Saturday, November 26, 2011

ကျွန်တော်မသိသေးသော အကြောင်းများ

အပိုင်း ( ၁ )

ကျွန်တော်ဟာ ဘ၀မှာ ချမ်းသာကြွယ်ဝခြင်းနဲ့ တိုက်ရိုက်အချိုးမကြချင်ဘူး ဆင်းရဲ မွဲတေခြင်းနဲ့လည်း အချိုးတိုက်ရိုက် မကြချင်ဘူ။ ကျွန်တော်ဟာ လူဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ လူ့ကျင့်ဝဋ်တွေနဲ့ တိုက်ရိုက်ကျချင်ခဲ့တယ် အဲ့ကျင့်ဝဋ်တွေ ဆိုတာတွေက လည်း သဘာဝအတိုင်းဒါမှမဟုတ် လူသားတစ်ယောက်မှာ ပထမအစရှိနေသင့်တဲ့ စိတ်ပိုင်းဆိုရာ စာရိတ္တပိုင်းဆိုင်ရာ ဖြူစင်မှုတွေပဲ။ ကျွန်တော် ဟာကိုယ့်ကိုယ်ကျင့်တရား နဲ့တိုက်ရိုက်ကျခြင်ခဲ့ရုံလေးပါ။ တကယ်ပါ ကျွန်တော်လေ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ယဉ်ခဲ့ ဘူးတယ်။ ကျွန်တော် တိုက်နဲ့ခြံနဲ့ကိုယ်ပိုင်ကား ဆိုတဲ့ပိုင်ဆိုင်ခြင်း တွေနဲ့ဘ၀ကို ရည်မှန်းချက်မထားတတ်ခဲ့ဘူး။

ကိုယ့်အတွက် အဆင်ပြေမယ့် ကျောချစာတစ်နေရာကို တိုက်ခန်းလေးထဲမှာပဲဖြစ်ဖြစ်၊ လပေးငှားနေဖို့ဖြစ် နိုင်တဲ့အင်အား လောက်နဲ့ စားဖို့သောက်ဖို့အတွက် အာဟာရဖြစ်စေနိုင်လောက်တဲ့ အစားသောက်လေးကို နပ်မှန် အောင်စားနေနိုင်ဖို့ပဲ။

အဓိက ကျွန်တော့်ရည်ရွယ်ချက်က ဘ၀ကို အဓိပ္ပာယ်ရှိရှိနေနိုင်ရုံလေးပဲ…ချမ်းသာမှ အဓိပ္ပာယ်ရှိတာမဟုတ်ပါဘူး။ အဲ ဆင်းရဲမှ အဓိပ္ပာယ်ရှိရမယ်လို့လည်း မဆိုလိုပါဘူး။ ကိုယ်ဖြစ်တည်နေတဲ့ဘ၀မှာ ရောင့်ရဲခြင်းနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ကျေနပ်တဲ့ အတိုင်းတာတစ်ခုနဲ့ပဲဖြစ်ဖြစ် အဓိပ္ပာယ်ရှိအောင်ပါပဲ။

ရင်ခုန်သံတစ်ခုအနေနဲ့ပေါ့။ ဘယ်လိုပြောရမလဲ…လူတစ်ယောက်ပေါ့။ အဲ့လူတစ်ယောက်က လောကကြီးထဲမှာ နောက်ထပ် နှစ်အနည်းငယ်သာ နေရတော့မယ့် ရောဂါဝေဒနာသည် တစ်ယောက်ပေါ့။ HIV positive နဲ့ပဲဖြစ်ဖြစ် ကင်ဆာတစ်ခုခုနဲ့ပဲဖြစ်ဖြစ်ပေါ့။ အဲ့လိုလူမမာတစ်ယောက်မျိုးမှာ ခံယူထားတဲ့ အရှုံးမပေးတတ်တဲ့စိတ်၊ ဘ၀ကို အဓိပ္ပာယ်ရှိရှိနဲ့ဆက်နေထိုင်သွားမယ့် စိတ်၊ သူ့အတွက် အနာဂတ်မှာ ထွန်းလင်းတောက်ပအောင် ကြီးကြီးမားမား ပန်းတိုင်တွေလည်း မရှိ၊ တစ်မိနစ်ပဲဖြစ်ဖြစ် ရှင်သန်ရမယ့် အချိန်မှာ အကောင်း ဆုံး၊ စိတ်အကျေနပ်ဆုံးနဲ့ နောက်မိနစ်တွေအတွက် အဓိပ္ပာယ်လေးတွေ ဖန်တီးနိုင်ရုံလောက်ပါပဲ။ ပြီးတော့ အပေါ့ပါးဆုံး စိတ်ထားရှိရ မယ်။ လောဘလည်းမရှိဘူး၊ ဒေါသတွေလည်း အရှင်းဆုံးကင်းစင်ထားတယ်၊ အရာအားလုံးကိုနားလည် သဘောပေါက်ထားတဲ့ စိတ်၊ အဲ့လိုမျိုးစိတ်ကူးစိတ်သန်းမျိုး လောက်လေးနဲ့ဘ၀ကို ပုံဖော်ဖြတ်သန်းရုံလောက်ပါပဲ။

တစ်ခါတစ်လေ စဉ်းစားမိတယ် ကိုယ်ကိုယ်တိုင်သာ ရောဂါဝေဒနာသည်သာ ဖြစ်လိုက်ပါတော့လို့။ တကယ်တော့ ပြန်စဉ်းစားပြီး တော်တော်ဟာသဆန်သား၊ တချို့အရာတွေက စိတ်ကူးယဉ်လောက်ပဲကောင်းပါတယ်။ စိတ်ကူးဆိုတာ အလကား ယဉ်ရတာမှန်ပေမယ့် လက်တွေ့ဆန်သွားတဲ့အခါ ကိုယ့်ဘက်က အရင်းကြီးကြီးပေးလိုက်ရတာ မျိုးတွေ အများကြီးပါ။ ကိုယ့်ကိုယ်ပိုင် အတွက်တော့ စိတ်ကူးတချို့စာလောက်ကိုပဲ လက်တွေ့ ဖြစ်စေချင်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်ကူးနဲ့လက်တွေဆိုတာ တိုက်ရိုက်အချိုးကျ လာတဲ့အခါ ထိန်းချုပ်မှုအပြင်ကို တစ်ခါတစ်လေမှာ ရောက်သွားတတ် တယ်မဟုတ်လား။ ကိုယ်အသုံးမကျလို့ပဲလို့ ပြောလို့မရသလိုပဲ လောကကြီးဆိုတာ အစီစဉ်တကျဖြစ်ချင်ဖြစ်မယ်။ ဖြစ်ချင်သလိုလဲဖြစ်ချင်ဖြစ်နေတာပဲ။ အဲ့တော့ တချို့အပိုင်းတွေမှာ ကိုယ့်အဖြစ် တွေက ဖြစ်ချင်သလိုဖြစ်သွားတဲ့အထဲ ပါသွားတတ်တယ်။

ကျွန်တော် ကြုံလာခဲ့သမျှတွေထဲမှာတော့ ဘယ်အရာမှ အတည်တကျမရှိတာတွေများပါတယ်။ ဥပမာ မင်းငါ့ကို မြင်တဲ့ဘက်မှာ အဆိုးပါချင်ပါနေပေမယ့် မင်းမမြင်ရတဲ့ တခြားတဖက်မှာ ငါကကောင်းချင်ကောင်း နေနိုင်တယ်လေ။ တကယ်ဆို ဒီတစ်ခေါက် နေ၀င်တာနည်းနည်းစောလွန်းနေသလိုပဲ။ ငါတို့ချစ်ခြင်း စောစောအိပ်တန်းဝင်လိုက်ရတယ်။ အဲ့လိုပဲပေါ့ တွေ့ဆုံမှုတွေ ရှိလာတဲ့အခါ ခွဲခွာခြင်းတွေနဲ့လည်း ဇာတ်သိမ်းပေးကြရတာပဲ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ အတည်တကျမရှိတာမဟုတ်တော့ဘူး။ ဘယ်အရာမှ တသတ်မှတ်တည်းမရှိတာဖြစ်သွားတယ်။ အရာတိုင်းက ဆန့်ကျင်ဖက်တွေရှိကျတာကြီးပါပဲ။ ဒါကနိယာမတစ်ခု မဟုတ် ပါဘူး။ သဘာဝပါလေ။ တွေးခေါ်ပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့၊ သတ်မှတ်ခဲ့ကြတဲ့ နိယာမတချို့တွေထဲမှာ အရင်ကတည်းကရှိနေတဲ့ သဘာဝတွေလည်း ပါပါတယ်။

တစ်ခါတရံ သေချာစဉ်းစားကြည့်ပါ တချို့သတ်မှတ်ထားတဲ့ ပညတ်တွေထဲကနေ ခွဲထွက်ပြီး သီးသန့်လေး အားထုတ် ကြည့်ပါ။ ဖြစ်နိုင်တာတွေလည်း အများကြီးပါ။ ဥပမာ ကိုယ့်စိတ်အေးချမ်းအောင် ဘုရားရိပ်တရားရိပ် ခိုနားပြီး အားထုတ်မှ အေးချမ်းနိုင် တယ်ဆိုတာမျိုးပေါ့။ တကယ်ဆို ကိုယ်ကဘာသာတရားမရှိတဲ့လူဆိုပါစို့။ အဲ့လိုနည်းလမ်းမျိုးက ဘာသာတရားမကိုင်းရှိုင်းပဲနဲ့ စိတ်ကို တည်ငြိမ်အောင် ကျင့်ကြံအားထုတ်လို့ရနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း မဟုတ်တာမလုပ်ဘူး။ သူတပါးကိုလည်း ထိခိုက်နစ်နာ စေတာမဟုတ်ပဲနဲ့ပေါ့။ ရိုးရိုးသားသား ကျင့်ကြံရင်ဖြစ်နိုင်တာပါပဲ။ ဒီလိုချရေးပြလို့ ဘာသာတရားကိုင်းရှိုင်းသူတွေနဲ့ ဘာသာရေး အဖွဲ့စည်းတွေကို ထိခိုက်မိမယ်ဆိုရင်တော့ ဒီနေရာကပဲ ကျွန်တော်တောင်းပန်လိုက်ပါတယ်။ မပူပါနဲ့ဗျာ အရာရာတိုင်းလိုလို တုံ့ပြန် သတ်ရောက်မှုတွေရှိပါတယ်။ ကျွန်တော်သူများကို ထိခိုက်အောင်လုပ်မိရင် ကျွန်တော်သေချာပေါက်ပြန် ပေးဆပ်ရမှာပါပဲ။

သူများတွေရဲ့ခေါင်းဆောင်ဖြစ်ချင်ရင် အဲ့သူများတွေနဲ့ပက်သတ်တဲ့ ကိစတွေမှာလည်းကိုယ်က ခေါင်းရှုပ်ခံရတတ် ပါတယ်။ အဲ ကိုယ့်တစ်ယောက်တည်းအတွက် ကိုယ်ကခေါင်းဆောင်ဖြစ်ချင်ရင်တော့ ကိုယ်နဲ့ပတ်သတ်တာဖြစ်လာ သမျှကိုယ်ကိုယ်တိုင်ကပဲ ပေးဆပ်ရပါတယ်။

တစ်ခါတစ်လေ ကျွန်တော်တို့တွေမှာ အကျင့်ဆိုးတစ်ခုရှိပါတယ်။ အဲ့ဒါက ကျွန်တော်တို့တွေမေ့နေတာတွေ တော်တော် များများပေါ့။ မသိတာတော့မဟုတ်ဘူး။ သိတယ်..အဲ ဒါပေမယ့် သတိမထားမိတာတို့ မေ့နေတတ်တာတို့ပေါ့။ အဲ့လိုချိန်တွေမှာ တချို့ စာရေးဆရာတွေ ကပဲဖြစ်ဖြစ် ရေးသားတဲ့လူတစ်ယောက်ယောက်ကပဲ ဖြစ်ဖြစ် ချရေးပြလိုက်ရင်။ ဟင်း…ဒါတွေသူပြောမှလား ငါတို့ လည်းသိတာပဲဆိုတာမျိုးတွေပေါ့။ ကျွန်တော်ခဏခဏ တွေ့ရပါတယ်။ ဟိုနေ့ကပဲ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်ဖတ်နေတဲ့ စာအုပ်လေးထဲက စာကြောင်းအချို့ရွက် ပြလိုက်တော့ သူကပြောပါတယ်။ ဒါများသူရေးမှလားကွ ငါတို့လည်းသိတာပဲလို့ပြောပါတယ်။ ဟုတ်ပါတယ် ကျွန်တော် တို့တွေ သိကျတာတွေ ပတ်ဝန်းကျင်မှာများပါတယ်၊ လူ့အဖြစ်ပျက်တွေ လူ့ဘောင်တွေထဲမှာလည်းများ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသိဥာဏ်နဲ့ဆုံးဖြတ်ချက်တွေက အရေးကြုံလာတဲ့အခါ အလုပ်မလုပ်ကျတော့တာတွေလည်း အများကြီးပါ။ အဲ့ဒါကြောင့်တချို့စာရေးသူတွေက အကြောင်းတခုတည်းကို ထပ်တလဲလဲပဲဖြစ်ဖြစ် ရှဲဒိုးရေးနည်းနဲ့ပဲ ဖြစ်ဖြစ် ရှဲဒိုး ရေးနည်းနဲ့ပဲဖြစ်ဖြစ် ပြန်ပြန်ရေးပြီး လူတွေအမြဲသတိရှိနေတတ်အောင် ပညာပေးနေကြတာပါ။ ဒါပေမယ့် လူတွေကခက်သား ကိုယ်သိပြီးသားကို တခြားတစ်ယောက်လာပြောရင် အဲ့ဒါဘာဖြစ်လည်း ငါသိပြီးသားဆိုတဲ့ အိုင်တင်မျိုးသိပ်လုပ်ချင်ကြပါတယ်။ တကယ်တန်းအရေးကြုံလာတဲ့အခါကျရင်တော့ တစ်ယောက်ယောက်ကိုဖြစ်ဖြစ် တစ်ခုခုကိုယ်ဖြစ်ဖြစ် အားကိုးရှာချင်ကြသေးတယ်။

