေသေဆုံးသွားချိန်မှာ
ကျွန်တော်တို့ဟာ သစ်တစ်ပင်တောင်မစိုက်နိုင်ခဲ့ကြပါဘူး
ဒါပေမယ့် သံယောဇဉ်တွေတော့
ကောင်းမွန်အောင်စိုက်ပျိုးခဲ့ကြတယ်

ကျွန်တော်တို့ဟာ သံယောဇဉ်တွေနဲ့
သစ်တောတွေကိုအစားထိုးနေခြင်းလား
တိုက်၊ ကားတွေနဲ့နေရာယူနေခြင်းလား
ပြုန်းတီးခြင်းကိုထိုင်ကြည့်နေကြခြင်းလား

တကယ်တော့ဒါဟာဘာမှမဟုတ်ပါဘူး
အမှန်တကယ်ကိုဘာမှမဟုတ်တာတွေပါ
ခင်ဗျားဒီစာကိုဖတ်ပြီးချိန်မှာ ......
ကျွန်တော့်ကိုစိတ်ထဲကနေ “အရူး”
တစ်ယောက်လို့ သတ်မှတ်လိုက်ပါ

ခင်ဗျားကျေနပ်သွားမယ်ထင်ပါရဲ့
ဒါဆိုခင်ဗျားဟာလူတွေထဲက “လူ” တစ်ယောက်ပေါ့ ......

                                        မင်းနွေဦး

ရက်ရာဇာ

တို့နှစ်ယောက်ကြားက
လောင်ကျွမ်းသွားတဲ့ ပြာတွေကို
ယက်ပြီး နံရံထက်မှာချိတ်ဆွဲလိုက်တော့
သိပ်လှတဲ့ပန်းချီအဖြစ် ထယ်ဝါနေဆဲ
အဲ့လောက်တောင်တင်စားခဲ့နေလည်း
ကန်းနေတဲ့မင်းရဲ့မျက်လုံးအောက်မှာ
ငါက ...... ခွက်ပျောက်တဲ့
သူဖုန်းစားလို ယောင်ချာချာ
ပေါက်ကွဲသင့်တာကြာနေပေမယ့်
ငါ့နှလုံးသားပုပ္ပားကတော့
မင်းအတွက် .....
အမြဲအေးမြခြင်းတွေ အုပ်မိုးတုန်း
ကန်းနေတဲ့မင်းရဲ့သံစဉ်တွေ ညှိရအောင်
ငါအဝေးဆုံးမှာသွားဆွေးနေလိုက်ဦးမယ်
ဒါမှ အိပ်ရာသစ်ပေါ်မှာ
မင်းတစ်ယောက် ...
ငါခင်းခဲ့တဲ့ သုံးရာသီတွေကို
မှတ်မိမယ်ထင်တယ်
မြတ်နိုးသူ ........
မင်းမလွင့်ပစ်ခင် ငါထွက်သွားမိတာ
ငါ့ကိုဘယ်လိုပဲညံ့တယ်ပြောပြော
ထောင့်ငါးရာပြဇာတ်မှာတော့
ငါ သိပ်တော်တဲ့ရက်စက်သူမဖြစ်ချင်ဘူး
အဲ့ဒီအရှုံးပန်းချီထက်မှာ
ခပ်ညံ့ညံ့ဆေးတွေချယ်ပြီး
ငါ့အခန်းနံရံမှာချိတ်
တ၀ကြီးထိုင်ကြည့်ပစ်လိုက်တော့မယ်
အဲ့ခါ ငါ့ရဲ့ဟာလာမျက်နှာကျက်က
အလိုမကျမိုးတွေရပ်ဆဲခြင်းပေါ့..။

