Wednesday, February 23, 2011

ကြိုးဝိုင်း

ပ၀ါမကူရေမရှူတဲ့
ငါသိထားတဲ့ကြိုးဝိုင်းဆိုတာ
သွေးထွက်သံယိုတွေပါ...။

မင်းနဲ့ငါကြားမှာတော့
သွေးမထွက်တဲ့ နှလုံးသားနဲ့
ဦးနှောက်တို့ပြိုင်ပွဲ...။

လက်အိတ်မပါ အံဂတ်မပါ
ကိုယ်ခံပညာရပ်တွေမပါပဲ
ကြိုးဝိုင်းထဲငါပျော်ပျော်ကြီးပစ်ဝင်လိုက်တယ်။

မင်းရဲ့ထိုးနှက်ချက်တွေအောက်မှာ
မရှုမလှခံရင်း အဲ့အပြုံးတစ်ဆုပ်စာရှေ့မှာ
ရာသက်ပန် သုံ့ပန်းလုပ်မလို့။

အဖြူရောင်ဒိုင်လူကြီးရယ်
ခင်ဗျားသယ်လာတဲ့ မျှတခြင်းတွေပိုက်ပြီး
အနီထောင့်မှာသွားထိုင်နေစမ်းပါ။

ကျုပ်လွယ်ထားတာ
ခင်ဗျားထက်ပိုငြိမ်းချမ်းရေးပြမယ့်
အပြာရောင်ဖွဲအိတ်တွေ....။

ထိုးပစ်စမ်းပါ ငါ့နှလုံးသားဖွဲအိတ်ကို
ရှုံ့ဝင်ရာတွေထပ်သွားတဲ့အထိ
ပျော့ပျောင်းတတ်အောင် ငါစီမံပြီးသား။

ဒီဖွဲအိတ်ကစက်ရုံထွက်မဟုတ်ဘူး
နားလည်တတ်တယ် ကြင်နာတတ်တယ်
ဒါပေမယ့် ကစားစရာမဟုတ်ဘူး။

ငါ့အတွက်ရေမလိုဘူး အကူမလိုဘူး
နောက်ဆုံးအချီထိ ကျဆုံးပြဇာတ်ကို
သရုပ်ကြကြကပြရဦးမှာ.....။

ဒီနေရာမှတခန်းရပ်မယ်.....

မင်းနားထင်စပ်လေးမှာ
စို့နေတဲ့ချွေးဥလေးတွေ
ပြုတ်ကျသွားမှာ နှမြောလိုက်တာ
ကျေးဇူးပြုပြီး ငါ့ကိုယ်ငါ
မျက်နှာသုတ်ပ၀ါတစ်ထည်
စက္ကန့်ပိုင်းလောက်ဖြစ်ခွင့်ပြုပါ။

အပြုံးညွှန့်လေးတေခူးခူးစားရင်း
ဒဏ်ရာတွေပျောက်ကင်းစေသူငါ
ဒီကြိုးဝိုင်းထဲမှာအသက်ရှည်ပါရစေ။

ပြိုင်ပွဲပြီးပရိတ်သတ်တွေ
ဖျာလိပ်သွားကြရင် ငါ့ကို
ဝိဥာဉ်အဖြစ်ကြိုးဝိုင်းထဲခြွေခဲ့ပါလေ။

သက်ရှိဘ၀နဲ့ဝိဥာဉ်ဘ၀ဆိုတာ
မင်းနဲ့ပတ်သတ်ရင်
တိုက်ရိုက်အချိုးကျနေကြတဲ့
အထိတွေ့မပါတဲ့ ဆက်ဆံရေး....။

2 comments: