Friday, September 9, 2011

ကိုယ့်ကိုကိုယ်လှည့်စားတဲံ ပီတိ

ကမ္ဘာမြေပေါ်မှာ ရှင်သန်နေတဲ့
ငါ့ကိုအမေက မွေးဖွားပေးခဲ့တယ်
ကမ္ဘာမြေကတော့ မဟုတ်ဘူး….
ငါ့နှလုံးသားထဲက ရင်ခုန်သံတွေကြတော့
မင်းက မွေးဖွားပေးခဲ့တယ်....

ရင်ခုန်တိုင်းအချစ်လို့ပြောရင် မင်းယုံမှာလား
ဟိုး…မိုးကုတ်စက်ဝိုင်းပေါ်က ကွေးညွန့်နေတဲ့
ရောင်စုံခြယ် သန့်တံလေးကိုရော..
အချစ်ရဲ့ သင်္ကေတလို့ပြောရင် မင်းယုံမှာလား
အဲ့လိုပဲ အချစ်ဆိုတာ တစ်ခါတလေ ဘာမှမဆိုင်ပဲနဲ့
ပတ်သက်နေတတ်တယ်….

အချစ်ဆိုတာ ကြည့်လိုက်ရင်တော့ဘာမှမဟုတ်သလိုနဲ့
Difination ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ကောင်ပေါ့
ငါတို့ဆာလောင်နေတဲ့ ရင်ခုန်သံတွေကို
အချစ်ဆိုတဲ့အစာအဟာရလေးတပ်ပြီး
အမှတ်တရတွေကို ဖန်တီးယူကြတဲ့အခါ
ပတ်ဝန်းကျင်ကအသည်းကွဲနေတဲ့သူတွေ
ငါတို့ကို အားကျနေလိမ့်မယ်။

ရိုးရိုးလေးနဲ့လှတဲ့ကောင်မလေးရေ
ရိုးရိုးလေးပဲတွေးလိုက်ပါ…
အချစ်ဆိုတာတကယ်တော့ အချစ်ပါပဲ…

အမြဲငတ်မွတ်မှုအောက်မှာ နေထိုင်နေခဲ့တဲ့ငါ
နှလုံးသားလက်သည် မင်းနဲ့ကြမှ
အမြဲမခုန်တတ်တဲ့ ငါ့နှလုံးသား အလန်းမရပ်တော့တဲ့
နာရီတစ်လုံးလို့ပဲ…..ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့
အချိန်ပြည့် ခုန်နေတော့တယ်။

ထုတ်ကုန်ရနံ့တွေကင်းတဲ့ နှင်းဆီဖက်လေးလို
နှုတ်ခမ်းနှစ်လွှာအောက်မှာ ငါ့ကို
ခဏတာ ကျရှုံးခွင့်ပြုပါ။

ချစ်သူ…..
ငါ့ခြေတွေ ရဲရင့်ဖို့အတွက် အသင့်ပြင်ထားပြီ
ဆိုင်ကယ်တောင် ဘီးနှစ်ဘီးလုံးတပြိုင်တည်း ရွေ့သေးတာပဲ
စိတ်ချပါ…. ငါ့ခြေလှမ်းတွေ နှစ်ဖက်လုံးလှမ်းမှာပါ
တဖက်တည်းလှမ်းရမယ်ဆို အဲ့ခြေလှမ်းတွေ
ငါဘယ်တော့မှမလှမ်းဘူး….။

ငါ့နှလုံးသားက စက်ပစ္စည်းမဟုတ်တဲ့အတွက်
သတိရခြင်းရက်စွဲတွေရက်ထက် အနည်းဆုံး
တစ်ရက်တော့ ပိုကြာရှည်ခံမှာပါ။

ဟိုး….မြောက်ရိုးစွန်းတစ်နေရာကနေ..
ဒီဘက်တောင်ရိုးစွန်းတဲ့အထိ တို့ခြေလှမ်းတွေ ခရီးနှင်ကြတာပေါ့
ခရီးဆုံးလို့ လာရာရိုးစွန်းပြန်ရောက်တဲ့အထိပေါ့….
မင်းမောပန်းလာတဲ့အခါကျရင်
ငါ့ကိုယ်ငါ ချွေးသုတ်တစ်ရှူးဘ၀အဖြစ်ခဏ နေပေးမယ်
ပြီးရင်တို့ အရှေ့ရိုးစွန်းကနေ အနောက်ရိုးစွန်းအထိ
ဆက်လျှောက်ကြတာပေါ့

တို့လယ်ကွင်းတွေကို ဖြတ်ကြမယ်
တို့ ကန်ပေါင်းများစွာကို ကျော်ကြမယ်
တို့ တံတားတွေကို လျှောက်ကြမယ်
တို့ ပင်လယ်ကဗွီးတွေကို ငေးကြမယ်
တို့ သစ်ပင်တွေကို စိုက်ပျိုးခဲ့ကြမယ်။

တစ်နေ့မင်း အဖွားကြီးဖြစ်တဲ့အခါ
တစ်ရက်ငါ အဘိုးကြီးဖြစ်တဲ့အခါ
တို့လျှောက်ခဲ့ဘူးတဲ့လမ်းတွေအတိုင်း
တို့စိုက်ပျိုးခဲ့တဲ့ သစ်ပင်တွေအောက်မှာ
ပီတိဖြစ်ရင်း သူငယ်ပြန်ကြမယ်။

မင်းအရင်သွားဖြစ်တဲ့အခါကျရင်
ငါ့ရင်ခွင်ထဲမှာ ပြုံးပြီးနှုတ်ဆက်ပါ
ပြီးရင် ဟိုမှာစောင့်ပါ။
တကယ်လို့ ငါအရင်သွားဖြစ်ခဲ့ရင်
မင်းလက်ဖမိုးလေးကိုကိုင် ပြုံးပြီးနှုတ်ဆက်မယ်
ပြီးရင် ဟိုမှာ ငါ စောင့် နေ မယ်….
မျက် ရည် တော့ မ ကျ ကြေး နော်……..
                                                  
(တစ်နေ့နေ့မှာ ရှိလာမယ့် ကြင်ရာဖက်အတွက် စိတ်ကူးယဉ်ပြီးရေးထားတာပါ)

2 comments:

  1. လက်ရှိပီတိ ထင်လို့ကွာ .. :D
    ဒီကဗျာလေးကိုခံစားမိသလောက်ကတော့
    ရိုးရိုးလေးနဲ့ရင်ထဲရောက်သွားတာပဲ ..:)

    တို့စိုက်ပျိုးခဲ့တဲ့ သစ်ပင်တွေအောက်မှာ
    ပီတိဖြစ်ရင်း သူငယ်ပြန်ကြမယ်:)(တကယ်ကိုဖတ်နေရင်း ပြုံးမိတဲ့နေရာလေးပါ)

    ReplyDelete
  2. အဲ့လိုဖြစ်တွားတယ်ဆိုရင် ၀မ်းသာပါတယ်ဗျာ....
    နောက်တော့လည်း လက်ရှိဆိုတာ ရှိလာမယ်ထင်ပါရဲ့ :P
    ကျေးဇူးတင်ပါတယ်နော်...

    ReplyDelete