နောက်ထပ်တစ်ခုအနေနဲ့ထပ်ပြောချင်ပါသေးတယ် အဲ့ဒါကတော့ တသက်မှတ်နဲ့ဆန့်ကျင်ဘက်ပါ။ ကျွန်တော်တို့ဝန်းကျင်နဲ့တခြားသူတွေရဲ့ ၀န်းကျင်တွေမှာပဲဆိုဆို၊ လောကဆိုတဲ့ခေါင်းစဉ်အောက်မှာပဲဆိုဆို၊ ဘယ်နေရာ မှာပဲဆိုဆိုပေါ့ဗျာ။ တော်တော်များများကမဟုတ်ဘူးလို့လဲ ပြောလို့မရဘူး အနည်းကျည်းလို့လဲ ပြောလို့မရတဲ့ အနေထားတစ်ခုပေါ်မှာ စိုကြပါစို့။ ခေါင်းနည်းနည်းရှုပ်သွားတယ်ထင်တယ်။ ဒီလိုပါ တစ်ချို့အကြောင်းအရာ အချည်းအရာတွေကို လူတွေကတသတ်မှတ် အမြင်နဲ့ပဲပိုင်းခြားကြတာတာတွေ တွေ့ကြရမှာပေါ့။ ဥပမာဗျ- “အာ..ဒီအရာကဘယ်တော့မှ ပြောင်းလဲလို့ရမယ့်အရာမှမဟုတ်တာ၊ တချို့ကလည်း ဘယ်တော့မှလည်းပြောင်းလည်းလို့မဖြစ်နိုင်ပါဘူးဆိုတာမျိုးတွေကို လူတွေကလုံးဝမဖြစ်နိုင်တော့ဘူးလို့ပဲ တစ်ထစ်ချ ယူဆလိုက်ကြတာများတယ်။ အဓိကကတော့ opposite သဘောတရားနဲ့ အနည်းအများကိုနားမလည်ကြတာပါ။ ရှင်းရှင်းပြောရရင် မေ့နေတတ်တာပါ။ ရှိပါတယ် တချို့တချို့သော လူတွေက ဖြစ်နိုင်တာရှိသလို မဖြစ်နိုင်တာလည်းရှိတာပဲလို့ ပြောတဲ့သူတွေလည်း တပုံကြီးပါ။ အဲ့ဒါကတော့သူတို့ဟာ စဉ်စားတွေးခေါ်ပြီးမှ ပြောတတ်တဲ့ အပိုင်းထဲမှာပါသွားပြီလေ။ နဲနဲတော့ အတွေးခေါ်ဆန်ဆန် လေးနက်တယ်ဆိုပါတော့။ အဲခပ်တုံးတုံးနဲ့ ဘာမှခေါင်းရှုပ်မခံပဲ အေးအေးဆေးဆေးမွေးဖွားလာပြီး အေးအေးဆေးဆး ချုပ်ငြိမ်းသွားတဲ့ လူတွေကတော့ ရှိရင်းစွဲ စကားလုံးတွေ နိယာမတွေ အတွေးခေါ်တွေဟောင်းတွေ ရိုးရာအဟောင်းတွေနဲ့ပဲ သုံးစွဲပြီးပြန်သွားကြတာပါပဲ။

လောကထဲရောက်လာတယ်..ရှေ့မှာချန်ထားသွားကျတဲ့ စကားလုံးတွေ(ဒီနေရာမှာ စကားလုံးလို့ပဲအလွယ် သုံးလိုက် ပါတယ် ပြောချင်တာကတော့ တော်တော်များများပေါ့) ကိုသိသိမသိသိ၊ မှန်မမှန်၊ ချို့ယွင်းချက်ကလေးတွေကိုလည်းရှိရှိမရှိ ဘာမှမသိသလို စိတ်လည်းမ၀င်စားဘူး၊ ဂရုလည်းမစိုက်ကြပါဘူး။ အေးဆေးပေါ့ပါးစွာပဲ နေ၀င်ကုန်ကျတယ်။ ကောင်းပါတယ် …. ဒါလည်း သူ့ရှင်သန်မှုနဲ့သူပေါ့။ အဓိကဆိုလိုရင်းကို ပြောချင်တာကတော့ နိယာမတို့၊ အဖြစ်ပျက်တို့၊ အကြောင်းရာတို့၊ ခံစားမှုတို့၊ အများအားဖြင့် မျက်လုံးအမြင်နဲ့ မမြင်ရတဲ့ အရာတော်တော်များများမှာပေါ့ဗျာ (တချို့ emotion တွေမှာလည်းပါတာပေါ့) ဆန့်ကျင်ဘက် သဘော တရားလေးတွေရှိတယ်။ အဲ တစ်ခုပဲ မီးများမီးနိုင်ရေများရေနိုင်ဆိုသလို အနည်းအများနဲ့ကွာပြီး သာတဲ့ဘက်က တရားဝင် ဖြစ်သွားတာမျိုးပေါ့။ ဥပမာ-ကိုယ်ကောင်းတာလုပ်ရင် ကိုယ်လည်းပြန်ကောင်းမယ်ဆိုတာမျိုးပေါ့။ ကိုယ်ကကောင်းတာလုပ်ပြီး ပြန်ကောင်းခွင့် မရာတာတွေမရှိဘူးထင်သလား။ ရှိပါတယ်လောကမှာ တပုံကြီးရှိတယ်။ အဲ ကျွန်တော်စောစောကပြောသလိုပေါ့ဗျာ ရေကများတော့ အားလုံးက မဲများတဲ့ဘက်ကနေတရားဝင်သတ်မှတ်ပစ်လိုက် ကျတယ်။ အဲ့တော့ အားနည်းတဲ့ဘက်က ချို့ယွင်းချက်က နဲနဲတိမ်မြုပ်သွားတယ်။ အဲ့တော့ တော်တော်များများလူတွေက တရားဝင်ဘက်ကိုပဲ (ဥပဒေ သဘောတရားလည်းဆန်ချင်ဆန်မှာပေါ့ဗျာ ဥပဒေဆိုတာလည်း လူကသတ်မှတ်ထားတာပဲ) တစ်ခါတစ်လိုအပ်ရင် အများပြောနေကျတဲ့ ထပ်တလဲလဲတွေကို ပါးစပ်ဖျားမှာ ချိတ်မယ် ကိုယ်ကောင်းရင် သူလည်းကောင်းမှာပဲဆိုပြီး ပြီးစလွယ်ပြောကြ လုပ်ဆောင်ကြတယ်။

တကယ်တော့ ဘယ်အရာမှ တသတ်မှတ်မရှိတာကို မသိတာမဟုတ်ပါဘူး။ မေ့နေကျတာပါ။ အဲ့မေ့နေတာကိုက မသိခြင်းထဲမှာ ကိုယ့်ကိုကိုယ် မသိတဲ့ရေတွေချိုး မသိတဲ့ထမင်းတွေစားပြီး မသိတဲ့ဘ၀ခေါင်းစဉ်တပ်ပြီး ပေါ့ပါးတယ်ဆိုတဲ့ ဘ၀ အမည်ခံပြီး ငါဟာလွတ်လပ်စွာနေချင်တယ်ကွာဆိုပြီး မသိသလိုနဲ့ပဲ ကွယ်လွန်သွားကျတဲ့ လူတွေပေါ့။ ဘယ်အရာမှာ တသတ်မှတ် မရှိသလို ချို့ယွင်းချက်ဆိုတာလည်း အရာအရာတိုင်းမှာ သူ့ဟာနဲ့သူတစ်ခုဆီတော့ ချို့ယွင်းချက်ရှိနေတာပါပဲ။ ဥပမာထပ်ပေးရရင် အချိန်ကိုနောက်ပြန်ဆွဲလို့မရဘူးဆိုတာမျိုးပေါ့။ စာဖတ်သူကတော့ကျွန်တော့်ကို ဘယ်လိုထင်မလဲလို့ မမေးတော့ဘူး။ ဟုတ်တယ်လေ ဘယ်လိုဆွဲလို့ရမှာလည်းလို့ ခပ်ပေါပေါနဲ့ချက်ချင်းဆုံးဖြတ်တတ်သလို တချို့ကျတော့လည်း စိတ်ဝင်းစား စရာတော့ကောင်းသား ဆိုပြီးဆက်ဖတ်နေမှာပဲ။ ဟုတ်တယ်မလား? အဲကျွန်တော်ဥပမာမပေးခင် မေးခွန်းတစ်ခုလောက်မေးချင်တယ်။ အချိန်ဆိုတာကိုပေါ့ လူတွေက ဘယ်လိုသတ်မှတ်ထားတာလည်း၊ နာရီနဲ့လား၊ ပြက္ခဒိန်နဲ့လား၊ ဒါမှမဟုတ် နေ၀င်နေထွက်ခြင်းနဲ့လား၊ ထားပါတော့ မေးခွန်းက ကိုးလို့ကန့်လန့်ဖြစ်နေမယ်ဆိုတာ။ ဖြေမနေပါနဲ့တော့ ဘာလို့လဲ ဆိုတော့ ကျွန်တော်ပေးမယ့်ဥပမာကလည်း အဲ့လို ဘာမှန်းမသိတဲ့ ဥပမာလိုဖြစ်နေမှာ စိုးလို့ပါ။

ကဲပါ ဥပမာဗျာ- ချမ်းသားတဲ့သူဌေကြီးတစ်ယောက်ရှိတယ်ဆိုပါစို့။ သူကအရှေ့နိုင်ငံမှာနေတယ် Australia မှာပဲစိုကြပါစို့။ အဲသူကဗေဒင်ကို ယုံကြည်တယ်ပြီးတော့ ယတ္တရာချေတာလည်း အမြဲလုပ်တဲ့သူပေါ့။ အဲဖြစ်ချင်တော့ သူ့ကို ဗေဒင်ဆရာက မနက်ဖြန် နေ့လည် ၁၂း၀၀ နာရီတိတိမှာ သူပြောတဲ့အတိုင်း ဗေဒင်ကိုချေရမယ်ပြောလိုက်တယ်။ ဒါပဲပြောတယ်ကျန်တာမပြောဘူး။ အဲသူဌေးကြီး လည်း အဲ့သူကိုးကွယ်တဲ့ဗေဒင်ဆရာ ပြောသလိုလုပ်တယ်ပေါ့။ ခက်တာကသူကံဆိုးသွားတယ်။ ၁၂း၀၀ တိတိမှာ သူမလုပ်လိုက်နိုင်ဘူး။ ၅ မိနစ်လောက်နောက်ကျသွားတယ်။ ကဲခင်ဗျားတို့သူ့နေရာမှာဆိုဘာလုပ်မလည်း။ တစ်ခုရှိတယ်လေ သူ့ကိုဗေဒင်ဆရာက ၁၂း၀၀ တိတိမှာလို့ပဲပြော လိုက်တာ ဘယ်နေရာ ဘယ်ဒေသမှာလို့မှမပါတာ။ ဟုတ်တယ်ဟုတ် အဲ့တော့ သူကကိုယ်ပိုင် လေယာဉ်နဲ့ အနောက် နိုင်ငံကို ချက်ချင်းလစ်လိုက်မယ်ဗျာ။ ဘာလို့လည်းဆိုတော့ အရှေ့နိုင်ငံမှာက နာရီအနဲငယ်မြန်နေတယ်မဟုတ်လား? သူ ၁၂း၀၀ ကိုမှီနိုင်မယ့် နိုင်ငံတစ်နိုင်ငံမှာဆင်းပြီး သူ့ယတ္တရာကိုခြေလို့မရနိုင်ပေဘူးလား။ အဲ့တော့ အဲ့နေရာမှာ အချိန်ဆိုတာ ဘာနဲ့သတ်မှတ်ထား သလည်းဆိုတဲ့ အဖြေဟာရှာရခက်သွားပြီ။ တကယ်ပါ ကျွန်တော်လည်း ဘာနဲ့အတိကျသတ်မှတ်ထားသလည်းဆိုတာ ခုထိစဉ်းစား လို့မရသေးသလို ထပ်လည်းမစဉ်းစားတော့ပါဘူး။ ကျွန်တော်ဟာ ထိန်းချုပ်မှုတွေရဲ့အပြင်ဖက်မှာနေတဲ့သူတစ်ယောက်ပါ။ လွတ်လပ် ချင်တယ်။ ဒါပေမယ့် အသိစိတ်တွေ လွတ်သွားတဲ့လွတ်လပ်မှုမျိုးတော့ဘယ်ဟုတ်မလည်း။ ကျွန်တော် အရှုးထောင်ထဲက အရုးမှမဟုတ် တာ။ အရှုးဆိုတာလည်း နှစ်မျိုးပဲရှိပါတယ်။ ထောင်ထဲကအရှုးနဲ့ ထောင်ပြင်ကအရှုးပါ။ ဒါပေမယ့် အဲ့အရှုးက သက်ရှိတစ်ခုတည်းက ဆင်းသက်လာတာပါပဲ။ ဟုတ်တယ်ဟုတ်။




ဆက်လက်ရေးဖို့ကျန်နေပါသေးတယ်
( မင်းနွေဦး )

Monday, November 14, 2011

အဖြူထည်

ဖြောင့်ဖြူးမယ်ထင်တဲ့လမ်းပေါ်မှာ
နွားလှည်းလမ်းကြောင်းလို အစင်းနှစ်ကြောင်းနဲ့
ငါဟာ အနုပညာဆန်ဆန် အစင်းရာတွေနဲ့ပေါ့

လက်ပံပွင့်တွေကို အဆုပ်လိုက်ပွင့်ခိုင်းဖို့
တစ်နွေရာသီစာလေးပဲလိုတော့တယ်
ဒါပေမယ့် ငါ့အိပ်တန်းပေါ်မှာ
ဆောင်းတစ်ဝက်မိုးတစ်ဝက် ကောင်မလေးက
ခြောက်ကပ်ကပ်အပြုံးနဲ့

ငါ့စိတ်ကို တစ်ထွာစလေးပဲရှေ့ဆက်ပြေးခွင့်ပြုပါ
ငါဆိုတဲ့ကောင်က အချစ်နဲ့ပတ်သက်တဲ့ သင်္ကေတ
လက်သည်းတစ်ခွံစာလောက် အရိပ်လေးပဲရရင်တောင်
ပိတောက်တွေနဲ့ ၀ါထိန်နေတဲ့ နွေရာသီပါ

မသိုးမသန့်နဲ့ ချောင်းနဘေးမှာ
ဖြူဖြူစင်စင်အမြစ်တွယ်ရင်း
ငါထိုင်စောင့်ခဲ့ပါတယ်
ပင်ဆီဖြစ်ခဲ့တယ်.....
အကိုင်းတွေထွက်ခဲ့တယ်....
အရွက်တွေဖြာခဲ့တယ်.....
ဒါပေမယ့် ပန်းတွေဝေဖို့ လက်တစ်ထွာစာပဲလိုတော့တယ်

ငါ့နေ့တစ်ဝက်ကိုပိုင်တဲ့ သချာင်္ရောင်ကောင်မလေး
နေတစ်ခြမ်းတောင်ဝင်တော့မယ်...
ဒီတစ်နွေကိုလည်း
အဖြူရောင်ဆန်ဆန်သံယောဇဉ်က
ခမ်းနေတဲ့စမ်းချောင်းနဲ့အတူ
ခြောက်ကပ်ကပ်ကုန်ဆုံးဦးမှာလား

( မင်းနွေဦး )

Monday, October 10, 2011

ဆန့်ကျင်ဘက်


ပန်း
ရင်ခုန်သံ
ကျကွဲ

ဘာသာစကားတစ်ခုကို
ကျွမ်းကျင်တတ်မြောက်တဲ့ကောင်မလေးတစ်ယောက်
ဘောတံတားလေးတစ်ခုပေါ်မှာ ရပ်နေတယ်
ဘာ…..ဘာသာစကားကိုမှ မသင်ယူရသေးတဲ့
ကောင်လေးတစ်ယောက်…..
ရကောက်…အခိုင်လေးပေါ်မှာ
ခကွေး…အခက်လေးတွေနဲ့
သ…ဆိုတဲ့ ပွင့်အာလုဆဲဆဲ အငုံပွင့်လေးကို ကိုင်ပြီး
ကောင်မလေးဆီ လျှောက်လှမ်းသွားတယ်…..
“ ခလွမ်း ”
“………….”

