Tuesday, September 20, 2011

ဖြေသိမ့်လိုက်ပါတယ်

ဖြေသိမ့်ခဲ့ပါတယ်….. ငါဝါးမိခဲ့တဲ့ ငါးမှာအဆူးရှိခဲ့တဲ့အတွက်
စားတိုင်းမကောင်းဘူးလို့
အဲ့နှုတ်ခမ်းကပဲပြောခဲ့ဘူးတယ်….
ငါ့မှာလေ………သင်ခန်းစာတွေ
တပုံတခေါင်းကြီးနဲ့

လောကမှာဘယ်အရာမှ အစွန်းရောက် နစ်နာမှု
မရှိဘူးဆိုတာလည်း မင်းသင်ပေးခဲ့တာပဲ….
ဒါပေါ့…..တစ်ခါနာကျင်ပြီးတိုင်း ငါ့အတွက်တော့
အနည်းဆုံး ကဗျာတစ်ပုဒ် ကျန်နေခဲ့သေးတာပဲ
ကဲပါ…..ဖြစ်ပြီးသမျှတွေခဏမေ့ထား…
ခုလောလောဆယ် စမတ်ကျကျဖလှယ်ကြတာပေါ့
မင်းနဲ့ငါကြားမှာတော်တော်များများ
အနားလည်နိုင်ဆုံးတူညီနိုင်ခဲ့ကြပါရက်နဲ့
ဘာကြောင့် ချစ်သူဆိုတဲ့ ခေါင်းစဉ်ကို
နှစ်ဦးစလုံး ထပ်တူမဆောင်းနိုင်ခဲ့ကြတာလည်း
ဒါလည်း လောကမှာအသွင်တူတိုင်း
ကြင်သူမဖြစ်နိုင်ဘူးဆိုတဲ့…..
သင်ခန်းစာ အပိုင်းစတစ်ခုပဲနေမှာပါ…..

အဲ့လိုအပိုင်းစတွေတဖြည်းဖြည်း များများလာတော့
နေ့စဉ်နဲ့အမျှ ရှုလိုက်ထုတ်လိုက် လုပ်နေတဲ့
လေ့ကျင့်ခန်းတောင် ငြီးငွေ့လာသလိုလို
ဒါပေမယ့်….ငါထပ်ဖြေသိမ့်လိုက်ပါတယ်…
ခုတော့လွတ်လပ်မှုကိုခုံမင်တဲ့ တို့နှစ်ယောက်
တကယ်တမ်း လွတ်လပ်သွားကျသွားကြတဲ့အခါ…

တစ်ခါတစ်လေတော့လည်း လွတ်လပ်မှုတွေကြားမှာ
ချုပ်နှောင်ခံကြရသေးတာပဲ….
ခုကြည့်….လွမ်းဆွတ်မှု အချုပ်နှောင်တွေကြားမှာ
မင်းရောငါရော ရုန်းထွက်နိုင်ကြလို့လား….

ဒီလိုပါပဲ တို့တွေဝင်ထိုင်လိုက်တဲ့ လောကကန်တင်းမှာ
ဘယ်အရာမှ တည်မြဲမနေပါဘူး….
မင်းနဲ့ငါ အတူတူထိုင်နေရက်တောင်
တို့မျက်လုံးတွေက ပတ်ဝန်းကျင်ဆွဲခေါ်ရာနောက်ကို
လိုက်ကြည့်မိကြသေးတာပဲ…..
မင်းကြည့်လိုက်တဲ့ ပတ်ဝန်းကျင်ကို
ငါကြည့်မိချင်မှ ကြည့်မိမယ်
ငါကြည့်လိုက်တဲ့ ၀န်းကျင်ကို မင်း…
လိုက်ကြည့်ချင်မှ လိုက်ကြည့်မိမယ်
အဲ့လိုပဲ မင်းကြည့်တဲ့ ၀န်းကျင်ကငါ့ကို...
ကြည့်ချင်ကြည့်နေမယ်
ငါကြည့်လိုက်တဲ့ ၀န်းကျင်က မင်းကို...
အကဲခတ်ချင် ခတ်နေမယ်
အားလုံးဟာ သူ့ tempo နဲ့သူလှုပ်ရှားနေတာပဲ