အိမ်မက်သူ

စိတ်ကူးတွေကို
လက်တွေ့ဘ၀ထဲဆွဲသွင်းမိတော့
နှလုံးသားကဗျာတွေ မွေးဖွားကြတယ်
အသုံးမကျတဲ့လက်ရေးအောက်က ပုံရိပ်စိုစိုတွေ...
ကျန်တစ်ဖက်ကတော့ ပစ္စုပ္ပန်ရဲ့ခြောက်သွေ့ဝိဥာဉ်
မလှန်ဖြစ်ခဲ့တဲ့ပြက္ခဒိန်ထက်က စာရွက်အချို့
ပြန်မဖတ်ဖြစ်ခဲ့တဲ့ဒိန်ယာရီပြတိုက်ထဲက ခြေလှမ်းကျဲတွေ
စက္ကန့်ပေါင်းများစွာထိုင်ငေးဖူးတဲ့ ဓါတ်ပုံအပိုင်းအစများ
လက်တွေ့ကိုအိမ်မက်အဖြစ်လျှော်ဖွတ်သူဆိုတော့
နင်ဟာငါ့ရဲ့
အိမ်မက်သူပါ.......။

နောက်ကောက်

စိတ်ကူးလွင်ပြင်ထဲကပုံရိပ်အချို့ကို
စာရွက်ပေါ်ချရေးဖို့ကြိုးစားတုန်းကပေါ့
ကျွန်တော်ကိုယ်တိုင်မသိတဲ့မြှားရဲ့
ဖောက်ကနဲပြုတ်ကျသံက
နှလုံးသားကိုပွတ်တိုက်အသွား...
လေညှင်းကြားကသံစဉ်တွေက
မြောက်ကြွမြောက်ကြွနဲ့
ခပ်ခါးခါးမက်မိတဲ့အိမ်မက်နောက်မှာ
သူမကအပြုံးတစ်ပွင့်နဲ့သယောင်....
အဲ့ဒါ ဗြောင်းဆန်နေတဲ့နှလုံးသားကို
မီးရထားလို ဂျုန်းဂျုန်းဂျက်ဂျက်နဲ့
ဟန်ချင်ညီညီလာလှောင်နေတာ...
အဲ့ဒါတွေကိုသိလိုက်ရချိန်မှာ
ကာလတရားက ကျွန်တော်နှလုံးသားကို
တိုက်စားပြီးသွားပြီ....
ကြည့်ဗျာ....
ဘယ်လောက်နုံဖို့ကောင်းလဲ..။