ကောင်မလေး ဘာသံမှမကြားလိုက်ဘူး
သူရပ်နေတဲ့ရှေ့က
S ရယ် ခြင်္သေ့ရယ် ဆင်ဖြူတော်တွေနဲ့ ပြည့်လျှံနေတဲ့
သမုဒ္ဒရာထဲက လှေလေးတွေကိုပဲကြည့်မြဲကြည့်နေတယ်
လှေလေးတွေကလည်း တဖြည်းဖြည်း ကောင်မလေးအနားမှာပဲ
လွင့်မြဲလွင့်နေတယ်…….

ကောင်လေးခြေလှမ်းတွေ နောက်တစ်ဖက်ဆီကို
ပြန်လည် ဦးလှည့်လိုက်တယ်………
(သူကျောခိုင်းပစ်လိုက်)
သို့သော်…….
သူကျောခိုင်းပစ်လိုက်တာ
အလျားအနံမညီတဲ့ သမုဒ္ဒရာအတုထဲက
လှေလေးတွေကိုပါ…….
ကောင်မလေးအတွက် ယူလာတဲ့
အမည်မသိ မျှော်လင့်ချက်ကလေးကိုတော့
ကောင်မလေးနာမည်တပ်ပြီး ၀ဲဘက်အခန်းနံရံမှာ
အလှချိတ်ထားလိုက်တော့တယ်…..

(အချစ်နဲ့ချောင်းဆိုးတာ ထိန်းချုပ်လို့မရဘူးတဲ့
ကောင်မလေးရယ်………
အခုထိငါမင်းကို အဟွပ် အဟွပ် ဖြစ်နေတုန်းပဲ)

Tuesday, September 20, 2011

ဖြေသိမ့်လိုက်ပါတယ်

ဖြေသိမ့်ခဲ့ပါတယ်….. ငါဝါးမိခဲ့တဲ့ ငါးမှာအဆူးရှိခဲ့တဲ့အတွက်
စားတိုင်းမကောင်းဘူးလို့
အဲ့နှုတ်ခမ်းကပဲပြောခဲ့ဘူးတယ်….
ငါ့မှာလေ………သင်ခန်းစာတွေ
တပုံတခေါင်းကြီးနဲ့

လောကမှာဘယ်အရာမှ အစွန်းရောက် နစ်နာမှု
မရှိဘူးဆိုတာလည်း မင်းသင်ပေးခဲ့တာပဲ….
ဒါပေါ့…..တစ်ခါနာကျင်ပြီးတိုင်း ငါ့အတွက်တော့
အနည်းဆုံး ကဗျာတစ်ပုဒ် ကျန်နေခဲ့သေးတာပဲ
ကဲပါ…..ဖြစ်ပြီးသမျှတွေခဏမေ့ထား…
ခုလောလောဆယ် စမတ်ကျကျဖလှယ်ကြတာပေါ့
မင်းနဲ့ငါကြားမှာတော်တော်များများ
အနားလည်နိုင်ဆုံးတူညီနိုင်ခဲ့ကြပါရက်နဲ့
ဘာကြောင့် ချစ်သူဆိုတဲ့ ခေါင်းစဉ်ကို
နှစ်ဦးစလုံး ထပ်တူမဆောင်းနိုင်ခဲ့ကြတာလည်း
ဒါလည်း လောကမှာအသွင်တူတိုင်း
ကြင်သူမဖြစ်နိုင်ဘူးဆိုတဲ့…..
သင်ခန်းစာ အပိုင်းစတစ်ခုပဲနေမှာပါ…..

အဲ့လိုအပိုင်းစတွေတဖြည်းဖြည်း များများလာတော့
နေ့စဉ်နဲ့အမျှ ရှုလိုက်ထုတ်လိုက် လုပ်နေတဲ့
လေ့ကျင့်ခန်းတောင် ငြီးငွေ့လာသလိုလို
ဒါပေမယ့်….ငါထပ်ဖြေသိမ့်လိုက်ပါတယ်…
ခုတော့လွတ်လပ်မှုကိုခုံမင်တဲ့ တို့နှစ်ယောက်
တကယ်တမ်း လွတ်လပ်သွားကျသွားကြတဲ့အခါ…

တစ်ခါတစ်လေတော့လည်း လွတ်လပ်မှုတွေကြားမှာ
ချုပ်နှောင်ခံကြရသေးတာပဲ….
ခုကြည့်….လွမ်းဆွတ်မှု အချုပ်နှောင်တွေကြားမှာ
မင်းရောငါရော ရုန်းထွက်နိုင်ကြလို့လား….

ဒီလိုပါပဲ တို့တွေဝင်ထိုင်လိုက်တဲ့ လောကကန်တင်းမှာ
ဘယ်အရာမှ တည်မြဲမနေပါဘူး….
မင်းနဲ့ငါ အတူတူထိုင်နေရက်တောင်
တို့မျက်လုံးတွေက ပတ်ဝန်းကျင်ဆွဲခေါ်ရာနောက်ကို
လိုက်ကြည့်မိကြသေးတာပဲ…..
မင်းကြည့်လိုက်တဲ့ ပတ်ဝန်းကျင်ကို
ငါကြည့်မိချင်မှ ကြည့်မိမယ်
ငါကြည့်လိုက်တဲ့ ၀န်းကျင်ကို မင်း…
လိုက်ကြည့်ချင်မှ လိုက်ကြည့်မိမယ်
အဲ့လိုပဲ မင်းကြည့်တဲ့ ၀န်းကျင်ကငါ့ကို...
ကြည့်ချင်ကြည့်နေမယ်
ငါကြည့်လိုက်တဲ့ ၀န်းကျင်က မင်းကို...
အကဲခတ်ချင် ခတ်နေမယ်
အားလုံးဟာ သူ့ tempo နဲ့သူလှုပ်ရှားနေတာပဲ

ဟောကြည့်……..စားပွဲထိုးလေးတောင်
ကုန်သွားတဲ့ တို့ရေနွေးအိုးကို လာသိမ်းသွားပြီ
သူလည်းသူ့ရွေ့လျားမှုနဲ့သူပေါ့လေ….
တို့တွေနဲ့လည်း သိမှမသိကြပဲ
ဒါပေမယ့် တို့တွေနဲ့တော့ တစ်ခါတစ်ခါ
လာပတ်သတ်နေကြရတယ်မဟုတ်လား
မင်းနဲ့ငါ့ နှလုံးသားလည်း အဲ့လိုပဲ....
ကမ္ဘာဦး အစမှာလည်း မတွေ့ခဲ့ဖူးဘူး
အရင်ကတည်းကလည်း သိကျတာမဟုတ်ဘူး
ခုတော့ ပတ်သက်မှုတွေ ထန်နေခဲ့ရတယ်

ခုငါဒါတွေရေးနေချိန်မှာ မင်းကငါ့ကို
အရူးတစ်ယောက်လို့ သတ်မှတ်ချင် သတ်မှတ်နေမယ်
ငါကတော့ မင်းကို သိပ်ထက်တဲ့ မိန်းမတစ်ယောက်လို့
အထင်ကြီးနေတုန်းပဲ…..
ဟား……ဟား…..ဟား….
ငါအဲ့လို မင်းကွယ်ရာမှာ တစ်ယောက်တည်း
ရယ်မောဖြစ်တဲ့အခါ မင်းငါ့ကို အဲ့ မျက်စောင်းလှလှလေးတွေ
ထိုးပစ်ဦးမှာပဲမလား

အတွေးတွေကို ချုပ်နှောင်ထားတာကလွဲရင်
ငါဟာ လွတ်လပ်ချင်နေတဲ့ ငကြောင်တစ်ကောင်ပါ
လွတ်လပ်မှုတွေကြားမှာ မနေချင်တဲ့
မိန်းကလေးတချို့ကို ငါ…
ခပ်ပြုံးပြုံးလေး ထိုင်ကြည့်ခဲ့ဘူးတယ်….
ခု နှစ်ယောက်စလုံး လွတ်လပ်မှုကို မြတ်နိုးတဲ့အခါ
တို့တွေ ဘယ်ကို ပျံသန်းကြမလဲ…..
ကောင်းကင်ထဲကိုလား….တောအုပ်ထဲကိုလား….
အဲ့လိုနဲ့ပဲ..တို့ရင်ဘတ်တွေကို
အင်္ကျီအောက်ထဲ ပြန်သိမ်းဆည်းလိုက်ကြရတယ်…

ဟူး………
နှလုံးသားနဲ့ပတ်သတ်ရင် ငါဟာ
သတ်သတ်လွတ်ပဲစားနေရတဲ့ နွားတစ်ကောင်လိုပါပဲလား…..။

Friday, September 9, 2011

ပိုးစုန်းကြူး

ပိုးစုန်းကြူးလေးရေ.....ငါဟာ မီးကို မကိုးကွယ်တတ်တဲ့
ကမ္ဘာဦးလူသားပါ
အလင်းရောင်လေးကိုပဲ တောင့်တမိခဲ့တာ…
မင်းနဲ့ပတ်သက်ရင်
ငါဟာ အလိုလို အမှောင်ကျနေတတ်တယ်
ဒါမှလည်း တစ်ယောက်ကိုတစ်ယောက်
မြင်တွေ့ရမှာမဟုတ်လား။

ဟော…..
ငါ့ညနေခင်းတောင် အိပ်တန်းဝင်သွားပြီ
အဲ့လို့ပဲ ငါဟာမသိသလိုနဲ့
ငါ့နေ့ခင်းတွေကို အလွယ်တကူ
နေ၀င်ပစ်ခဲ့တယ်…..

အပေါင်းအနုတ်ဆန်တဲ့
အဖိုအမ သဘာဝအတွက်
ငါတို့နှစ်ယောက်စလုံး
ပြိုင်တူလင်းနေလို့ မဖြစ်ဘူး
အဲ့တော့ ငါကပဲ မိုးချုပ်ပေးလိုက်တယ်…

ပြောရင်းဆိုရင်း လမင်းကြီးတောင်
အလိုက်တသိနဲ့ မိုက်ပြလိုက်ပြီ
ပိုးစုန်းကြူးလေးရေ……
သံစုန်တွေလဲ့လဲ့ခတဲ့ညမှာ
မင်းအလင်းကို ငါ့မှန်အိမ်ထဲထည့်
အမှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့
လမ်းများကြရအောင်။
                               

ကိုယ့်ကိုကိုယ်လှည့်စားတဲံ ပီတိ

ကမ္ဘာမြေပေါ်မှာ ရှင်သန်နေတဲ့
ငါ့ကိုအမေက မွေးဖွားပေးခဲ့တယ်
ကမ္ဘာမြေကတော့ မဟုတ်ဘူး….
ငါ့နှလုံးသားထဲက ရင်ခုန်သံတွေကြတော့
မင်းက မွေးဖွားပေးခဲ့တယ်....

ရင်ခုန်တိုင်းအချစ်လို့ပြောရင် မင်းယုံမှာလား
ဟိုး…မိုးကုတ်စက်ဝိုင်းပေါ်က ကွေးညွန့်နေတဲ့
ရောင်စုံခြယ် သန့်တံလေးကိုရော..
အချစ်ရဲ့ သင်္ကေတလို့ပြောရင် မင်းယုံမှာလား
အဲ့လိုပဲ အချစ်ဆိုတာ တစ်ခါတလေ ဘာမှမဆိုင်ပဲနဲ့
ပတ်သက်နေတတ်တယ်….

အချစ်ဆိုတာ ကြည့်လိုက်ရင်တော့ဘာမှမဟုတ်သလိုနဲ့
Difination ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ကောင်ပေါ့
ငါတို့ဆာလောင်နေတဲ့ ရင်ခုန်သံတွေကို
အချစ်ဆိုတဲ့အစာအဟာရလေးတပ်ပြီး
အမှတ်တရတွေကို ဖန်တီးယူကြတဲ့အခါ
ပတ်ဝန်းကျင်ကအသည်းကွဲနေတဲ့သူတွေ
ငါတို့ကို အားကျနေလိမ့်မယ်။

ရိုးရိုးလေးနဲ့လှတဲ့ကောင်မလေးရေ
ရိုးရိုးလေးပဲတွေးလိုက်ပါ…
အချစ်ဆိုတာတကယ်တော့ အချစ်ပါပဲ…

အမြဲငတ်မွတ်မှုအောက်မှာ နေထိုင်နေခဲ့တဲ့ငါ
နှလုံးသားလက်သည် မင်းနဲ့ကြမှ
အမြဲမခုန်တတ်တဲ့ ငါ့နှလုံးသား အလန်းမရပ်တော့တဲ့
နာရီတစ်လုံးလို့ပဲ…..ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့
အချိန်ပြည့် ခုန်နေတော့တယ်။

ထုတ်ကုန်ရနံ့တွေကင်းတဲ့ နှင်းဆီဖက်လေးလို
နှုတ်ခမ်းနှစ်လွှာအောက်မှာ ငါ့ကို
ခဏတာ ကျရှုံးခွင့်ပြုပါ။

ချစ်သူ…..
ငါ့ခြေတွေ ရဲရင့်ဖို့အတွက် အသင့်ပြင်ထားပြီ
ဆိုင်ကယ်တောင် ဘီးနှစ်ဘီးလုံးတပြိုင်တည်း ရွေ့သေးတာပဲ
စိတ်ချပါ…. ငါ့ခြေလှမ်းတွေ နှစ်ဖက်လုံးလှမ်းမှာပါ
တဖက်တည်းလှမ်းရမယ်ဆို အဲ့ခြေလှမ်းတွေ
ငါဘယ်တော့မှမလှမ်းဘူး….။

ငါ့နှလုံးသားက စက်ပစ္စည်းမဟုတ်တဲ့အတွက်
သတိရခြင်းရက်စွဲတွေရက်ထက် အနည်းဆုံး
တစ်ရက်တော့ ပိုကြာရှည်ခံမှာပါ။

ဟိုး….မြောက်ရိုးစွန်းတစ်နေရာကနေ..
ဒီဘက်တောင်ရိုးစွန်းတဲ့အထိ တို့ခြေလှမ်းတွေ ခရီးနှင်ကြတာပေါ့
ခရီးဆုံးလို့ လာရာရိုးစွန်းပြန်ရောက်တဲ့အထိပေါ့….
မင်းမောပန်းလာတဲ့အခါကျရင်
ငါ့ကိုယ်ငါ ချွေးသုတ်တစ်ရှူးဘ၀အဖြစ်ခဏ နေပေးမယ်
ပြီးရင်တို့ အရှေ့ရိုးစွန်းကနေ အနောက်ရိုးစွန်းအထိ
ဆက်လျှောက်ကြတာပေါ့

တို့လယ်ကွင်းတွေကို ဖြတ်ကြမယ်
တို့ ကန်ပေါင်းများစွာကို ကျော်ကြမယ်
တို့ တံတားတွေကို လျှောက်ကြမယ်
တို့ ပင်လယ်ကဗွီးတွေကို ငေးကြမယ်
တို့ သစ်ပင်တွေကို စိုက်ပျိုးခဲ့ကြမယ်။

တစ်နေ့မင်း အဖွားကြီးဖြစ်တဲ့အခါ
တစ်ရက်ငါ အဘိုးကြီးဖြစ်တဲ့အခါ
တို့လျှောက်ခဲ့ဘူးတဲ့လမ်းတွေအတိုင်း
တို့စိုက်ပျိုးခဲ့တဲ့ သစ်ပင်တွေအောက်မှာ
ပီတိဖြစ်ရင်း သူငယ်ပြန်ကြမယ်။

