Wednesday, February 23, 2011

ဖြစ်တတ်ပါရဲ့လေ

ငါရှူရှိုက်ချင်တာ နည်းပညာတွေနဲ့တီထွင်ထားတဲ့
မင်းကိုယ်ပေါ်က ဂါနီယာ၊ နေဗီယာ၊ ရယ်ဗီလွန် နံ့တွေမဟုတ်ဘူး
နည်းစနစ်တွေမသုံးပဲ ယိုစိမ့်လာတဲ့
မင်းခန္ဓာပေါ်က ကိုယ်သင်းချွေးရနံ့ သင်းသင်းတွေပါ ...

အရောင်တွေစွန်းထင်းနေတဲ့ အဲ့ဒီအကြေးခွံတုတွေကို
ငါ့နှုတ်ခမ်းတွေက အလိုမရှိဘူး
ခြယ်သမှုကင်းတဲ့ မင်းလက်သည်းဖြူဖြူလေးတွေကို
ဖွဖွလေးနမ်းလိုက်ချင်တာပါ ...

ငါကျောခင်းပေးလိုက်ချင်တာ သဘာဝအလှကိုဖျက်စီးပြီးမှ
ပြုလုပ်ထားကြတဲ့ အဲ့ဒီကုန်ပစ္စည်းတွေအောက်မှာမဟုတ်ဘူး
ဘယ်လမ်းကိုမဆို လျှောက်နိုင်စွမ်းသတ္တိရှိတဲ့
မင်းရဲ့ခြေဖ၀ါးလေးတွေအောက်မှာပါ ...

ငါလိုချင်တာ ဘာအခက်ခဲမှမရှိ အရာရာပြည့်စုံနေပြီး
လိုတိုင်းတရနေတဲ့ အဓိပ္ပာယ်မဲ့ ခံစားမှုမျိုးတွေမဟုတ်ဘူး
ဒုက္ခတွေ၊ အခက်ခဲတွေကို အတူကျော်ဖြတ်ပြီးမှ
ရလာခဲ့တဲ့ပီတီမျိုးတွေပါ ... ချစ်သူ ...

ငါ့ကိုစိတ်မမှန်ဘူးပဲပြောပါစေတော့
အရောင်တုဇာတ်သားတွေအတွက်
ငါဟာဆန့်ကျင်ဘက်ဖြစ်တုန်းလား
ဒင်းတို့အတွက်ငါ့စိတ်ဓါတ်တွေကပဲ
ဆန့်ကျင်ဘက်လား ......

ငါမင်းကို ခပ်သိမ်းထက်ကိုပိုမြတ်နိုးပါတယ်
ချစ်သူ ..... သို့သော်လည်း ....
သဟဇာတမဖြစ်တဲ့ တို့နှစ်ယောက် result ကို
“ ငါ ” လေးနက်ပါတယ်လေ ။  ။

No comments:

Post a Comment