နောက်ဆုံး

မင်းတို့ပတ်ဝန်းကျင်မှာ အသားကျဖို့ထက် ငါ့ပတ်ဝန်းကျင်မှာ
မင်းပျော်မွေ့ဖို့က အဓိကကျပါတယ် မိန်းကလေး .......
ပကတိရိုးစင်းတဲ့ တို့ရဲ့သဘာဝပျော်ရွှင်ခြင်းတွေနဲ့ ဖန်တီးယူကျတဲ့
မင်းဝန်းကျင်ကပျော်ရွှင်ခြင်းတွေကို ငါလှမ်းမျှော်တိုင်းတာလိုက်တာ
ဘ၀ ဆိုတဲ့ သင်္ကေတရေးရေးလေး ပေါ်လာတယ် ......
ပြည့်စုံပါတယ်ဆိုတဲ့ မင်းတို့ဒေသမှာ တို့ဝန်းကျင်
ကောင်းကောင်းအသားကျနိုင်ပေမယ့်
ချွင်းချက်တွေယိုဖိတ်နေတဲ့ တို့ဒေသတွေမှာတော့
မင်းတို့တွေ စိတ်ကူးတောင် ယဉ်ဖူးကြပါရဲ့လား
အဲ့ဒါငါရှာဖွေတွေ့ရှိခဲ့တဲ့ ဘ၀ ရဲ့အစိတ်ပိုင်းလေးပေါ့ ...
ရိုးရှင်းစွာဝေဖန်ချက်ချရရင် တို့နယ်ပယ်ကလုပ်စားသူတွေက
မင်းတို့နယ်ပယ်ကခိုင်းစားသူတွေထက်စာရင်
နယ်ပယ်နှစ်ခုစလုံးကို တတ်နိုင်သမျှကျက်စားနိုင်တယ်
အဲ့ဒါသူတို့အတွက် ဘ၀ ဆိုတဲ့စကားလုံးနှစ်လုံးကို
ပိုင်နိုင်စွာပေါင်းနိုင်ကြခြင်းဆိုရင် မင်းလက်ခံနိုင်ပါ့မလား
ဘယ်လက်ခံနိုင်သေးမလဲ .... တည်ဆောက်ပုံတွေမတူတဲ့
တို့နှစ်ယောက်ရဲ့ခံယူချက်တွေမှာ ဒါတွေမင်းသိဖို့ကို
အချိန်ဆိုတာလိုအပ်ဦးမှာပါ ....
ပြည့်စုံပြီးပူလောင်နေတဲ့ မင်းတို့နယ်ပယ်မှာ
အေးမြစွာမင်းပြုံးနိုင်ပါ့မလား ....
ခက်ခဲတဲ့လမ်းတွေပေါ်ကတို့တွေကတော့ ကြမ်းတမ်းမှုတွေဆိုတာ
တို့တတွေအတွက်အေးမြတဲ့အပြုံးတွေပါ
မင်းနဲ့ငါရဲ့ ဆုံမှတ်နေရာကနေ နောက်ကိုပြန်လှည့်ကြည့်လိုက်ပါ
မင်ဘက်မှာမီးတောက်တွေနဲ့ခတ်ထန်နေကြတယ်
ငါ့ဘက်ကိုတော့မင်းမြင်ရမှာပါ .....
ရွှေငွေမခင်းထားတဲ့ခလုတ်တွေရှိပါတယ် ... ဒါပေမယ့်
အဲ့မြေနီလမ်းပေါ်မှာ နှင်းတွေကျနေလေရဲ့
မင်းနဲ့ငါကြားမှာ ဒေါသတွေအမုန်းတွေမလိုပါဘူး
ကောင်မလေး .... တို့တွေအကောင်းဆုံး အဆုံးသတ်ကြခြင်းပါ။
ဒါတွေကိုငါကြိုမြင်မိခဲ့ပေမယ့် မင်းရဲ့အပြုံးပန်းတွေ
အပွင့်ဆုံးတဲ့အထိ ငါလိုက်ရွာနေလိုက်မိတာပါ
အဲ့ဒီအပြုံးပန်းတွေမကြွေအောင်တော့
မင်းပဲသိမ်းထားလိုက်ပါ ...
ငါ့အတွက်တော့ ငါ့ခေါင်းအုန်းရဲ့မျက်နှာခြင်းဆိုင်မှာ
ချယ်မှုန်းထားတဲ့မင်းရဲ့ရနံ့လေးတွေကတော့
ငါ့ကို အလွမ်းဆိုတဲ့ သီချင်းလေးနဲ့ဖျော်ဖြေကောင်းဆဲ
တို့နှစ်ယောက်ကိုသီးခြားလွင့်စင်သွားစေခဲ့တဲ့
အဲ့နာမ်ပုဒ်ကိုတော့ တကယ်တော့တို့တွေမရှုံးခဲ့ကြပါဘူး
မိန်းကလေး ... ရှုံးခဲ့တယ်လို့မင်းယူဆရင်တောင်မှ
အဲ့ဒီအရှုံးထက်ခမ်းနားထည်ဝါမှုတွေ
အများကြီးရှိသေးတယ်ဆိုတာမင်းမမေ့ပါနဲ့
အဲ့ဒီနေရာတွေမှာ မင်းပထမဆုတွေချည်းရယူလိုက်ပါချစ်သူ ..
တို့နှစ်ယောက်သီးသန့်နေရာတွေမှာ ပုံမှန်လည်ပတ်ဖို့
တို့တွေမဆုံဖြစ်ကြတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်
မတော်တဆများ မင်းငါ့လက်ရေးတွေကိုဖတ်မိသွားရင်တောင်
ပြုံးပါ ရယ်မောပါ .... သတိရခြင်းတွေမေ့ထားပါ
အလွမ်းတွေကိုမြေမြုပ်ထားပါ ...
မင်း ...... ရင့်ကျက်ဖို့ပါ မိန်းကလေး