မင်းအရင်သွားဖြစ်တဲ့အခါကျရင်
ငါ့ရင်ခွင်ထဲမှာ ပြုံးပြီးနှုတ်ဆက်ပါ
ပြီးရင် ဟိုမှာစောင့်ပါ။
တကယ်လို့ ငါအရင်သွားဖြစ်ခဲ့ရင်
မင်းလက်ဖမိုးလေးကိုကိုင် ပြုံးပြီးနှုတ်ဆက်မယ်
ပြီးရင် ဟိုမှာ ငါ စောင့် နေ မယ်….
မျက် ရည် တော့ မ ကျ ကြေး နော်……..
                                                  
(တစ်နေ့နေ့မှာ ရှိလာမယ့် ကြင်ရာဖက်အတွက် စိတ်ကူးယဉ်ပြီးရေးထားတာပါ)

Sunday, August 7, 2011

မနက်ဖြန်အတွက်

နှင်းတွေနဲ့ စိုစွက်အေးစက်နေတဲ့
ဆောင်းရာသီလို နတ်ဆိုးတစ်ကောင်က
ငါ့ကို ဖိတ်ခေါ်တယ်..........
နွေခေါင်ခေါင်က သစ္စာရဲ့ဘက်တော်သားငနဲက
အပူပြင်းဆုံး စံတော်ချိန်မှာ လာတိုက်ခတ်တဲ့
လေပြေးအေးတွေနဲ့ အတူပြန်အမ်းဖြစ်တယ်။
တချိန်လုံး ပူပြင်းလာခဲ့တဲ့ သူ့ရာသီတွေကို
ဇာတ်သိမ်းခန်းရောက်ခါနီးမှ
အေးစက်စက်ရာသီအသေတွေနဲ့တော့ လက်နက်မချချင်ဘူး။

သြော်.....ဟိုမှာ
ငါ့မြေပြင်တွေတောင် ပက်ကြားအပ်နေပြီ
အသက်ရှူဖို့ စမ်းချောင်းလေးတောင်
လက်တစ်ခုပ်စာပဲကျန်တယ်
အဲ့ဒါဒီညအတွက် နောက်ဆုံးလက်ကျန်အလွမ်းဖြေ
မနေ့ကအဖြစ်ပျက်အတွက် ဒီနေ့ငါတောင်းပန်တယ်
ငါထွက်သွားတော့မယ့် မနက်ဖြန်အတွက်
ဒီနေ့ နင့်ဆီကနှုတ်ဆက်စကား ငါကြားချင်တယ်
အဲ့ဒါ ငါတချိန်လုံး ပူလောင်ပြီး စောင့်နေခဲ့ရတဲ့
ရင်ဝှက်ပန်းတစ်ပွင့်ပါ။
ဘာမှာစရာရှိသေးလည်း
မင်းမှာချင်တာမှာလို့ရအောင်
မဖြည့်ပဲ ပြည့်နေတဲ့ ငါ့တံခါးကို ခပ်ဟဟလေးစေ့ထားပေးမယ်
ဒီည သန်းခေါင်မတိုင်ခင်တော့ရောက်အောင်ပို့ပေါ့။

ဒါနဲ့....မင်းရဲ့အနားမှာ တချိန်လုံးဒဏ်ရာရနေခဲ့တဲ့
ကျူးပစ်တစ်ကောင်ကိုတော့ မင်းကိုယ်တိုင်ပဲ
အဲ့နွေရာသီရဲ့ ပူလောင်မှုတစ်ခုနဲ့ အတူမြေမြုပ်ပစ်လိုက်ပါ။

မင်းရဲ့မနက်ဖြန်တွေမှာ မင်းရင်ထဲက
နွေရာသီအပိုင်းစလေးတစ်ခုဟာ
မိစ္ဆာတစ်ကောင်နဲ့ အတူ
မင်းနဲ့အဝေးဆုံးမှာ လွင့်စင်တော့မှာ
အဲ့တော့ ဒီညမင်းအားရပါးရ ရယ်မောပါ။

မနက်ဖြန်မှာတော့ မင်း
မ လွမ်း ဖြစ် အောင် နေ ပေး ပါ။

Thursday, July 21, 2011

ကဗျာမမှီ

စိမ်းမြနဒီ ငါ့နှလုံးသား
မင်းရနံ့နဲ့ မင်းအပါးမှာ
ပွင့်လန်းပါရစေ။

နိယာမတွေ ရှင်းထုတ်
သဘာဝနဲ့ မင်းရင်ထဲမှာ
ပန်းစိုက် ဥယျာဉ်မှူးဖြစ်ပါရစေ။

ဘ၀တစ်ဆစ်ချိုးမှာ
အလှသစ်တိုးအောင်
မင်းမျက်နှာလေးကို နှလုံးသား
အိပ်ဆောင်ထဲထည့် နုပျိုဆေးအဖြစ်
ထာဝရချိတ်ဆွဲ ပါရစေ။

ကဲ...ကြာပါတယ်ကွာ
အဖြူရောင်ကိုခေါက်ထား
တာအထွက်မှာ လီဘာခပ်ပါးပါးပုတ်ရင်း
နေကာမျက်မှန်ကိုယ်စီတပ်
ကြည်လင်ရောင်ပေါ်
သုညတစ်လုံးစီကိုင်ရင်း
၁၅ ဂဏန်းရေးဆွဲကြရအောင်။

အမှားသီအိုရမ်

သူမအတွက် ခင်းကျင်းတဲ့
ဖန်တစီရှိုးပွဲမှာ ကျွန်တော့်ကဗျာတချို့
ကိုယ့်ကိုကိုယ် ဆွဲကြိုးချပြရတယ်။

ရိုင်ဖယ်တစ်လက်ဆန်ဆန်ငါ့နှလုံးသား
မင်း...ဇာတ်သော့လာခတ်ထားပါ
စရိတ်သုံးကျဉ်ဆန်တွေနဲ့ပဲ
စာမတတ်တဲ့ ချာတိတ်တစ်ယောက်မျက်ဝန်းနဲ့
မင်းပတ်ဝန်းကျင်ကို ငါအလေးပြုပါ့မယ်။

ကျွန်တော့်ချစ်ခြင်းမှာ အလွမ်း
ကိုးဆယ်ရာခိုင်နှုန်းနဲ့စပြီး ပီတိ
တစ် ရာခိုင်နှုန်းနဲ့ အဆုံးသတ်စမြဲပါ။

ကျွန်တော်စာရေးတိုင်း
ကောင်မလေးမျက်လုံး ဖွင့်တတ်ပေမယ့်
ကျွန်တော့်နှလုံးသားဖွင့်တိုင်း
ကောင်မလေး စာမဖတ်တတ်ဘူး။

စာရွက်ပေါ်မှာ စကားလုံးတွေနဲ့
အရေးသားတွေဘယ်လောက်ပဲ ပြောင်မြောက်နေပါစေ
မိန်းမတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်တဲ့အခါ
ကျွန်တော်တို့ဟာ စာလုံးတောင်မပေါင်းတတ်တဲ့
အညံ့ဆုံးစာဖတ်သူတွေပါ။

နေ့နဲ့ညကို မှားယွင်းစွာစားသုံးမိတဲ့အခါ
အိပ်စက်ခြင်းဆိုတာ ငတ်မွတ်မှုဘောင်ထဲဝင်သွားတယ်
အချစ်ကိုအလွန်အကျွံပေးဆပ်မိတဲ့အခါ
သီအိုရမ်ဆိုတာ မှားယွင်းစွာလွဲချော်သွားတယ်။

မမှားဘူး.....ငါ မ မှား ဘူး
(အချစ်အတွက် မမှားတဲ့လမ်းပေါ်ကိုယ့်ကိုကိုယ်ပြန်မှားလို့)
ဘာပဲဖြစ်ဖြစ်ပေါ့...

အို......လမင်းငယ်
မင်း အလင်းရောင်တွေဖြာကျဖို့
ငါ့ကောင်းကင်ကို အတတ်နိုင်ဆုံးအမှောင်ချ
တိမ်မည်းတွေ ကင်းစင်ထားပါ့မယ်။

Friday, July 1, 2011

ချို့ယွင်းချက်

ရောင်စုံတွေတွဲလွဲ ကျနေတဲ့ညကို
မျက်ဝန်းထဲထည့်ပြီး ခြုံငုံကြည့်ပါတယ်
အစဉ်လာကို ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့
မဲမှောင်ခြင်းတွေပဲ မိုးချုပ်ပြတယ်။

နွေးထွေးတဲ့မျှော်လင့်ချက်တွေကို
သူမရဲ့ ဖိနပ်တစ်ဖက်ထဲထည့်ပြီး
လွတ်လပ်စွာ စိတ်ကူးယဉ်ကြည့်ဖူးပါတယ်
ဘေးကြပ်နံကြပ် ပူလောင်ခြင်းတွေပဲကြွင်းတယ်။

သင်းပျံ့တယ်လို့ ခံယူထားတဲ့ ရနံ့တွေကို
ရင်ဘတ်ထဲထည့်ပြီး ဖူးငုံဖို့ ကြိုးစားကြည့်ပါတယ်
သူဌေးတစ်ယောက်ရဲ့ လက်ကမ်းနဲ့
မိစိမ်းကား အညော်ဓါတ်တွေပဲ ပေးကမ်းစွန့်ကျဲတယ်။

အဲ့မျက်ဝန်းစိုစိုလေးတွေကို
အလှဆုံးပန်းချီကားအဖြစ် စာရွက်ပေါ်ချရေးပုံဖော်ကြည့်တယ်
မျက်ကန်းတစ်ယောက်ရဲ့ ရင်ခုန်သံနဲ့
ငါ့စာရွက်တွေပေါ်ဖြတ်လျှောက်သွားတယ်။

ဖန်တီးပေးမျှ
စွံအ နားမကြား အရသာမခံတတ်တဲ့ ကာရိုက်တာတွေနဲ့
တုံ့ပြန်ခံရဖန်များတော့ အချစ်နဲ့ ငါ့နှလုံးသားကြားမှာ
စွံအတဲ့ အငြင်းပွားမှုတွေများလာတယ်။

ကြာလာတော့ ငါ့နှလုံးသား
ရိုးရိုးလေးနဲ့ အဓိပ္ပာယ်တွေမဲ့လာတယ်။

နောက်တော့....
အဆိပ်ကို အဆိပ်နဲ့ဖြေသလို
ငါ့နှလုံးသားကို ကြေကွဲမှုနဲ့သာ
အထီးကျန်ပစ်လိုက်တော့တယ်.

ဒါမှမဟုတ်ရင်သူက အနေထိုင်မတတ်တဲ့
ကြေကွဲသူဖြစ်သွားလိမ့်မယ်........။

Thursday, May 26, 2011

အဖြည့်ခံ

ငါ့ကို နင်သောက်နေကျ
ကျစိမ့်တစ်ခွက်လို သဘောထားပါ
နင်ခံတွင်းချဉ်လာတဲ့ အခါကျမှ
ငါ့ကိုလွမ်းပါ.....။

လျှပ်စစ်မီးရောင်တွေအောက်မှာ
သဘာဝကို ဆန့်ကျင်ပြီး စည်းဇိမ်ခံယူပါ
မီးပျက်တဲ့ ညမျိုးမှာမှ
လပြည့်ညကို သတိရပါ။

ပေတရာလမ်းပေါ် ဘီးလှိမ့်ပြီး
သီချင်းသံစဉ်တွေကို အပြည့်ဝခံစားပါ
ကျောက်စရစ်လမ်းပေါ် ခြေချတဲ့အခါကျမှ
ခုံဖိနပ်စုတ်တစ်ရံရဲ့ မာကျောမှုကို လေးစားပါ။

အသပြာတွေနဲ့ လောင်းကစားလုပ်ယူရတဲ့
ရယ်မောခြင်းတွေကို ချိတ်ဆွဲထားပါ
အခက်ခဲတောင်းကုန်းပေါ် တတ်ရတဲ့အခါကျမှ
လက်တွဲခေါ်ခံရတဲ့ ပီတိကိုမှတ်မိပါ။

သိပ္ပံတွေရဲ့ အအေးဓါတ်ကို ခိုလှုံပါ
ကန္တာရထဲရောက်တဲ့ အခါကျမှ
မိုးအေးအေးမှာ သောက်ရတဲ့
ကော်ဖီတစ်ခွက်ကို တောင့်တပါ။

ငါ့အတွက်တော့....
သုဘရာဇာရဲ့ ပေါက်တူးအောက်ရောက်မှ
မင်းကိုလွမ်းဖို့၊ ဖြည့်ဆည်းပေးဖို့ကို
အဆုံးသတ်ရလိမ့်မယ်....။

ဆိုရှယ်...

သူပြန်သွားမှ ငါ့ကိုယ်ငါ
ဖွင့်ကြည့်ဖို့ သတိရတယ်
သြော်.....
အနာပလာတွေပြည့်လို့ပါလား။

မီးခြစ်တွေတစ်ခြစ်ပြီးခြစ်
ဆေးလိပ်တိုတွေသာ ပြာခွက်ထဲမှာကုန်သွားတယ်
ခုထိအဲ့အလှပတရားကို ပုံဖော်ချရေးဖို့
ဘယ်မှာလဲ စကားလုံးတွေ...။

စာရေးဆရာတစ်ယောက်ကရေးတယ်
လူတွေဟာလောကကြီးထဲမှာ
အမှိုက်တွေလာဖွသွားကြတယ်တဲ့
သူမကတော့ ကျွန်တော့်ရင်ထဲမှာ
အမှိုက်တွေလာဖွသွားတယ်။

ဒီတစ်ခါလည်း ငါ့ကဗျာ
ရေးလက်စတိုးလို့တန်းလန်းနဲ့ မဆုံးသွားပြန်ဘူး။

အိပ်ကပ်ထဲနှိုက်ကြည့်လိုက်တော့
စက္ကူမှိုင်းတွေမဟုတ်တဲ့
မီးခြစ်တစ်လုံးပဲကျန်ခဲ့တယ်။

ဂတ်စ်မကုန်သေးသရွေ့
မီးခြစ်ဆိုတာခြစ်ဖို့ပဲ....

ငါ့နှလုံးသားကချစ်တတ်ဖို့သက်သက်ပါ

တားမြစ်ထားတဲ့ စည်ပင်သာယာ
နယ်နမိတ်မဟုတ်ဘူး
ဖြတ်သန်းသွားလာခွင့်ရှိတယ်
ပုဒ်မတွေကင်းမဲ့တဲ့ဇုန်
အုတ်မြစ်လာချသွားချင်လည်းရတယ်
အလွမ်းအိမ်ငှားတွေခေါ်လာခဲ့ချင်သေးလား
သဘောပဲ....

ဒီထက်ပိုဆိုရှယ်ကျပြရဦးမလား.....

