Monday, February 28, 2011

မိုးချုပ်မှနေထွက်တဲ့ ဇာတ်ညွန်း

မျက်ဝန်းရဲ့ထောင့်တနေရာက မီးနီပြတယ်
ကျွန်တော့်မေတ္တာလိုင်စင် ဒဏ်ဆောင်လိုက်ရတယ်
လမ်းကြောင့်ပေါ်ကျွမ်းကျင် ရိုးအပါရက်နဲ့
လမ်းဘေးချ၊ နောက်ကားကျော်တက်၊
မီးစိမ်းပြ၊ နေရာရသွားတဲ့အဖြစ်
တကယ်ဆိုတာထွက်လာကတည်းက
ဘယ်ယှဉ်ပြိုင်မှုမှမပါခဲ့တဲ့ သီးသန့်မောင်းနှင်မှုပါ
ခြေဗလာနဲ့ နောက်ကြောင်းပြန်လျှောက်
အိမ်ရောက်မှ အ၀မော့ပစ်လိုက်တာ
သူမရဲ့ရနံ့တွေပါ..............။

နာဂစ်ကိုးကွယ်သူမှ သာယာခြင်းတွေ
သွားတောင်းခံခဲ့တဲ့ ဒီကောင်ငမူး
သိရက်နဲ့စားပြီးမှ
ဝမ်းပိတ်ဆေးဆောင်လိုက်ရတဲ့
ကျွန်တော့်ကဗျာများ

ဆုံတွေ့ခြင်းကိုသူမက
ရှာလကာရည်လောင်းနေချိန်မှာ
ကျွန်တော်ကသကြားနဲ့ရော
မော့နေခဲ့မိတယ် .....။

တိုက်ခတ်ခြင်းလေးရေ
သာယာမှုကိုတိမ်မည်းတွေဆောင်းပြီး
မိုးရည်ထဲမှာငါ ဂစ်တာတီးနေလေရဲ့
တကယ်တော့ အချစ်ဆိုတာ မင်းနဲ့ငါကြားမှာ
မစားသင့်တော့တဲ့အစားစာပါ။

နောက်ဆုံးအကြိမ် ဓါတ်ပုံလေးထုတ်ကြည့်ကမှ
ဂျိမ်းခနဲ ဖူးစာဇာတ်ညွန်းသည်က ချိမ်းပြတယ်
သြော်....ငါဟာသီချင်းဆုံးသွားမှ
ခေါင်းစဉ်ဟာ ရှုံးနိမ့်ခြင်းဆိုတာ သိခဲ့ရပါလား။

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. လမ်းကြောင့်ပေါ်ကျွမ်းကျင် ရိုးအပါရက်နဲ့
    လမ်းဘေးချနောက်ကားကျော်တက် <<< အဲဒါကိုပြောတာ အပေါ်ကကွန်းမန့်မှာဘာလို့မပါသွားမှန်းမသိဘူး .. :D

    ReplyDelete