Wednesday, February 23, 2011

ထမင်းစားလက်မှတ်ကိုင်မညီမျှခြင်းလူ

လူ တွေလူတွေပေါ့ဗျာ .... တက္ကသိုလ်တို့ ရုံးတို့တွေမှာ ထမင်းစား စက္ကူတစ်ရွက်ရဖို့ စားမေးပွဲတွေဖြေနေချိန်
ကျုပ်တို့ကတော့ ကိုယ့်ထမင်းကိုစားဖို့ ကိုယ့်လယ်ထဲမှာ ကိုယ့်စပါးစိုက်၊ မြက်နုက်ပေါင်းသင်နေတယ်လေ။
ခင်ဗျားတို့အဲ့လတ်မှတ်ရချိန်မှာ ကျုပ်တို့ခြံထွက်စပါးတွေမှည့်ြ့ပီး အသီးနှံတွေလည်း ရင့်နေပြီဗျ....
တကယ်တော့ အားလုံးဟာတန်းတူပါပဲဗျာ။ ခင်ဗျားတို့ပြောတဲ့ ထမင်းစားလတ်မှတ်ကြီးကိုင် ပညာတတ်ကွဆိုပြီး
ကြွေးကြော်မနေပါနဲ့ လူဆိုတာအားလုံးအစားစားတဲ့ အမျိုးကြီးပါ။ ငါကထမင်းစားဖို့ လတ်မှတ်ကိုင်ပြီးဘယ်လို
ရှာလိုက်တာ ဆိုတာမျိုးတွေနဲ့ မငေါ့ချင်ကြစမ်းပါနဲ့။ ငါကကြက်သားဟင်းကို စက္ကူတစ်ရွက်လေးနဲ့ စားတာကွလို့
လာမထွားနဲ့။ ငါးပိရည်မှာလဲ သူ့အရသာနဲ့သူပါ အဓိကကဗိုက်ဖြည့်ဖို့ နောက်နေ့အလုပ်လုပ်ဖို့နဲ့ အသက်ရှင်နေထိုင်ဖို့
အားလုံးဟာရည်ရွယ်ချက် အတူတူတွေချည်းပါ။ “ငါကဆရာဝန်မို့လို့တောင်သူထက် ဂုဏ်ရှိတယ်၊ ငါကအင်ဂျင်နီယာမို့လို့
စားပွဲထိုးထက် ပညာတတ်တယ်” .... နားခါးပါတယ်ဗျာ။ တောင်သူမှာလဲ သူ့စည်းစိမ်နဲ့သူပါ စားပွဲထိုးမှာလဲ
သူ့အရည်ချင်းနဲ့သူပါ။ အမြင်တွေ မနိမ့်ပါနဲ့ ငွေရှိလို့ဂုဏ်ရှိတယ်ဆို... ဒီမှာ သူငယ်ချင်း ငွေဆိုတာ အဆင့်တန်းဆိုတဲ့
ဂုဏ်ပုဒ်ဆိုတာကြီးကို  အဓိကဖြစ်လာစေတဲ့ တရားခံကွ၊ ငွေကြောင့်လူတွေ တစ်ယောက်ကိုတစ်ယောက် အနိမ့်မြင့်
ကြည့်ကြတာ မကိုးကွယ်ချင်ပါနဲ့။ ငွေဆိုတဲ့ကောင်မရှိကြည့် အားလုံးတန်းတူပဲ ဆရာဝန်က တောင်သူလို့  ကျောပြင်ကြီး
နေပူထဲလှန်းပြီး ချွေးထွက်ခံနိုင်ပါ့မလား၊ အင်ဂျီနီယာက စားပွဲထိုးလို လက်တွေကြမ်းရဲပါ့မလား။
တကယ်တော့ တို့အားလုံးဟာတန်းတူတွေ ချည်းပါပဲ လူသားတွေဖြစ်တာနဲ့အညီ ...
ဘာသာစကားမတူတာရှိကောင်းရှိမယ်... အသက်ရှူသံ၊ သက်ပြင်းချသံ၊ ထမင်းစားသံ၊ လမ်းလျှောက်သံ၊ အိပ်ပျော်သံ၊
အာသမ်းသံ၊ အားလုံးဟာ တူညီခြင်းတွေပါ။ တကယ်တော့လောကကြီးဟာနေတတ်ရင် သွားဖြဲစရာကြီးပါဗျာ၊
ချစ်တတ်ရင် ကျုပ်တို့အားလုံးဟာ ဆွေမျိုးတွေပါ။ အေးခင်ဗျားတို့ပြောတဲ့ ပညာဆိုတာ စာပေဆိုပေမယ့် အဲ့စာမသင်နိုင်တဲ့
သူတွေမှာရော ပညာမရှိဘူးထင်နေသလား... လူဆိုတာသူ့အတတ်နဲ့သူပါ ဥပမာ လမ်းဘေးမှာရေခဲရေရောင်းနေတဲ့ ချာတိတ်
သူ့မှာကျောင်းဆိုတာကို ငွေဆို့တဲ့စက္ကူမရှိလို့မတတ်နိုင်ဘူး။ ဟုတ်ပြီ ကဲဆရာဝန်ကြီးခင်ဗျားကြီး သူ့လိုလမ်းဘေးထိုင် ရေခဲရေ
ရောင်းနိုင်ပါရဲ့လား..။ “ဟာသောက်ရှက်မရှိ အဆင့်တန်းနိမ့်တယ်” လို့မပြောပါနဲ့။ ခင်ဗျားမှာနိမ့်တဲ့အမြင်တွေ ရှိနေတာကမှ
အရှက်ဆိုတာဘာမှန်းတောင်သိရဲ့လား။ ခင်ဗျားတို့ငွေနဲ့ ဘ၀ကိုတည်ဆောက်ပြီး ငွေနဲ့စည်းစိမ်ခံနေတဲ့သူတွေအတွက်တော့
အရှက်ဆိုတာငွေမရှိချင်းကို ဆိုလိုတာပေါ့လေ။ ကျုပ်တို့အတွက် အရှက်ဆိုတာက လူဆိုတာကို အဆင့်တန်းဆိုတဲ့ မညီမျှခြင်း
ချခြင်းကိုဆိုလိုပါတယ်....။ အဲ့တော့ သူ့ဖာသာသူ ညီမျှနေတဲ့မျဉ်းနှစ်ကြောင်းကို အပင်ပန်းခံနောက်ထပ် ကန့်လန့်မျဉ်း
တစ်ကြောင်းဆွဲပြီး မညီမျှခြင်းမလုပ်ချင်ပါနဲ့။ ပြီးတော့ခင်ဗျားတို့ပြောတဲ့ အဲ့ထမင်းစားစက္ကူကြီးကလေ ကလေးတွေ ဟက်ပီးဝေါမှာ
ဆော့တဲ့ အကြွစေ့ထဲ့ ကစားနည်းလိုပါပဲ။ နောက်ကနေအကြွစေ့လေးထဲ့ပေးရင် ရှေ့ကကိုယ်လိုချင်တာလေးတွေ ထွက်ကျလာတယ်။
အဲ့သဘောပဲ ... ကဲပါလေ ခင်ဗျားတို့ကတော့ တရာနည်းလမ်းမကျဘူးလို့ထင်နေမယ်။
                         ခင်ဗျားတို့ နာမည်တစ်လုံးရလာဖို့ ငွေစက္ကူရယ် ထမင်းစားလတ်မှတ်ဆိုတဲ့ စာရွက်ကြီးရယ်ပေါင်းပြီးတော့ ငွေနဲ့ပုံဖော် နာမည်ဆွဲနေချိန်မှာ ဒီဘတ်ရွာမှာတော့ ဘ၀ဆိုတာကို ချွေးနဲ့လုပ်တဲ့ပန်းပုထုဆစ်နေတာ။ အဓိကက လူဆိုတဲ့ရုပ်လုံးပုံလေး ပေါ်လားဖို့။ ဒီလောက်ဆိုခင်ဗျားတို့ တော်တော်လေးသဘောပေါက်မယ်ထင်ပါရဲ့။ အဲ့တော့ ရုပ်ဆိုးအကျဉ်းတန်နေတဲ့ ခင်းဗျားတို့ရဲ့ မျဉ်းပြိုင်နှစ်ကြောင်းပေါ်က မျဉ်းတစ်ကြောင်းကို ဖျက်ပစ်လိုက်ပါ။ ခင်ဗျားဟာလှောင်အိမ်ထဲလွတ်သွားတဲ့ ငှက်တစ်ကောင်ဖြစ်သွားမှာ..။ ချုပ်တည်းမှုတွေကြားမှာ ဘောင်ခတ်ပြီးနေချင်တဲ့ သူတစ်ယောက်အဖို့ ထောင်ကလွတ်လာခြင်းဆိုလည်း မမှားပါဘူး..။ အော်လောကကြီးက အကျယ်ကြီးပါလားလို့......လေ။ အဲ့တော့လူသားအားလုံးကို ထောင်တွေ လှောင်အိမ်တွေထဲက လွတ်စေချင်တယ်ဗျာ။ လောကလမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ အဆင်တန်းဆိုတဲ့ အမှိုက်တွေကိုကောက် မီးရှို့ပစ်။ အနိမ့်မြင့် ဂျီးတွေကို ရေတွေနဲ့ဆေးကြောသန့်စင် ညီမျှခြင်း မတ္တောကတ္တရာစေးတွေလောင်းပြီး လောကလမ်းမကြီးကို ညီညာဖြောင့်ဖြူးသာယာစေချင်တယ်ဗျာ.....။

No comments:

Post a Comment