Thursday, May 19, 2011

အသံမထွက်တဲ့ ဂစ်တာတစ်လုံး

ငါ့ရဲ့ညကိုဝှက်ပြီး
ရေးလက်စကဗျာလေးနဲ့
ငါ့ခေါင်းအုံးပေါ် အိမ်မက်ပစ်လိုက်တယ်။

ဆိုးပါတယ်....
အလဲအကွဲတွေတစ်ထပ်ကြီးနဲ့
စာရွက်ပေါ်က သာယာမှုလေးကလွဲရင်

သံချပ်ကာတွေမပါတဲ့ရင်ဘတ်နဲ့
ငတ်မွတ်မှုလေးကို ၀င်ဆောင့်ပစ်လိုက်တာ
အချိန်တန်တော့လည်း ရလဒ်ကမနေ့ကလိုပါပဲ။

ဘောပင်ကိုင်တဲ့လက်နဲ့
နှလုံးသားကိုပန်းလို နူးညံ့ကြည့်တယ်
နောက်ဆုံးတော့ လောင်မြိုက်ခံရတဲ့ စက္ကူပန်းလိုပါပဲ။

ဟုတ်တယ်...
မွေးလာကတည်းက ကျူးပစ်မပါလာတဲ့ ကောင်ဆိုတော့
ကျူးပစ်ခင်းတဲ့လမ်းပေါ်မှာ   ငါ
အသံမထွက်တဲ့ ဂစ်တာတစ်လုံးလိုပဲ။

သွေးသားတွေက တောင်းဆိုတယ်
ရက်စက်ပစ်လိုက်ပါ ဒါမှရင့်ကျက်မယ်တဲ့
တော်ပါ မရင့်ကျက်ချင်နေပါ    ငါ
မရက်စက်ချင်ဘူး.....။

သွားပါ....ထားသွားကြပါ
အခုလောလောဆယ်တော့    ငါ
စောင့်ရမယ်......စာင့် ရ ဦး မယ်....။
(ဘာကိုစောင့်ရမယ်ဆိုတာ ငါ့ကိုယ်ငါမသေချာသေးဘူး)

လောကကြီးဆိုတာ
အလဲအကွဲ ထမင်းဟင်းသိုးတွေ ပစ်ကျွေးပြီး
နင်လာတဲ့အခါကြမှ ရေတစ်ခွက်လောက်ပဲ
ပေးတိုက်ခြင်းလား......။

မနေ့က ငါ့အပြုံးတစ်တင်္ဂနဲ့
ဒီနေ့ ငါ့ရှိုက်သံရဲ့ မညီမျှခြင်းကို
သူလုံးဝ မသိသွားရှာဘူး...။

မနက်ဖြန်တွေရဲ့ တစ်ရက်မှာ
ရောက်ရှိလာဦးမယ် ကောင်မလေးရေ...
ငါ့ရှိုက်သံတွေကို မင်းမကြားနိုင်အောင်
ခုတည်းက ငါကြိုတင်ပြင်ဆင်ထားရဦးမယ်။

Sunday, April 24, 2011

တန်ဖိုး

ဟောင်း
သစ်.....နောက်ကွယ်ခြေရာတွေ
လွမ်း
ငွေ့....သတ်သတ်မဲ့ သတ်ပုံတွေ
ဘာပဲပြောပြော
အသစ်ဆိုတဲ့ နေရာမှာ အဟောင်း
အလွမ်းငွေ့တွေ freezing

စကားလုံးတွေနဲ့ ချဖို့ကို
မချရသေးတဲ့ ငါစကားလုံးတွေက
သူ့ကိုသူ နှမြောတယ်......
အများယူသုံးသွားမှာထက်
တန်ဖိုးဖြတ်ခံလိုက်ရမှာ

စကားလုံး အသစ်တွေ
ရှာဖွေမတွေ့ ခင်ချိန်အထိ
ရင်ထဲက တန်ဖိုးတွေက
ကြာလေမြင့်လေပဲ

ယာယီ ရင်ခုန်သံမှာ ထိုးတဲ့ တဲပျဉ်
အချိန်တန်ရင် တိုက်တွေ အစားထိုးသွားရော

ငါ့ကို အစားမထိုးပါနဲ့
ငါ့နေရာမှာ အစားထိုးပါ
နင့်နေရာမှာ ငါအစားမထိုးဘူး
နင့်ကိုလည်း ငါအစားမထိုးဘူး

Tuesday, March 29, 2011

ခက်တယ်

ခက်တယ်
အပေါ်ယံ အရေပြားပေါ်က ထုတ်ကုန်တွေမှာ
ရိုးသားမှုတွေမပါကြောင်း ထောက်ပြဖို့ ခက်တယ်။

ခက်တယ်
ရင်ခုန်သံဆိုတာ ထိန်းချုပ်မှုစနစ်တွေမပါတဲ့
မျိုးစေ့တစ်စေ့ဆိုတာ ပြောပြဖို့ ခက်တယ်။

ခက်တယ်
သူငယ်ချင်းဆိုတဲ့ ကလေးကစားကွင်းကို
စာလုံးမပေါင်းတတ်တဲ့ဘေးလူတွေကြောင့် ခက်တယ်။

ခက်တယ်
ခပ်ပေါပေါနေတတ်မှုအပေါ် အထင်သေးတဲ့
ပုဒ်မတွေလွယ်လွယ် တပ်လိုက်တာ ခက်တယ်။

ခက်တယ်
မယုံကြည်တာကို ယုံကြည်အောင် အတင်းသိမ်းသွင်းတဲ့
လူတွေကို ဟောဖို့ တရားမရှိတာ ခက်တယ်။

ခက်တယ်
မတူညီတဲ့ စိတ်တွေကို တူညီချင်နေကြတဲ့
စိတ်ကွန်မြူနစ်တွေကို ဟားတိုက်ပစ်ဖို့ ခက်တယ်။

ခက်တယ်
မွေးဖွားခြင်းကြောင့်ရတဲ့ ဒဏ်ရာတွေကို မဆိုင်တဲ့
အထောက်ထားတွေနဲ့ သက်သေပြကြတာ ခက်တယ်။

ခက်တယ်
ဘာမှန်းမသိတဲ့ လောကကြီးကို သိဟန်ဆောင်နေကြတဲ့
လူတွေအကြောင်း ပြောပြဖို့ ခက်တယ်။

ခက်တယ်
ကျွန်တော် သောက်နေတဲ့ Alcohol မှာ စစ်မှန်မှုတွေပါကြောင်း
တရားစာအုပ်တွေကို သွားပြောပြဖို့ခက်တယ်။

ခက်တယ်
ငါ့ရင်တွင်း စက္ကူပေါ်ကတန်ဖိုးတွေကို အပေါ်ယံအကြည့်နဲ့
တန်ဖိုးဖြတ်ပစ်လိုက်တဲ့ သူငယ်ချင်းခေါင်းစဉ်တွေကို ဆွဲထိုးပစ်ဖို့ ခက်တယ်။

ခက်တယ်
မင်းကိုမင်းလူဖြစ်ပြီထင်လား
ပြောတဲ့လေသံတွေကို ရှုတ်ချပစ်ဖို့ ခက်တယ်။

ခက်တယ်
ပုပ်သိုး ဒိတ်အောက်နေတဲ့
အကြောင်းရာတွေအကြောင်းပြောဖို့ ခက်တယ်။

ခက်တယ်
အမှန်တရားဆိုတာကို စာဖွဲ့တာခက်တယ်။

ခက်တယ်
အကောင်းအဆိုးဆိုတာ စာအုပ်ပေါ်မှာ ရေးမရတာခက်တယ်။

ခက်တယ်
သူများကို ဝေဖန်လို့ရပေမယ့် ကိုယ့်ကိုယ်ကို
ဝေဖန်လို့မရကြောင်း ပြောပြဖို့ ခက်တယ်။

ခက်တယ်.....
ခက်တယ်.......
ခက်တယ်.........

ခက်တယ်
စာသာဖတ်တာဆုံးသွားတယ်
ခုထိနားမလည်သေးတဲ့ လူတွေကို ရှင်းပြဖို့ ခက်တယ်........။

                                                         မင်းနွေဦး

Thursday, March 24, 2011

အတိတ်ကိုမေ့ထားခဲ့သော်လည်း

                     

                      ဒီဇင်ဘာဆိုပေမယ့် နံနက်ခင်က နှင်းတွေစိုစွက်ပြီး အေးမြမနေဘူး....
                မနက်စောစာစီးစီး အောက်ထပ်ကကလေးတွေ ဆူညံသံတွေနဲ့ နိုးလိုက်တာ အလန်းပေးထားတဲ့ နိုးစက်တောင် မခုန်လိုက်ရဘူး။ တညလုံး အလုပ်လုပ်ထားရလို့ ပင်ပန်းညောင်းညာ နေလောက်ပြီထင်တဲ့ ပန်ကာကိုပိတ် တဘက်လေးကိုင်ပြီး ကျွန်တော်ရေချိုးခန်းဝင်တယ်။ ရေ ချိုးခန်းက ပြန်ထွက်လာ တော့ ဖြီးစရာရှိတာဖြီး  အ၀တ်စားလဲ ဆိုင်ကယ်သော့ဆွဲပြီး လက္ဘက်ရည်ဆိုင်ဘက် အရင်ဘီးလှိမ့်လိုက်တယ်။ လက္ဘက်ရည် သောက်နေရင်းနဲ့တခုခုကို ခံစားမိရင်း စဉ်းစားကြည့်တော့ ဆောင်းမရှိတဲ့ဒီလိုကျွန်းမြို့လေးရဲ့ ဒီဇင်ဘာမှာ ဒီနေ့မှထူးထူးဆန်းဆန်းအေးအေးချမ်းချမ်း အထိတွေ့လို ကျွန်တော့် ရင်ဘတ် တခြမ်း ဖြတ်သန်းနေသယောင်။ လူတွေကြည့်တော့လဲ နဂိုတိုင်းပါပဲ။ အင်း စိတ်ထင်လို့ပဲလေလို့  ကိုယ့်ကိုယ်ကို ရွတ်ဆိုရင်း ဘီးကိုဆိုင်ဘက်လှိမ့်လိုက်တယ်။ ဆိုင်ကယ်ပါကင်မှာ ဆိုင်ကယ်ကိုရပ်ပြီး ကျွန်တော့်ဆိုင်ကိုအကြည့်.....  တစ်ဆိုင်ကျော် မှာပေါ့ အင်း ဒါကြောင့်ထင်ပါရဲ့ စောစောက ငါ့ရင်တွေအေးနေတာ သေချာပါပြီ ကျွန်တော်ပူလောင်တော့မည်။ ဒါပေမယ့် အဲ့နေ့က ကျွန်တော့် မျက်လုံးထဲမှာ မနီတနီဆိုးထားတဲ့ ဆံနွယ်တွေပဲ မြင်ခဲ့တယ်။  တပတ်အကျော်ကြာမှ ကျွန်တော့်အသိထဲကို ရုပ်လုံးတစ်ခု တိုးဝင်လာခဲ့တယ်။  အသက် ၁၇၊ ၁၈ ကောင်လေးတစ်ယောက်ဆိုပေမယ့် ကိုး ကိုစိတ်မ၀င်စားဖူးတဲ့ န၀င်း ပါ။ ဦးနှောက်ထဲမှာ ဂဏန်းတွေကလွဲရင် ကာလာစုံဂဏန်း တွေကိုပဲ ရှေ့ထားခဲ့ပါတယ်။ ခုတော့ စကားလုံးတွေက အဲ့ဆံနွယ်ပိုင်ရှင်ဆီ တွန်းပို့နေပြီ။ အာရုံတွေကို ဖုန်းတစ်လုံးထဲက ဂိမ်းပေါ်မှာ ဖိနှစ်ထားပါရက် မျက် လုံးတွေကစိတ်ရဲ့ခေါ်ရာနောက်တကောက်ကောက် လိုက်မိနေတယ်။  ရော်........ခက်ပါပြီ။

                    အင်း သေချာပါပြီ ကျွန်တော် ပထမဆုံး အသစ်တွေ့ရှိ ချက် အဖြစ် သူမကိုစိတ်ဝင်စားနေခဲ့ပြီ။ အကြောင်းမရှိအကြောင်းရှာ ပါးစပ် တွေစိတ်တွေက ခြေထောက်တွေကိုတွဲခေါ် သူမရှေ့မှာ သွားသွား ရပ်မိနေ တယ်။ ပြောစရာမရှိ မေးမိပြန်တော့လည်း ပူလောင်ရပြန်တယ်။ လိုင်စင် မရှိဘူးအထင်နဲ့ ဖမ်းမယ်လို့လုပ်နေတဲ့ ရဲတစ်ယောက်လို ကိုယ့်ကိုယ် ကို ပြန်ရှက်နေသေးတယ်။ သူမကလေးက ရည်းစားရှိတယ်ဆိုတဲ့ ခြံကိုပါးစပ်နဲ့ ခတ်ပြ လိုက်တယ်။ ပုံမှန်ပြောနေကျ စကားသံတွေက ၂ ရက် လောက် စိမ်းသွား ကျတယ်။ ကိုယ့်ကိုယ်ကို အတွေးပိတ်ကားပေါ်တင်ပြီး စိတ်တွေက ရုံဝင်ကြေးမပေးပဲထိုင်ကြည့်ကြတယ်။ မိုးလင်း ပေါက်ပြတဲ့ ဇာတ်ကား ကိုယ်တိုင်နားမလည်ခြင်းနဲ့အိပ်ရာဝင်လိုက်ရတယ်။ ဒါပေမယ့် သွားတိုက်ရင်းပဲ ဆုံးဖြစ်ချက်ကို ချလိုက်မိတယ်။ ပထမဆုံးလုပ်ရမှာက ငါဖုန်းဝယ်ရတော့မည်။ ဖုန်းကိုလူတိုင်းကိုင်နိုင်ပါရက်နဲ့ ကျွန်တော်မကိုင်ချင်ခဲ့ပါ။ဘာရယ်တော့ မဟုတ် ကျွန်တော့်မှာ ဆက်စရာလူမရှိသလို ကျွန်တော့်ကို ဆက်မယ့် လူလဲမရှိခဲ့ဘူး။ ခုတော့ ကျွန်တော်ဆက်ရတော့မည်။သူမပေးပါတယ်ဖုန်းနံပါတ် ကို တချို့ကောင်မလေးတွေလို အိုင်တင်ခံတာတွေ၊ မာနတွေ၊ မေးခွန်းတွေ မထုတ်ပါ။ ကြည့်စမ်း ဘယ်လောက်အလိုက်သိတတ်တဲ့ ကောင်မလေး လည်းဆိုတာ ။ ကိုယ့်စိတ်နဲ့ ကို အပေးယူတည့်တော့လည်း ရင်ကခုန်မိပြန်တယ်။ ဖုန်းနံပါတ်တွေငေးပြီး ပြုံးစိစိလုပ်နေလိုက်တဲ့ ကျွန်တော်။ မသိရင် ဂဏန်း ၁၀ လုံးကိုစီထားတဲ့ နံပါတ်လေးတွေကပဲ အလှဆုံးပန်းချီကားလိုလိုပေါ့။ ဒါပေမယ့် မျှော်လင့်ချက်တွေက မှုန်ဝါးဝါးရယ်ပါ။ ဒီဘက်ကဖုန်းက သာ နံပါတ်တစ်ခုထဲနဲ့ မန်မိုရီ အကုန်လုံးကို ပိုင်စိုးနေရာယူထားတာ။ ဟိုဘက်မှာတော့ တခြားနံပါတ်တွေ ရှိသေးတယ်လေ။ အဲ့တော့ ဒီဘက်က တန်းစီ ရပြန်ရော။ save လုပ်ဖို့ နာမည် ကို စဉ်းစားကြည့်တော့ဦးနှောက်တွေ အလုပ်ရှုပ်ရပြန်ပေါ့။ နောက်ဆုံး ရိုးရိုးလေး ပဲရလိုက်တယ်။ ။ ဟုတ်ပါရဲ့ ကျွန်တော့်ထက် ၆ နှစ် ကြီးသူပေါ့။ အဲ့တော့ ရိုးရိုးလေးပါပဲ။ အဲသူများတွေ သုံးစွဲဖူးထားတဲ့ ရိုးရိုးလေးတော့မဟုတ်ဘူး။ ကိုယ့်စိတ်ကူးနဲ့ ကိုရိုးတယ်။ နာမည်တူပေမယ့် အဲ့ပေါ် သက်ရောက်မှု ရင်ခုန်သံတွေကွာသည်။  
   
