သူမအတွက် ခင်းကျင်းတဲ့
ဖန်တစီရှိုးပွဲမှာ ကျွန်တော့်ကဗျာတချို့
ကိုယ့်ကိုကိုယ် ဆွဲကြိုးချပြရတယ်။
ရိုင်ဖယ်တစ်လက်ဆန်ဆန်ငါ့နှလုံးသား
မင်း...ဇာတ်သော့လာခတ်ထားပါ
စရိတ်သုံးကျဉ်ဆန်တွေနဲ့ပဲ
စာမတတ်တဲ့ ချာတိတ်တစ်ယောက်မျက်ဝန်းနဲ့
မင်းပတ်ဝန်းကျင်ကို ငါအလေးပြုပါ့မယ်။
ကျွန်တော့်ချစ်ခြင်းမှာ အလွမ်း
ကိုးဆယ်ရာခိုင်နှုန်းနဲ့စပြီး ပီတိ
တစ် ရာခိုင်နှုန်းနဲ့ အဆုံးသတ်စမြဲပါ။
ကျွန်တော်စာရေးတိုင်း
ကောင်မလေးမျက်လုံး ဖွင့်တတ်ပေမယ့်
ကျွန်တော့်နှလုံးသားဖွင့်တိုင်း
ကောင်မလေး စာမဖတ်တတ်ဘူး။
စာရွက်ပေါ်မှာ စကားလုံးတွေနဲ့
အရေးသားတွေဘယ်လောက်ပဲ ပြောင်မြောက်နေပါစေ
မိန်းမတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်တဲ့အခါ
ကျွန်တော်တို့ဟာ စာလုံးတောင်မပေါင်းတတ်တဲ့
အညံ့ဆုံးစာဖတ်သူတွေပါ။
နေ့နဲ့ညကို မှားယွင်းစွာစားသုံးမိတဲ့အခါ
အိပ်စက်ခြင်းဆိုတာ ငတ်မွတ်မှုဘောင်ထဲဝင်သွားတယ်
အချစ်ကိုအလွန်အကျွံပေးဆပ်မိတဲ့အခါ
သီအိုရမ်ဆိုတာ မှားယွင်းစွာလွဲချော်သွားတယ်။
မမှားဘူး.....ငါ မ မှား ဘူး
(အချစ်အတွက် မမှားတဲ့လမ်းပေါ်ကိုယ့်ကိုကိုယ်ပြန်မှားလို့)
ဘာပဲဖြစ်ဖြစ်ပေါ့...
အို......လမင်းငယ်
မင်း အလင်းရောင်တွေဖြာကျဖို့
ငါ့ကောင်းကင်ကို အတတ်နိုင်ဆုံးအမှောင်ချ
တိမ်မည်းတွေ ကင်းစင်ထားပါ့မယ်။
သူနဲ့မျက်နှာခြင်းဆိုင်တဲ့အခါ
ReplyDeleteကျွန်မလဲအညံ့ဆုံးစာဖတ်သူဖြစ်သွားတယ်
ကျွန်တော်ကအဲ့ထက်ပိုညံ့တယ်...
ReplyDelete