Thursday, May 19, 2011

အသံမထွက်တဲ့ ဂစ်တာတစ်လုံး

ငါ့ရဲ့ညကိုဝှက်ပြီး
ရေးလက်စကဗျာလေးနဲ့
ငါ့ခေါင်းအုံးပေါ် အိမ်မက်ပစ်လိုက်တယ်။

ဆိုးပါတယ်....
အလဲအကွဲတွေတစ်ထပ်ကြီးနဲ့
စာရွက်ပေါ်က သာယာမှုလေးကလွဲရင်

သံချပ်ကာတွေမပါတဲ့ရင်ဘတ်နဲ့
ငတ်မွတ်မှုလေးကို ၀င်ဆောင့်ပစ်လိုက်တာ
အချိန်တန်တော့လည်း ရလဒ်ကမနေ့ကလိုပါပဲ။

ဘောပင်ကိုင်တဲ့လက်နဲ့
နှလုံးသားကိုပန်းလို နူးညံ့ကြည့်တယ်
နောက်ဆုံးတော့ လောင်မြိုက်ခံရတဲ့ စက္ကူပန်းလိုပါပဲ။

ဟုတ်တယ်...
မွေးလာကတည်းက ကျူးပစ်မပါလာတဲ့ ကောင်ဆိုတော့
ကျူးပစ်ခင်းတဲ့လမ်းပေါ်မှာ   ငါ
အသံမထွက်တဲ့ ဂစ်တာတစ်လုံးလိုပဲ။

သွေးသားတွေက တောင်းဆိုတယ်
ရက်စက်ပစ်လိုက်ပါ ဒါမှရင့်ကျက်မယ်တဲ့
တော်ပါ မရင့်ကျက်ချင်နေပါ    ငါ
မရက်စက်ချင်ဘူး.....။

သွားပါ....ထားသွားကြပါ
အခုလောလောဆယ်တော့    ငါ
စောင့်ရမယ်......စာင့် ရ ဦး မယ်....။
(ဘာကိုစောင့်ရမယ်ဆိုတာ ငါ့ကိုယ်ငါမသေချာသေးဘူး)

လောကကြီးဆိုတာ
အလဲအကွဲ ထမင်းဟင်းသိုးတွေ ပစ်ကျွေးပြီး
နင်လာတဲ့အခါကြမှ ရေတစ်ခွက်လောက်ပဲ
ပေးတိုက်ခြင်းလား......။

မနေ့က ငါ့အပြုံးတစ်တင်္ဂနဲ့
ဒီနေ့ ငါ့ရှိုက်သံရဲ့ မညီမျှခြင်းကို
သူလုံးဝ မသိသွားရှာဘူး...။

မနက်ဖြန်တွေရဲ့ တစ်ရက်မှာ
ရောက်ရှိလာဦးမယ် ကောင်မလေးရေ...
ငါ့ရှိုက်သံတွေကို မင်းမကြားနိုင်အောင်
ခုတည်းက ငါကြိုတင်ပြင်ဆင်ထားရဦးမယ်။

2 comments:

  1. ကြိုးညှိတိုင်းး အသံသာသာမထွက်တဲ့ ဂစ်တာတစ်လုံး :)

    ReplyDelete
  2. အဲ့ဂလိုဖြစ်နေတာတော့အမှန်ပဲ..

    ReplyDelete