                      အဲ့တိုင်းရင်းသူကောင်မလေးကို ကျွန်တော်စကားတွေပြောနေခဲ့တာကြာပြီ။
                      သူကကျွန်တော့်ကို ရင်ဘတ်နဲ့တစ်ခွန်းတောင် ပြန်ပြောပါရဲ့လား။ ဘယ်ပြောလိမ့်ဦးမလဲ ကျွန်တော်ကိုယ်တိုင် ဘာအကြောင်း အရာမှ မပြောရသေးပဲ။ ကျွန်တော့်ခံစားမှုနဲ့ဆိုင်တဲ့ပျိုးပင်လေးတွေ အကြောင်းပေါ့၊ တနေ့တော့ ကျွန်တော်......။

                    ဒီဇင်ဘာရဲ့ရက်တွေက ကုန်ခါနီးပြီ။ ဒီဇင်ဘာတင်မဟုတ်ဘူး နှစ်လည်းကုန်တော့မည်။ နှစ်သစ်ကိုကြိုတော့မည်ပဲ။ အဲ့နေ့က သူမ ဆိုင်မလာဘူး။ ကျွန်တော်ကတော့သွားပါရဲ့။ သူမဘယ် လာလိမ့်မလဲ။ ဒီနေ့ဒီဇင်ဘာ ၂၅ ခရစ်မတ်နေ့လေ။ သူမဘုရားကျောင်းသွားပြီး ဆုတွေ တောင်းမှာပေါ့။ သူမလာတဲ့ဒီနေ့ ကျွန်တော်ရင်တွေ ပိုခုန်နေ လိုက်တာ။ ခုန်မှာပေါ့ ကျွန်တော်သူမကို ညနေမှာ ၂ ယောက်တည်း တွေ့ရတော့ မည် ပဲ။ ညကဖုန်းထဲမှာ ကျွန်တော် သူမကိုချိန်းထားတယ်။ မနက် ဖြန်အတွက် လက်ဆောင်ပေးပါရစေပေါ့။ သူမ မငြင်းပါဘူး။ လက်ခံပေးပါတယ်။ အဲ့ဒီလိုနဲ့........

                     ညနေခင်းရဲ့ နေ၀င်တော့မယ့် ပင်လယ်ကြီးက ခုမှပဲထိုးထွက်လာတော့မလို။ လေတွေကပဲ တမင်သက်သတ် သူမရနံ့တွေကို ကျွန်တော့် ဆီသယ်လာပေးသလိုလို။ အနေထိုင်မတတ်တဲ့ စိတ်တွေကခုန်စွခုန်စွနဲ့ ဘာမှန်းမသိအောင် ပူညံပူညံနဲ့။ ကျွန်တော်ထိုင်နေတာပါ သူမ လည်းထိုင်နေပါရဲ့။ ဘယ်လိုလုပ် ကျွန်တော့်စိတ်တွေကလမ်းထ လျှောက်နေသလဲ။ ဒီလိုနဲ့သူမကပဲ စပြောပါတယ်။

                   လက်ဆောင်ပေးမယ်ဆို
             သြော်...အင်းဟုတ်သားပဲ
                   “ရော့ ဒါက ကိုပေးတဲ့ခရစ်မတ်လက်ဆောင် ဘယ်မိန်းကလေးကိုမှတော့ လက်ဆောင်မပေးဘူးဖူးဗျ၊ ဒါပထမဆုံးပဲ 
                   အင်းကျေးဇူးနော် 
                   ဟုတ်ကဲ့ရပါတယ်
                   အင်း…..”

                   မှတ်မှတ်ရရ ကျွန်တော်ပေးခဲ့တာက နာရီလေးတစ်လုံးပါ တံဆိပ်က Rolex ။ ရုတ်တရက် က ကြီးက နေ ထိအက္ခရာတစ်ခုချင်းစီ လိုက်ရွတ်မိတယ်။ ဘယ်ကစပြောရမှန်းမသိအောင် စကားတွေဝဲနေပြီ။ ခက်နေပြန်ပါပြီ။ ပြောမိပြောရာ ပြောလိုက် တော့

                  ထမင်းစားခဲ့ပြီလား
                  အင်းစားခဲ့ပြ
             အော်ဟုတ်..ဒါနဲ့
                   အင်း…”
                  ကျွန်တော်ပြောစရာရှိလို့ အဲ့ဒ
                  အင်းပြောလေရပါတယ် နားထောင်နေတယ် နားထောင်ဖို့ လာခဲ့တာပါပဲ ပြီးတော့ ပြောစရာရှိလို့ ဒီကို ခေါ်ခဲ့တာပဲမဟုတ်ဘူးလား
             အင်းဟုတ်ပါတယ်….ဟိုလေ ကျွန်တော် ကျွန်တော့်ဘက်ကို ခဏလောက်ဖြစ်ဖြစ် လှည့်ပေးလေလို့ရမလား 
             အင်းရပါတယ် သူမဖွဖွလေး ကျွန်တော့်ဘက်ကိုလှည့်ကြည့်တယ်….
                   ကျွန်တော့်မျက်ဝန်းတွေကို ခဏလောက် ကြည့်ပြီး နားထောင်ပေးပါလား သူမကျွန်တော့်ကို သေသေချာချာစိုက်ကြည့်တယ်….
                   မ ကိုကျွန်တော် သိပ် ချစ်တယ်
                   “......”
                   ဟုတ်တယ် ကျွန်တော်ဘာပြောမယ်ဆိုတာ မလည်းသိပြီးသား ဖြစ်နေမှာပါ၊ ကျွန်တော်ဘာကိုမှမတောင်းဆိုချင်ပါဘူး ကျွန်တော် ဖြစ်နေတာလေး ကိုပဲ သိစေချင်တာပါ ဒီအချိန်မှာ မကိုကောင်လေးတစ်ယောက်က ချစ်နေတယ်ဆိုတာ သိသွားရင်ပဲ အကောင်းဆုံး အခြေနေတစ်ခု ပါ၊ ကျွန်တော့်ကိုပြန်ချစ်ပါလို့လည်း မတောင်းဆိုဘူး၊ ကျွန်တော့်ကိုလည်း ကြိုက်သလိုသဘောထားနိုင်ပါတယ် ကျွန်တော်ခုလိုစကားတွေပြောနေရ မြင်နေရရင်ပဲ အဆင်ပြေနေတာပါ။ ပြီးတော့ ကျွန်တော်မကို ကတိ တစ်ခုပါပေးလိုက်ပါရစေ

                    ဘာကတိလ မ လည်းမတောင်းမိပါလား
                    ဟုတ်တယ် ကျွန်တော်က မတောင်းပဲနဲ့ကိုပေးချင်နေခဲ့တဲ့ကောင်ပါ ကျွန်တော့်ကိုလက်ခဏလောက်ပေးပါ…”
                    သူမက ဆိုရှယ်ကျတဲ့မိန်းကလေးတစ်ယောက်မို့ တချို့မိန်းကလေးတွေလို ဘာမဟုတ်တာကို မာန်တတ်မနေပါဘူး။
             လက်လေးပေးကိုင်တာလောက်ကို သူမ မငြင်းဘူး။ (ဒီနေရာမှာ လက်ပေးကိုင်တာလောက်နဲ့ ဆိုရှယ်ကျစရာထင်နေကျဦးမယ် အဲ့လိုတော့လည်းမဟုတ်ပါဘူး)

                    ဘာလို့လဲ
             ခဏပဲပေးပါ ကျွန်တော်ပြောမယ်လေ
             အင်း……”
                    ကျွန်တော်သူမ လက်ကိုကိုင်ပြီး။
                   ဟောတွေ့လား ရှေ့မှာပင်လယ်ကြီးရှိတယ် ဘယ်သူမှမသိဘူး ဒါပေမယ့် ပင်လယ်ကြီးသိတယ် သူကြားတယ်တွေ့တယ် ကျွန်တော်လည်း သူမ ကြားအောင်ပဲပြောမယ်
                  တကယ်လို့ တနေ့နေ့တချိန်ချိန်မှာ ကျွန်တော်တို့ဟာ အကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုအခြေနေ ကြောင့်ပဲ ဖြစ်ဖြစ် မပေါင်းဖက်ဖြစ်ခဲ့ရင် မနီးစပ်ခဲ့ရင်တောင် ကျွန်တော် မ လက်ထပ်သွားတဲ့အသံမကြားရမချင်း မကလွဲပြီး နောက်ထပ် ရည်စား ဘယ်တော့မှ မထား တော့ဘူး.....အဲ့ဒါကျွန်တော်မ ကိုပေးတဲ့ကတိ

                     သူမကျွန်တော့်ကိုမော့ကြည့်တယ်။ ပြီးတော့ပြုံးပြတယ်၊ ပြီးတော့ ပင်လယ်ကြီးကိုငေးတယ်၊ ကျွန်တော်တို့ နှစ်ယောက်ကြား တိတ်ဆိတ်မှုနဲ့ စကားပြောကျတယ်။ တိတ်ဆိတ်မှုနဲ့ပဲ အိမ်ပြန်ခဲ့ကျတယ်။ လမ်းမှာ ဆိုင်ကယ်နောက်က ထိုင်ရင်း သူမက စကားတစ်ခွန်းဆိုတယ်။                                                               
             လက်ဆောင်အတွက်တော့ ကျေးဇူးပဲ၊ ပြောထားတဲ့စကားအတွက်တော့ စဉ်းစားဦးမယ်နော်တဲ့။
             အဲ့နေ့က ကျွန်တော်သူမဆီကပြန်ရလိုက်တဲ့လက်ဆောင်က စဉ်းစားဦးမယ်တဲ့။ အင်းဘာပဲပြောပြော ကျွန်တော်ကျေနပ်ပြီးသားပါ။ 

                  ကောင်မလေးရေ.....အချစ်အတွက်ကျေနပ်ရတာဟာ
                  တစ်ခါတစ်လေ လောကမှာ ကိုယ့်စိတ်ကို အကောင်းဆုံး ဆေးပေးတိုက်ကျွေးခြင်းပါ။
                  
                 နောက်နေ့ဆိုတာတွေမှာ မကြာခဏဆိုသလို ကျွန်တော်တို့အကြည့်တွေ အက်ဆီးဒင့်ဖြစ်ကျတယ်။ နှုတ်ခွန်းတွေမပါပေမယ့် နားလည်မှု မျက်လုံးတွေနဲ့ နှုတ်ဆက်ကြတယ်။ သို့သော်လည်း ကျွန်တော်ကအရံလူပဲလေ။ ကွင်းထဲက ကစားသမား ဘယ်အချိန် ဒဏ်ရာရမလဲ ထိုင်ကြည့်နေရတဲ့အဖြစ်။ တနေ့တနေ့လည်း သူသွားရာနောက်ကို ကျွန်တော့်မှာအရိပ်လိုအမြဲလိုက်နေလိုက်ရတာ။ ဖြတ်လမ်းလို့ခေါ်တဲ့ လမ်း ကလေးမှာ ဆောက်လက်စတိုက်တွေကြား ဖုန်တွေသဲတွေနဲ့။ သူမအပြန်လမ်းမှာ အသက်ရှူရ အနေခက်သွားလေမလား။ ကျွန်တော့်စိတ်တွေ က ချက်ခြင်း လက်ကိုင်ပ၀ါတစ်ထည်ပေါ်ရောက်လို့။ မရှိမဲ့ရှိမယ့်စုထားတဲ့ အစာပြေဖိုးလေးထဲက လက်ကိုင်ပ၀ါတစ်ထည်လောက်ကို သူမအတွက် ကျွန်တော် မနှမြောဘူး။ ငယ်တုန်းတော့လည်း အရာရာဆိုတာကြီးကို ခေါက်ထားတတ်တယ်။ ကျွန်တော်ဆိုတဲ့ကောင်လည်း ရူးပါ့၊ ညတိုင်းဖုန်းဆက် ပေမယ့် ကျွန်တော့်အတွက် ဆွဲပေးထားတဲ့ Time Table ကညသန်းခေါင်ကျော်မှ။ စကားလုံးတွေကလည်း အဆင်ပြေလား” “အိမ်မက်လှလှ လေးမက်ပါစေဒါကအဲ့ဇယားကွက်ထဲက ပုံမှန်စကားလုံး။ တခါတခါ စိတ်ကူးပေါက်ရင် ဘာမှသဲသဲကွဲကွဲ မမြင်ရတဲ့ ဟိုးအဝေးကြီးက သူမအခန်း လေးကိုသွားသွားငေးတတ်တယ်။ လူသူတိတ်ဆိတ်ချိန်တွေမှာ လင်းနေတဲ့အခန်းလေးကို သူမအထဲမှာ ရှိတယ်ဆိုတဲ့စိတ်က အာသာဖြေတယ်။ မီးပိတ်ချိန်တွေမှ အိပ်ရာဝင်ဖို့ခြေလှမ်းတွေပြန်လှည့်တယ်။ အထဲမှာတော့ သူမဖုန်းတစ်လုံးနဲ့ ချစ်စင်ရေးနွဲပြီးလောက်ရောပေါ့။ တခါတခါ ဖုန်းထဲ က ဟဲလို ဆိုတာလေး ကြားရဖို့ မဆီမဆိုင် ခပ်ဝါးဝါးတွေ့ရတဲ့ အခန်းလေးကို လူခြေပျက်တဲ့ လမ်းပေါ်ကနေငေးပြီး ဖုန်းဆက်လိုက်သေးတယ်။ လူရမ်းကား ပေါတဲ့ လမ်းပေါ်မှာ ကိုယ့်ကိုသတ်ပြီးဆိုင်ကယ်ပါ လုသွားမှဖြင့်။ ဒါတွေလဲခေါင်းထဲမှာ အဓိကမဟုတ်ခဲ့ပါဘူး။ တညကဆိုပေါ့ သူမဆီ ဖုန်းဆက်တာ ဖုန်းကဘီးဇီးပြနေတယ်။ အင်း သူမ မလေးရှားက သူ့ကောင်လေးနဲ့ပြောနေရောပေါ့။ သူ့ကောင်လေး အကြောင်းနောက်မှ သိရတာက အိမ်ကသဘောမတူလို့ခွဲထားကြတယ်ပဲ တစွန်းတစကြားတာကလွဲပြီး ဘာမှလဲမသိခဲ့ပါ။ကိုယ်တိုင်လည်း မသိချင်ခဲ့ဘူး။ အဲ့ညက တော်တော်နဲ့ ဖုန်းဆက်မရခဲ့ဘူး။ကံဆိုးတယ်ပြောမလား မိုးရွာတယ်။ ကိုယ်ထိုင်စောင့်နေတဲ့ မိုးရေထဲမှာ ထီးမပါ မိုးကာမပါ။ ဖုန်းလေးတောင် ပလပ်စတစ်အိပ် လေးနဲ့ ထုပ်ထားရတယ်။ မိုးလင်းခါနီးမှ ဖုန်းလိုင်းအားတယ်။ အဲ့တော့လည်း တဖက်က အိပ်ချင်နေလောက်ပီထင်ပါရဲ့။ဟဲလို ဂွတ်နိုက်နော် အိမ်မက်လှလှလေးမက်ပါစေ။ အဲ့ဒါလေးပြောလိုက်ရတာကိုပဲ ကျေနပ်နေတဲ့ကောင်။ သူမကျွန်တော် အပြင်မှာရောက်နေတာ၊ မိုးတွေစိုနေတာ ဘာမှသိလိုက်မှာမဟုတ်ဘူး။ အိမ်ပြန်ရောက်တော့ ဘ၀မှာ ပထမဆုံး လက်တည့်စမ်းပြီး ကဗျာတစ်ပုဒ်ချရေးကြည့်တယ်။ အဲ့နေ့က ကျွန်တော်သိ လိုက်ရတဲ့ အရာတစ်ခုက ကိုယ်ဖန်တီးတဲ့အရာတစ်ခုက ကိုယ့်ပါသာကိုပီတီဖြစ်ဖို့ပဲ။ နောက်နေ့ညရောက်တော့ သူမကို အဲ့ကဗျာလေး ရွတ်ပြတယ်။ သူမလည်း သဘောကျတယ်။ အဲ့နေ့ကစပြီး ကျွန်တော် ကဗျာစရေးဖြစ်သွားတယ်။ သူမကိုလည်းအိပ်ရာဝင်ခါနီးတိုင်း ကဗျာတစ်ပုဒ်စီနဲ့ တင်ဆက်ရ တယ်။ နေ့ဘက်မှာ အလုပ်အားတဲ့ အချိန်လေးတွေကို ကုပ်ခြစ်ပြီး ကဗျာတစ်ပုဒ်ဖြစ်အောင်ဖန်တီးရသေးတယ်။ ဒီလိုနဲ့ပဲ လောကကြီးရဲ့နေစွဲတွေ တစ်ရက်ပြီးတစ်ရက် နေ၀င်သွားတယ်.....

