Thursday, February 24, 2011

တိတ္ထိလမ်းမပေါ်က ကျွန်တော်တို့

ကျွန်တော်လမ်းစလျှောက်ပြ

လောကဟင်းလင်းပြင်ကြီးထဲမှာ
ကျွန်တော်တို့နှလုံးခုန်သံနီးစပ်သူတွေ
ရင်ဘတ်ခြင်း ခလုတ်တိုက်ကြပါတယ်။

ရှားပါးပစ္စည်းဆိုတာ ဒီနေရာမှာ
Difination ဖွင့်စရာလိုမယ်မထင်ဘူး

မိတ်ဆွေဆိုတဲ့ ကျောက်တိုင်ဟာ
အဖြူရောင်ဆောင်းထားတဲ့
ငြိမ်းချမ်းရေး အရိပ်တစ်ခုပေါ့။

ကျွန်တော်နဲ့သူ အဖြူရောင်အလံကိုယ်စီဆွဲ
စစ်ရေးပြကွင်းက မိတ်ဆွေကျောက်တိုင်မှာ
အဖြူရောင်ပေါ် အဖြူရောင်ဆေးတွေချယ်
အသံပျောက်စကားလုံးတွေနဲ့
ကျောက်တိုင်ခိုင်မြဲခဲ့တယ်လေ....။

ယုံကြည့်ချက်တွေနဲ့ သံပတ်တွေတင်း
မျက်စောင်းတွေပေါက်ရောက်ပြီး
လက်ညှိုးတွေဝေဆာနေတဲ့လမ်းပေါ်လျှောက်ကြတယ်။

တခါတခါကြောက်ရွံ့ခြင်းတွေလာထိုးနှက်ကြတယ်
ကိုယ့်ကိုယ်ကိုပြန်မေးတော့လည်း...
“ငါဘာကိုကြောက်နေတာလည်း”...

“လူတွေနဲ့ဝေသွားမှာကိုလား”
“အို့... ငါစလျှောက်ကတည်းက
လူတွေနဲ့မိုင်ပေါင်းများစွာဝေးတဲ့
နီးနီးလေးမှာလျှောက်နေတာပဲ”

“ဒါဆိုကြောက်ရွံ့တာကဘာဖြစ်နိုင်မလဲ” အဲ့လိုပဲ
တခါတရံ အဖြေမရှိတဲ့ စာမျက်နှာတွေသွားလှန်မိတယ်
အဲ့လိုအခါတွေမှာ တစ်ယောက်နဲ့တစ်ယောက်
အဖြေမရှိတဲ့ စာရွက်တွေလဲဖတ်ကြသေးတယ်။

“ဟဲ့...သောက်ပလုပ်တုတ်”
ဒါမျိုးပြောပြီဆို ခလုတ်တွေကတိုက်ခံရပြီ
ကိုယ်ကသွားခလုတ်တွေကိုသွားတိုက်ခြင်းမဟုတ်
ခလုတ်ကကိုယ့်ကို လာတိုက်တာ...။
“မှန်းစမ်း” ကိုယ့်ခြေထောက်ကိုပြန်ငုံ့ကြည့်တာ...
“ဟိုက်” ငါ့ခြေမမှာလက်ညှိုးရာကြီး..

“ဟာ” ခြေမမှာတင်မဟုတ်ဘူး
တကိုယ်လုံးမှာ လက်ညှိုးရာတွေပြည့်နေပါလား
“အဟီး” ငါတော့လက်ညှိုးရာတွေရောင်းစားရရင်တော့
ဘီလျှံနာဖြစ်တော့မှာပဲ.....။

“နင်တော့ အ၀ီစိချိုးကပ်တော့မယ်”
 ...... တိန်............
 “ဘာကြီးလဲ ငရဲဆိုတာရှင်းစမ်းပါဦး”
“ဒါတောင်မသိဘူးလား ငတုံး”
ထပ် တိန်ပြန်ပြီ...ကွယ်

အဲ့ငရဲဆိုတာ တကယ်ကြီးရှိလို့လား
မေးတော့လည်း ဒီတစ်ယောက်ကတစ်မျိုး
နောက်တစ်ယောက် တစ်ဖုံ
ဘယ်ဟာက အမှန်တကယ်လည်း....။