ဒီပုဒ်စာတစ်ပုဒ်လုံးက ငါမင်းအပေါ်ထားရှိခဲ့တဲ့
ဆန္ဒရဲ့ အကြွင်းပါ ..........................။

ဖြစ်တတ်ပါရဲ့လေ

ငါရှူရှိုက်ချင်တာ နည်းပညာတွေနဲ့တီထွင်ထားတဲ့
မင်းကိုယ်ပေါ်က ဂါနီယာ၊ နေဗီယာ၊ ရယ်ဗီလွန် နံ့တွေမဟုတ်ဘူး
နည်းစနစ်တွေမသုံးပဲ ယိုစိမ့်လာတဲ့
မင်းခန္ဓာပေါ်က ကိုယ်သင်းချွေးရနံ့ သင်းသင်းတွေပါ ...

အရောင်တွေစွန်းထင်းနေတဲ့ အဲ့ဒီအကြေးခွံတုတွေကို
ငါ့နှုတ်ခမ်းတွေက အလိုမရှိဘူး
ခြယ်သမှုကင်းတဲ့ မင်းလက်သည်းဖြူဖြူလေးတွေကို
ဖွဖွလေးနမ်းလိုက်ချင်တာပါ ...

ငါကျောခင်းပေးလိုက်ချင်တာ သဘာဝအလှကိုဖျက်စီးပြီးမှ
ပြုလုပ်ထားကြတဲ့ အဲ့ဒီကုန်ပစ္စည်းတွေအောက်မှာမဟုတ်ဘူး
ဘယ်လမ်းကိုမဆို လျှောက်နိုင်စွမ်းသတ္တိရှိတဲ့
မင်းရဲ့ခြေဖ၀ါးလေးတွေအောက်မှာပါ ...

ငါလိုချင်တာ ဘာအခက်ခဲမှမရှိ အရာရာပြည့်စုံနေပြီး
လိုတိုင်းတရနေတဲ့ အဓိပ္ပာယ်မဲ့ ခံစားမှုမျိုးတွေမဟုတ်ဘူး
ဒုက္ခတွေ၊ အခက်ခဲတွေကို အတူကျော်ဖြတ်ပြီးမှ
ရလာခဲ့တဲ့ပီတီမျိုးတွေပါ ... ချစ်သူ ...

ငါ့ကိုစိတ်မမှန်ဘူးပဲပြောပါစေတော့
အရောင်တုဇာတ်သားတွေအတွက်
ငါဟာဆန့်ကျင်ဘက်ဖြစ်တုန်းလား
ဒင်းတို့အတွက်ငါ့စိတ်ဓါတ်တွေကပဲ
ဆန့်ကျင်ဘက်လား ......

ငါမင်းကို ခပ်သိမ်းထက်ကိုပိုမြတ်နိုးပါတယ်
ချစ်သူ ..... သို့သော်လည်း ....
သဟဇာတမဖြစ်တဲ့ တို့နှစ်ယောက် result ကို
“ ငါ ” လေးနက်ပါတယ်လေ ။  ။

လွင်ပြင်ဟောင်း

သတိရခြင်းတွေ
နာကျင်ခြင်းတွေ
အဆွေးမြေ့တွေ
အိပ်ကပ်ထဲထည့်
ပြည့်လျှံလာချိန်ထိအောင်
မျှော်လင့်ချက်တစ်စက်တောင်
မဖိတ်စင်ခဲ့ပါလား .....
အိမ်မက်တွေဝေးရလောက်အောင်
စုတ်ပြက်သတ်နေတဲ့ လွင်ပြင်ထဲ
အမှိုက်တစ်စကိုမှ
တောင့်တမိလေခြင်းလား
အလွမ်းတွေကိုပိုက်လို့
လွင်ပြင်ထဲခုန်ဆင်းလိုက်တာ
နှုတ်မဆက်ပဲထွက်သွားတဲ့
အမှိုက်ကလေးရေ
ပန်းတွေပွင့်ရအောင်
လွင်ပြင်ထဲခဏလောက်
ပြန်လာပေးနိုင်မလား .......