                           တို့နှစ်ယောက်ပြတ်သွားပြီ
                           ဗျာ ….. ဟုတ်လားဘယ်လိုဖြစ်တာတုန်း 
                          ဒီလိုပါပဲ အရင်ကတည်းကပြတ်ချင်နေတာ ခုတော့ ပြတ်သွားပြီ….”
                 အင်းလေ ဘာပဲဖြစ်ဖြစ်ပေါ့ ဖြစ်လာတဲ့အလျောက်ပေါ့
                          ဘယ်လိုလဲ တို့တွေပြတ်သွားတယ်ဆိုတော့ နင်ပျော်လား
                 ဗျာ.. အဲ့လိုလဲမဟုတ်ပါဘူး မ စိတ်ချမ်းသာဖို့ကသာ အဓိကပါ မ ပျော်ရွှင်နေတာမြင်ရရင် ကျွန်တော်ကကျေနပ်နေတဲ့ကောင်ပါ ပြီးတော့ ကျွန်တော် ပွဲလန့်တုန်း ဖျာဝင်ခင်းတဲ့ ခပ်ညံ့ညံ့ကောင်တစ်ကောင်လည်း မဟုတ်ဘူး….”

                ဘာလိုလိုနဲ့လတွေတောင်ချီနေခဲ့ပြီ။

                        
               ငါ့လက်တွေဖြန့်ထားဆဲပါကောင်မလေး
                       မင်းလက်တွေကြိုက်တဲ့အချိန်မှာ လာတွဲပါ။

                     ဒီနေ့ သူမအစောကြီးပြန်သွားတယ်။ ဘာဖြစ်လို့ပါလိမ့်။ ဖုန်းပေါ်မှာသူမပြောပါတယ်။
                     ဟိုဘက်မြို့မှာ ပွဲဈေးတစ်ခုရှိတယ် အဲ့ဒါသွား လည်မလို့
             အော်ဟုတ်လား အင်းဒါဆိုလည်း ဂရုတစိုက်နဲ့သွားနော်
             အင်း အကိုတွေလဲပါတယ်လေ” 
                   အော် အင်းအင်း ဘာပဲဖြစ်ဖြစ် ပြန်ရောက် တဲ့အခါတော့ ပြန်ရောက်ကြောင်းဖုန်းဆက်ဦးနော် ဖုန်းကိုစောင့်နေမယ်                                                            
             အင်း..အိုကေ…….”

                       ကျွန်တော်ထိုင်စောင့်နေလိုက်တာ မိုးသာလင်း သွားတယ်။ သူမဘာလို့ ဖုန်းမဆက်ပါလိမ့်။ ဖုန်းလည်းပိတ်ထားတယ်။ လူက တရေးမှ မအိပ်ရသေးပေမယ့် စိတ်တွေကပူနေတုန်း။ မကြည် မလင်နဲ့ ရေချိုးပြီး ဆိုင်ရောက် တော့လည်း သူမဒီနေ့မလာပြန်ဘူး။ ဆိုင်ပိုင်ရှင် သူ့အမမေးကြည့်တော့ နေမကောင်းဘူးတဲ့။ အော်ဒါဆို သူပြန်တော့ရောက်နေပြီပဲ။ ဒါပေမယ့် နေမကောင်းဘူး ဆိုတော့လည်း စိတ်ပူမိပြန်တယ်။ ချက်ချင်းခွင့်ယူ အပြေးကလေးသွားတွေ့မိသေးတယ်။

                      နေမကောင်းဘူးဆိုပေမယ့် အိပ်ရေး ပျက်လို့ခေါင်းကိုက်ရုံလောက်ပါ
                ဒါနဲ့ ဘယ်အချိန်ပြန်ရောက်တာလဲ
                     အင်း ညကတည်းကပြန်ရောက်တယ် အဲ့ဒါ အိပ်နေလောက်ပြီထင်လို့ ဖုန်းမဆက်တော့တာ
              သြော်ဟုတ်လား အင်း ရပါတယ် ကျွန်တော်လည်း နဲနဲညဉ့်နက်တော့ ၀င်အိပ်သွားလိုက်တယ် ဒါနဲ့ဘယ်လိုလဲ သက်သာရဲ့လား
                    အင်းနဲနဲတော့ သက်သာပါတယ်

                      အဲ့လေတွေ တိုက်တဲ့ညကပေါ့ အခန်းရှေ့မှာ ဖုန်းလေးကိုင်၊ ကဗျာစာရွက်လေးကိုင်၊ ရင်ခုန်သံတွေကိုင်ပြီး စကားလုံးတွေကို လေ လှိုင်းနဲ့ပို့လိုက်တယ်။ အဲ့တုန်းက နောနော်သီချင်းမပေါ်သေးဘူး။ ရိုနယ်ဒိုအမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု မရသေးဘူး။ ဒွေးမသေ သေးဘူး။ နာဂစ်မဖြစ်သေးဘူး။ ကျွန်တော်လည်းရည်းစားမရသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ကူးထဲမှာ ဒါမှမဟုတ် တရားဝင်မသတ်မှတ်ပဲ ရည်းစားရချင် ရနေမှာပေါ့၊ ရိုနယ်ဒိုလည်း အကောင်းဆုံးဆုရဖို့လည်း ဖီဖာကဥက္ကဌတွေနဲ့ လူကြီးတွေ သတ်မှတ်ပြီးသားနေမှာပေါ့၊ ဒွေးသေဖို့လည်း သေမင်းက သတ်မှတ်ပြီးသားနေမှာပေါ့၊ နာဂစ်ဖြစ်မယ်လို့လည်း လောကကြီးက သတ်မှန်ပြီးသားနေမှာပါ၊ နောနော်လည်း သီချင်းတွေဆိုဖို့ သီချင်းတွေရေး နေလောက်ပြီနေမှာပေါ့။ အဲ့ညကပဲ ကျွန်တော်တို့ ရည်းစားဖြစ်သွားတယ်။ သူကျွန်တော့်ကိုပြန်ချစ်ခဲ့တယ်။ သူအဲ့ညကပြောတဲ့ စကားတစ်ခွန်းက အတိုင်းထက်အလွန်ပဲ တဲ့။ (ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ နောနော်ရဲ့အတိုင်းထက်အလွန် အယ်ဘမ်ထွက်လာတယ်၊ ရိုနယ်ဒိုလည်း အကောင်း ဆုံးဆုရသွားတယ်၊ ဒွေးလည်းဆုံးသွားတယ်၊ နောက်နာဂစ်ပါဖြစ်သွားတယ်)။ အဲ့ညကလည်း ကျွန်တော်အိပ်မပျော်ခဲ့ ပြန်ဘူး။ ကျွန်တော့်ဘ၀မှာ အိပ်ရေးပျက်တဲ့ညတွေ ထပ်တိုးလာပြန်ပါပြီ။

                        အဖြေရပြီးနောက်နေ့ပဲ ရည်းစားဘ၀ရဲ့ပထမဆုံးအဖြစ်ချိန်းကြတယ်။ အလုပ်တွေရှုပ်တဲ့ကြားကပဲ သူဌေးကို ခွင့်တောင်း၊ သူဌေး ကဆူသေးတယ်၊ လခဖြတ်ဦးမယ်တဲ့။ ဖြတ်ချင်လဲဖြတ်ပါစေတော့။ အဲ့နေ့က ကျွန်တော်မသိတဲ့အရာတစ်ခုပေါ့။ ကျွန်တော်တို့ ပင်လယ် ကမ်းခြေက ဈေးလေးမှာ မုန့်ဝယ်ပြီး အတူထိုင်ကြတယ်၊ စကားပြောကျတယ်၊ကလေးလေးတွေရေကူးတာ တူတူထိုင်ကြည့်ကြတယ်။ သူကပဲ ကျွန်တော့်အတွက် တဲ့ လက်ဆောင်ယူလာပေးခဲ့တယ်။ A ဆိုတဲ့စာလုံးပါတဲ့ဦးထုပ်ရယ်။ ကျွန်တော် စာတွေရေးဖို့တဲ့ ဒိုင်ယာရီစာအုပ်လေး အသဲပုံလေးနဲ့။ အဲ့ဒါက မွေးနေ့အတွက်ပါတဲ့။ ဟုတ်သားပဲ ကျွန်တော့်မွေးနေ့ကမကြာခင်ရက်ပိုင်းလေးကပဲ ပြီးသွားတာ။ အဲ့နေ့ညနေပိုင်းမှာပဲ နေ၀င်ချိန် အတူထိုင်ကြည့် ဖြစ်တယ်။ ပြီးတော့ အိမ်ပြန်ခါနီးမှာ သူမက မိန်းမတစ်ယောက်ရဲ့ဆွဲဆောင်မှုကောင်းတဲ့ နှုတ်ခမ်းတစ်စုံအကြောင်းလည်း သင်ပေးသွားတယ်။ ဒါပေမယ့် အဲ့နေ့က အိမ်ပြန်ရောက်သည်အထိ အဲ့မသိခဲ့တဲ့ အရာတစ်ခုကို မသိသေးဘူး။ နောက်နှစ်ရက်အကြာမှ.......

                   
                      မ ရှေ့အပတ်ထဲမြန်မာပြည်ပြန်ရတော့မယ်
               ဗျာ.........”   ရင်အစုံကိုတိုက်လေယာဉ် တစ်စင်းများ ဗုံးကျဲလိုက်လေသလား ပွင့်ထွက်သွားတယ်။
                ဘယ်လိုဖြစ်တာတုန်း ဗြုန်းစားကြီး
                      အင်းဟုတ်တယ် မ လဲမပြန်ချင်ဘူး အိမ်ကအတင်းခေါ်နေတာ၊ ဟိုမှာစီးပွားရေး လုပ်မလို့တဲ့ အဲ့ဒါမကိုပြန်လာစေချင်တယ်၊ ခေါ်နေတာတော့ကြာပြီ ငြင်းသေးတယ် ခုတော့မရတော့ဘူး အတင်းကိုပြန်လာခိုင်းနေပြီ
                  အဲ့နေ့က ကျွန်တော့် ကမ္ဘာ့ အဆုံးလူသားထက် အဆပေါင်းများစွာစွံ့အသွားတယ်။ အာခေါင်တွေခြောက်ကပ်၊ဘာမှကိုလုပ်ကိုင်ချင်စိတ်လဲမရှိ၊ လူမမာ တစ်ယောက်လို မနိုင်တော့တဲ့ ခန္ဓာကိုယ် ကိုအိပ်ရာပေါ်ပစ်တင်၊ ပါးစပ်ကစွံအနေတဲ့ စကားလုံးတွေကို မျက်လုံးကနေဖောက်ချပြီး ခေါင်းအုံးတစ်ခု လုံးရွှဲအောင်ပြောဖြစ်ခဲ့တယ်။ အဲ့ကျမှ ကျွန်တော်မသိလိုက်တဲ့အရာက အဲ့နေ့ကသူမနဲ့ကျွန်တော် ချိန်းတွေ့မှုဟာ ရည်းစားဘ၀မှာ ပထမဆုံးနဲ့ နောက်ဆုံးပေါ့.......။

                      ကျွန်တော့်ဆီကို တန်းနစ်ဘောလုံးတစ်လုံး အရှိန်ပြင်းပြင်းနဲ့ လာထိပြီး အရှိန်ပြင်းပြင်းနဲ့ ပြန်ထွက်သွားသလိုပဲ။ အနီးကပ်ဆုံး ရောက်လာပြီးမှ အဝေးဆုံးကိုပြန်ထွက်သွားမယ်တဲ့။ သူမပြောရှာပါတယ်။ ကျွန်တော့်ကိုသနားတယ်တဲ့။ ကျွန်တော့်လိုလဲသူမက သူ့အတွက် ကျွန်တော့်ကို အချစ်ဦးမဖြစ်ပေးနိုင်ခဲ့ဘူး။ ဒါပေမယ့်အချစ်ဆုံးပါလို့တော့ပြောခဲ့ဘူးတယ်။ ခုလည်းသူမထားသွားရမှာမို့။ တကယ်တော့ သူမ အပြစ် တွေမှမဟုတ်တာ။ တပတ်ဆိုတဲ့ အဲ့ရည်းစားသတ်တမ်းလေးကိုပဲ ကျွန်တော်ပိုက်ပြီး သူမရှေ့မှာ အားတင်းပြခဲ့တယ်။ တနေ့တော့ ကျွန်တော်တို့ ပြန်တွေ ကျမှာပေါ့လေ ဆိုတဲ့အသိ တခါတည်းရိုက်သွင်းခဲ့တယ်။

                    သူမပြန်မယ့်နေ့.....
                    ကောင်လေးနဲ့ကောင်မလေးတစ်ယောက်ပေါ့။ မျက်နှာချင်းဆိုင်ရပ်ပြီး။ ဘာမှမပြောကျဘူး။ ရင်ဘတ်တွေကို ဟန်ဆောင် ထားကျ တယ်။ စကားလုံးတွေကို ရှားပါးပစ်လိုက်ကျတယ်။

                    ကျန်းမာရေးဂရုစိုက်ပါ
                    “ဟိုရောက်ရင်ဖုန်းဆက်မယ်  
                     ကောင်မလေးကကောင်လေးရဲ့ညာဖက် ပါး ပေါ်မှာ မိုးတိမ်လေးတစ်ပွင့် ဖွဖွလေး ရေးဆွဲပေးပြီး ကျောခိုင်းသွားတယ်။