သူတို့လဲဖြေနိုင်တာကြလို့
ကျွန်တော့်လည်းမသိဘူးတဲ့
အဲ့တော့မသိပဲနေနေတာကလည်း
စိတ်ချမ်းသာခြင်းတစ်မျိုးပဲလေ...။

နေစမ်းပါဦး....
ကိုယ့်ပါသာကို မယုံကြည်တာလေးနဲ့
ခင်ဗျားတို့ကိုဘာတွေများထိခိုက်သွားလို့လဲ

“အော်တစ်ယောက်တည်းနေတော့ သောက်ရူးတဲ့”
ဘာမသိညာမသိ လူအုံကြီးထဲမှာ
ဟေးလားဟားလား ၀င်လုံးနေတော့..
ငါ့...သူတော်ကောင်းဘွဲ့ချီးမြှင့်ခံနေရပါလား..။

ပြောရင်းပြောရင်းနဲ့
ဒီစကားလုံးတွေပဲထပ်ထပ်လားပြန်တယ်
ဒီလောက်ထပ်နေတာလဲ ဘူမှမသိပါဘူး
အို.....ဂရုစိုက်စရာမှတ်လို့
ငါ့လမ်းငါ ပုံမှန်ပြန်လျှောက်နေတာပဲကောင်းတယ်။

သူများမျက်စောင်းတွေနဲ့ ပေါက်သံ
စကားလုံးတွေနဲ့ ခွက်စောင်းခုတ်ဒဏ်
လက်ညှိုးတွေနဲ့ ထိုးခံရမယ့်လေပြင်းတိုက်ခံရမှု
ဒါတွေကို ကောင်းကောင်းခံရပြီဆိုရင်တော့
သူငယ်ချင်း......ကိုယ့်ကိုယ်ကို
သဘာဝဘေးဒဏ်ကလွဲရင်
ကျန်တဲ့ဒဏ်တွေ ခံနိုင်ရည်ရှိပြီလို့....
ဒီနေရာမှာ လောကဓံဆိုတာကချာတိတ်။

“ဒီကောင်တွေပေါ့ ကိုယ်စီးလာတာဖိနပ်မှန်းသိရက်
ဦးထုပ်လို့နာမည်ပေးတယ်”......
“ဒီကောင်တွေလေ ငါတို့အိပ်ချိန်ကြမှ
ညကြီးမိုးချုပ် ထအလုပ်လုပ်တဲ့ကောင်တွေ”

“ဟုတ်ကဲ့ပါ” ကျွန်တော်ပြောချင်ရဲ့လေ...
“လမ်းလျှောက်ချိန်မှာတော့ ဖိနပ်ဆိုတာ
ခလုတ်တိုက်တဲ့အချိန် ဦးထုပ်ထပ်ပိုလုံခြုံတယ်လေဗျာ”
အဲ့တော့ ဖိနပ်ကိုဆောင်းထားတာပေါ့...။

“ဟုတ်ကဲ့” ကျွန်တော်တို့တွေ
မှောင်နေလို့ အလုပ်မလုပ်ရဘူးလား
နေ့ဘက်ဆို လမ်းမတွေပေါ်မှာ ခြေတွေရှုပ်လွန်းပါဘိ
မမြင်ချင်တဲ့ ပူဇော်မှုတွေ၊ ဆုတောင်းတွေ
သဟဇာတမဖြစ်ဘူးလေဗျာ.....။

မှောင်လို့လမ်းမမြင်ဘူးလို့ မဆိုနဲ့လေ
ခင်ဗျားတို့တောင် မျက်ကန်းတွေနဲ့ နေ့ဘက်လမ်းလျှောက်နေသေးတာပဲ
ကျုပ်တို့မြင်ရက်နဲ့ အမှောင်ထဲလျှောက်နေတာဘာဆန်းလဲ
တခုရှိတယ်... လသာတယ်...ကြယ်တွေထိန်နေတယ်။

ဟုတ်တာပေါ့ ကျွန်တော်တို့က ခင်ဗျားတို့နဲ့
ဆန့်ကျင်ဘက်မဟုတ်တဲ့ ဆန့်ကျန်ဘက်
ကျွန်တော်တို့ရေးတာ ခင်ဗျားတို့အတွက်
ကဗျာမဟုတ်တဲ့ ကဗျာတွေလေ.....။

ဟုတ်ကဲ့ ကျွန်တော် တိတ္ထိလမ်းပေါ်စလျှောက်ပါပြီ။

No comments:

Post a Comment