Wednesday, February 23, 2011

ငါနှင့်ငါ

ငါသည် စကားလုံးတွေကို
ဘောင်ကျဉ်းကျဉ်းလေးထဲက ယဉ်ကျေးမှုအတွက်
ဝန်းကျင်တစ်ခုလုံးကို ဂရုစိုက်သည်
အထိပြောဆိုခဲ့ဖူးသည်။
သို့သော်…..ယခု ငါသည်
စကားလုံးပေါင်းများစွာကို
လွတ်လပ်စွာပြောဆိုနေပေသည်။

ငါသည် ပိုက်ဆံဆိုတာကို
လိုအပ်ခဲ့ဖူးသူဖြစ်ခဲ့သည်။
သို့သော်…..ယခု ငါသည်
ပိုက်ဆံဆိုတာကို ကစားသမားတစ်ယောက်နာသွားလို့
အစားဝင်ကန်ပေးရမယ့်
အရံကစားသမားတစ်ယောက်လို
အရံခုံမှာသာထိုင်ခိုင်းထားလိုက်တော့သည်။

ငါသည် သိပ္ပံပညာရပ်တွေနဲ့
တီထွင်သောအရာတော်တော်များများအား
ဆော့ကစားချင်ခဲ့ဖူးသူဖြစ်သည်။
သို့သော်……ယခု ငါသည်
သဘာဝတရားကြီးအား
အလွန်ချစ်မြတ်နိုးသူဖြစ်သည်။

ငါသည် မိန်းမတစ်ယောက်အား
ဖြူစင်သွာချစ်တတ်သည့်
နှလုံးသားရှိခဲ့ပါသည်။
သို့သော်……ယခု ငါသည်
တစ်ကိုယ်တည်း ရွက်လွင့်နေသည့်
တံငါသည် ဖြစ်သည်။
ငါသည် အလင်းရောင်တွေအကြောင်း
အမြဲပြောဆိုနေတတ်ခဲ့သူဖြစ်သည်။
သို့သော်……ယခု ငါသည်
အမှောင်ထုတွေကြားထဲမှာသာ
အသားကျနေခဲ့သည်။
ငါသည် အချိန်တွေကိုလွန်စွာမှ
တန်ဖိုးထားတတ်ခဲ့သူဖြစ်သည်။
သို့သော်…..ယခုငါသည်
နာရီတွေကိုမုန်းတီးနေသူဖြစ်သည်။

ငါသည်……
ငါသည်………...
ငါသည်…………….

ငါသည် သေခြင်းတရားကို
ကြောက်ရွံ့နေခဲ့ဖူးသူဖြစ်သည်
သို့သော်…..ယခု ငါသည်
သေဆုံးခြင်းအတွက်ပျော်ရွှင်နေသည့်
လူတစ်ယောက်ဖြစ်သည်။  ။

No comments:

Post a Comment