                     သူကျွန်တော်နဲ့ဝေးသွားပြီ.......။

                    ကံဆိုးမှုတွေကြားက ကံတချို့ကောင်းခဲ့တယ်။ အထက်မြန်မာပြည်ကနိုင်ငံခြားကတင်သွင်းတဲ့ ဖုန်းတွေကြောင့် ဆက်သွယ်ရေး ဖုန်းလိုင်း တွေမှာ ကျွန်တော်တို့ ဖုန်းအားကောင်းခဲ့တယ်။ သို့သော် အဲ့ကောင်းတဲ့ တချို့ကံတွေ ကြာကြာတောင့်မခံနိုင်ပါ။ နောက်တစ်လ အကြာမှာ ပဲသူမစီးပွားရေးကြောင့် နယ်မြို့လေးတမြို့ကို ပြောင်းရွေ့ရတော့မယ်။ ပိုဆိုးတာက အပြီးသွားတော့မယ်။ ဒီထက်ပိုဆိုးတာက ဖုန်းလိုင်းတွေအောက် သွားခြင်းပဲ။ အဲ့လိုနဲ့သူမ ကျွန်တော်နဲ့ဝေးတဲ့နောက်တစ်နေရာဆီကို သွားပြန်ပြီ။ ချစ်သူအသံကိုတောင် ကြားခွင့်မရှိတော့တဲ့ ကျွန်တော်။ သတင်း မေးရင်တောင် သူမအိမ်ကိုဖုန်းဆက်မေးရတယ်။ ကြာတော့လည်း ဖုန်းခဏခဏဆက်တာမကောင်းမှန်းသိတော့လည်း ဖုန်းဆက်ဖို့နားရပြန်တယ်။ အဲ့ဒီရက်ပိုင်းတွေ အလွမ်းဝေဒနာကို အလူးလဲခံစားရတဲ့ လူမမာလုံးလုံးဖြစ်ခဲ့ရ။ သူမ မရှိတော့တဲ့မြို့မှာ အမှတ်ရစရာ တွေမြင်တိုင်း၊ အတူထိုင်ဖူးတဲ့ နေရာတွေ၊ ဖုန်းသွားသွားပြောနေကျ လမ်းဘေးဖုန်းရုံလေးတွေ၊ မြေနီလမ်း၊ တော်တော်များများကိုမြင်မိရင်ဘယ်အချိန်ပဲဖြစ်နေနေ ရင်တွေ ပူနွေး နေမြဲ။ အဲ့ဒီ အလွမ်းတွေစိုက်ပျိုးထားတဲ့ ဒေသကြီးမှာ ခြေချရတာ အသက်ရှူကျပ်လာသလိုလို။ စိတ်ရှိရှိနဲ့ အလုပ်တွေဖိလုပ်ပြန်တော့လည်း ဘာမှ ကိုမပြောင်းလဲ။ တစ်နှစ်ဆိုတဲ့ အချိန်ကျော်သွားတယ်။ မထူးတော့ပြီ ဖြစ်သမျှအားလုံးကိုကျောခိုင်း ချစ်သူများဆီးကြိုနေမလားဆိုတဲ့ ခပ်ပေါပေါ စိတ်ကူးနဲ့ ကျွန်တော်လိုက်သွားကြည့်တယ်။

                  တခါတရံတွေမှာ ဆန္ဒတွေနောက်ကို လက်တွေ့တွေမလိုက်နိုင်စမြဲ။ နောက်မှာပဲအမြဲနေဖြစ်ခဲ့တဲ့ အလုပ်ကိုင်နဲ့ကျောင်းသား ဘ၀ကြောင့် ၁ နှစ်ကျော်ကြာသွားမှ အဲ့မြို့ပေါ်ခြေချနိုင်ခဲ့တယ်။

                ဟဲလို….ရှိပါသလား
                ဟုတ်ကဲ့ ခဏကိုင်ထားပါနော်  အလိုသူမ ပြန်ရောက် နေပြီပဲ။
            လာလေ အိမ်ထဲဝင်  ကျွန်တော်မှင်သက်မှုတွေ ဆွဲခေါ်ရာနောက်ကို စကန့်ပိုင်းလောက် အသိစိတ်တွေလွတ်ဖူးပါတယ်။     
               နင်ပိန်သွားတယ်နော်   ခုထိုဘာပြောရမှန်းမသိ ဘာအသုံးနှုန်းခေါင်းစဉ်တပ်ခေါ်ရမည်နည်း။
               ဟုတ်တယ် ရန်ကုန်မှာ အလုပ်တွေပြန်လုပ်ရင်း ပိန်သွားတာ ပြန်ရောက်နေတာတော့ ၁ နှစ်ကျော်ပြီ အလုပ်လုပ်ရင်း ကျောင်းပါဆက်တတ်ဖြစ် လိုက်သေးတယ်လေခုလည်းမနောပွဲကို သူငယ်ချင်းကခေါ်လို့ရောက်ဖြစ်တာ
               ဟုတ်လား ငါလည်း တနေ့ကမှပြန်ရောက်တာ တူလေးကဆေးရုံတင်ရမယ်ဆိုလို့ ခွဲစိတ်ရင်လည်း ခွဲရမယ်တဲ့အဲ့ဒါကြောင့် ပြန်လာပေးရတာလေ ပြီးတော့ အိမ်မှာကလူကြီးတွေပဲများတော့ ကူလုပ်ပေးမယ့်လူမရှိဘူးလေ ဒါကြောင့်ပြန်လာတာ
               ဟုတ်လား အင်းတိုက်ဆိုင်တယ်ပဲပြောရမလား ကျွန်တော်လည်း ဖုန်းမဆက်ဖြစ်တာကြာပြီ၊ ဆက်တိုင်းလဲ နေကောင်းလား ဆိုတာကလွဲရင် ကျန်တဲ့သတင်းမသိရတာရယ်ပြီးတော့ ခဏခဏဆက်တော့လည်း အားနာလည်တာနဲ့ မဆက်ပဲနေနေတာ ကြာပြီ

              သြော….ဖုန်းဆက်နေခဲ့သေးတာလား…”
              ဟုတ်တယ်လေ…..မသိဘူးလား…..”
              မ ဘာမှ မသိရဘူး…….” ဧည့်ခန်းထောင့်မှ မိန့်မိန့်လေးထိုင်နေတဲ့ သူမရဲ့ မိခင်ဖြစ်ရဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော်တို့ နှစ်ယောက်မျက် ၀န်းတွေ အမှတ်မထင် လှည့်ကြည့်ကြမိတဲ့အခါကျွန်တော်တို့ကပဲ လူငယ်ပီပီ မသိချင်ယောင် ဆောင်နေလိုက်ကြတယ်။   
              ခုမှဒီမြို့ကို ရောက်လို့ပြန်များရောက်နေလေ မလားရယ် ပြီးတော့ သိပ်တွေ့ချင်နေတဲ့စိတ်ရယ်ကြောင့်လဲပါတယ် ဒါနဲ့ဆက်ကြည့်လိုက်တာ ကံအကြောင်း တိုက်ဆိုင်လို့ပေါ့
               အင်းနော် ဒီ လိုမျိုးပြန်တွေ့မယ်လို့ ထင်တောင်မထင်မိဘူး

               ကျွန်တော်တို့နှလုံးသားတွေအဲ့နေ့က တစ်ယောက်နဲ့တစ်ယောက် မမှတ်မိကျဘူးထင်ပါရဲ့။ တနေရာရာမှာမြင်ဖူး သလိုလိုမေးခွန်းတွေ ထုတ်ပြီး တစိမ်းဆန်ကျတယ်
                 နောက်တစ်နေ့……
                 အဲ့နေ့က ကျွန်တော်မသိတဲ့အရာတစ်ခုနဲ့ ဒုတိယအကြိမ်ထပ်ကြုံပြန်တယ် တွေ့တော့တွေ့ လိုက်ရပါတယ်သူမကို။ မီးဖိုချောင်ထဲမှာ ရှုပ်ရှက်ခက်နေပုံ၊ ချက်ရင်းပြုတ်ရင်းနဲ့ ဆေးရုံကလူနာအတွက် ထမင်းပို့ဖို့ပြင်ဆင်နေပုံ။ သူ့မိဘတွေရှေ့မှာ ကြောင်တောင်တောင်နဲ့ ကျွန်တော်ဘာ စကားမှလဲမရှိ။ သူမကပဲပြောတယ်။
                မနက်ဖြန် ရန်ကုန်သွားရမယ်
                ဗျာဘာလို့တုန်း တူလေးကြောင့်လား
                ဟုတ်တယ် အခြေနေကဒီမှာ ခွဲလို့ မရဘူး ရန်ကုန်သွားခွဲစိတ်ရမယ်တဲ့  အဲ့ဒီနေ့အိမ်ပြန်ရောက်မှ ကျွန်တော်သိလိုက်တဲ့ ဒုတိယအကြိမ်မသိတဲ့အရာတစ်ခုက အဲမြို့ပေါ်မှာသူမနဲ့ ကျွန်တော်တွေ့တာ ဒါနောက်ဆုံး။

                သူမရန်ကုန်ဆင်းသွားပြီ။
                ကျွန်တော်တို့ကြားက အေးတိအေးစက် လေစိမ်းတွေက ကင်းစင်သွားတာလား။ ပြန်လည်မပူနွေး လာသေးတာလား၊ ဒါမှမဟုတ် ဘာမှကိုမရှိတော့လို့ တိုက်စရာမလိုတော့တာလား။ သေချာတာကတော့ ကျွန်တော်တို့ သံယောဇဉ်တွေ ပြုံးပြကြပါရဲ့။ အလည်ပတ်သွားမယ့် စိတ်တွေလဲ ဘယ်တွေရောက်လို့ ရောက်မှန်းမသိအောင် ကိုယ့်စိတ်တွေက ရန်ကုန်ပြန်ချင်နေပြီ။ ဒါပေမယ့်လည်း မပြုံးချင်ပြုံးချင် မျက်နှာဖုံး တွေ တပ်ပြီး အမျိုးဆိုတာတွေကိုလိုက်ပြရသေးတယ်။ အဲ့မျက်နှာကြီးကို။ သူမ ထားသွားပြန်တဲ့ ဒုတိယမြို့ပေါ်မှာ အောင့်အီးပြီး တပတ်ဆိုတာကို ဖြတ် သန်းလိုက်ရတယ်။

                    ကျွန်တော်ရန်ကုန်ကိုပြန်ရောက်ပြီ။
                   မြေသြဇာမထည့်ဘူးဆိုပေမယ့်လဲ ပုံမှန်ရေလောင်းပေးနေပါရဲ့။ သို့သော် သူကမြေသြဇာကြိုက်တဲ့ မျှော်လင့်ချက်ထင်တယ်။ ကလေးတောင် ဆေးရုံကဆင်းလို့ပြန်တော့မယ်တဲ့ တရက်အလိုကျမှာ ကျွန်တော်ရောက်သွားပုံများ။ လူနဲ့မျက်လုံးက မစိမ်းတဲ့ ရန်ကုန်မြို့မှာ ကျွန်တော့်ခြေတွေစိမ်းပါတယ်။ ကျွန်တော့်ခြေရာတွေတော်တော်များများက ရန်ကုန်ကဘတ်စ်ကားတွေနဲ့မြို့ပတ်ရထားပေါ်မှာကလွဲရင်မြို့ကြိုမြို့ကြား၊ လမ်းကြိုလမ်းကြားမှာဘယ်ရှိပါ့မလဲ။ အဲ လမ်းတွေမြို့တွေ ရပ်ကွက်တွေမှာတော့ ကျွန်တော်ဖြတ်လာတဲ့အခါ ကြည့်ဖူးခဲ့တဲ့ အကြည့်တွေပဲရှိမှာပေါ့။ ခုတော့ လိပ်စာကဒ်လေးတစ်ခုကိုကိုင်ပြီး တာမွေကျောက်မြောင်းက တိုက်ခန်းလေးတစ်ခန်းကို လိုက်ရှာလိုက်ရတာ။ ဆိုက်ကားသမားတွေမေးလိုကဈေးသည်တွေမေးလိုက်နဲ့။ နောက်ဆုံးတော့လည်း……..

                   သံပန်းတံခါးရှေ့မှာ သူမမျက်နှာစတွေ့ချိန် ကျွန်တော်မသိသေးတဲ့အရာတစ်ခုနဲ့ တတိယအကြိမ် ထပ်တွေ့ပြန်တယ်။ ကလေးက ခေါင်းမှ ပတ်တီးတွေနဲ့ အရုပ်ကလေးတွေကိုင်ပြီး ဆော့နေတယ်။ အမေလုပ်သူက ကလေးဘေးမှာ ထမင်းပန်းကန်ကိုင်ပြီး ကြည့်ပေးလို့၊ သူမကတော့ ကျွန်တော့်ကို စကားပြောလိုက်ကြည့်လိုက်ပေါ့။ သို့သော် နှလုံးသားနဲ့မပြောပါ နှလုံးသားနဲ့လည်းမကြည့်ပါ။ နားလည်မှုနဲ့သာ ပြောကျသည်။ ကျွန်တော်ပြန်သင့်ပြီထင်တယ်

                  တံခါးတွန်းဖွင့်သံနောက်မှာ ကျွန်တော်မသိသေးတဲ့ တတိယအရာတစ်ခုကို သိလိုက်ရတာကရန်ကုန်ဆိုတဲ့မြို့မှာ ဒီတစ်ကြိမ် သူမနဲ့ တွေ့တာ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်၊ ပြီးတော့ သူမနဲ့ကျွန်တော်ရဲ့ နောက်ဆုံးလား…..။ အဲ့နေ့က ကျွန်တော်သူမမျက်နှာကို အ၀ကြည့်ပစ် လိုက်တယ်။ မျက်လုံး၊ နှုတ်ခမ်း၊ ပါးပြင်အားလုံးအားလုံးကို ဘယ်တော့မှ ကွယ်ပျောက်မသွားတော့မယ့် မန်မိုရီထဲထည့်လိုက်တယ်။ ပြီးတော့ ကျွန်တော်မျက်ဝန်းနဲ့နှုတ်ဆက်လိုက်တယ်။

                    သံပန်းတံခါးနောက်က ချစ်သူမျက်နှာနဲ့ လေတစ်ချက်အဝှေ့မှာ လွင့်စင်သွားတဲ့ တံခါးဘောင်ပေါ်က ဖုန်မှုန့်ငယ်အချို့ကလွဲရင် ကျန်တဲ့စာတန်းမထိုးတော့ဘူး။ ကျွန်တော့်ခြေလှမ်းတွေက ငါးလွှာပေါ်ကို ၁၀ ခါပြန်တက်ရတဲ့ ခြေလှမ်းနဲ့ အဆင်းမှာ မောဟိုက်လိုက်တာ….။ လှေခါးထစ်တွေဆုံးတော့ အောက်မှာ ထိုင်နေတဲ့ သူတောင်းစားဆိုသူရဲ့ခွက်လေးထဲ အကြွေ သုံးရာထည့်ပြီး။ အရာရာအားလုံးကိုပိုက် ခြေလှမ်းတွေပြင် (ဒီတခါတော့ ကျွန်တော်ကပဲလား) ဆိုတဲ့အတွေးနဲ့ ကျောခိုင်းပြီး……

                  
                   ကျွန်တော်အိမ်ပြန်ခဲ့တယ်……

     
                                                                                                                                                မင်းနွေဦး