ဟောကြည့်……..စားပွဲထိုးလေးတောင်
ကုန်သွားတဲ့ တို့ရေနွေးအိုးကို လာသိမ်းသွားပြီ
သူလည်းသူ့ရွေ့လျားမှုနဲ့သူပေါ့လေ….
တို့တွေနဲ့လည်း သိမှမသိကြပဲ
ဒါပေမယ့် တို့တွေနဲ့တော့ တစ်ခါတစ်ခါ
လာပတ်သတ်နေကြရတယ်မဟုတ်လား
မင်းနဲ့ငါ့ နှလုံးသားလည်း အဲ့လိုပဲ....
ကမ္ဘာဦး အစမှာလည်း မတွေ့ခဲ့ဖူးဘူး
အရင်ကတည်းကလည်း သိကျတာမဟုတ်ဘူး
ခုတော့ ပတ်သက်မှုတွေ ထန်နေခဲ့ရတယ်

ခုငါဒါတွေရေးနေချိန်မှာ မင်းကငါ့ကို
အရူးတစ်ယောက်လို့ သတ်မှတ်ချင် သတ်မှတ်နေမယ်
ငါကတော့ မင်းကို သိပ်ထက်တဲ့ မိန်းမတစ်ယောက်လို့
အထင်ကြီးနေတုန်းပဲ…..
ဟား……ဟား…..ဟား….
ငါအဲ့လို မင်းကွယ်ရာမှာ တစ်ယောက်တည်း
ရယ်မောဖြစ်တဲ့အခါ မင်းငါ့ကို အဲ့ မျက်စောင်းလှလှလေးတွေ
ထိုးပစ်ဦးမှာပဲမလား

အတွေးတွေကို ချုပ်နှောင်ထားတာကလွဲရင်
ငါဟာ လွတ်လပ်ချင်နေတဲ့ ငကြောင်တစ်ကောင်ပါ
လွတ်လပ်မှုတွေကြားမှာ မနေချင်တဲ့
မိန်းကလေးတချို့ကို ငါ…
ခပ်ပြုံးပြုံးလေး ထိုင်ကြည့်ခဲ့ဘူးတယ်….
ခု နှစ်ယောက်စလုံး လွတ်လပ်မှုကို မြတ်နိုးတဲ့အခါ
တို့တွေ ဘယ်ကို ပျံသန်းကြမလဲ…..
ကောင်းကင်ထဲကိုလား….တောအုပ်ထဲကိုလား….
အဲ့လိုနဲ့ပဲ..တို့ရင်ဘတ်တွေကို
အင်္ကျီအောက်ထဲ ပြန်သိမ်းဆည်းလိုက်ကြရတယ်…

ဟူး………
နှလုံးသားနဲ့ပတ်သတ်ရင် ငါဟာ
သတ်သတ်လွတ်ပဲစားနေရတဲ့ နွားတစ်ကောင်လိုပါပဲလား…..။

3 comments:

  1. ၀ိုး အရမ်းပြောင်မြောက်တဲ့ ကဗျာလေးပါလား

    လောကမှာအသွင်တူတိုင်း
    ကြင်သူမဖြစ်နိုင်ဘူးဆိုတဲ့…..
    သင်ခန်းစာ အပိုင်းစတစ်ခုပဲနေမှာပါ…..

    အင်း ဘယ်လိုပြောရပါ့နော်

    ( လင့်တွေပျောက်နေလို့ခုမှလာအားပေးရတာခွင့်လွတ်ပါ ကိုမင်းရေ )

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  2. တကယ်တမ်းလွတ်လပ်သွားတဲ့အခါ
    လွတ်လွတ်လပ်လပ်ကျကွဲသွားတယ်

    ReplyDelete
  3. မဒိုးကန်ရေ...
    လာအားပေးတဲ့အတွက်ကျေးဇူးပါ....

    ReplyDelete