Monday, February 28, 2011

အလွမ်းနယ်ပယ်

ငါဆိုတဲ့ကောင်ပေါ့
စိတ်ကူးတွေနဲ့ ခိုးခိုးနမ်းရလွန်းလို့
ငါ့စိတ်ကူးတွေမှာလဲ မိတ္တူရာတွေထပ်နေပါပြီ။

ပစ်စလက်ခက်အိမ်မက်တွေထဲမှာ
ပြန်ရှာဖွေရင်တောင် မင်းရဲ့မသိုးသေးတဲ့
ရနံ့လေးတွေကို ပြန်ရတယ်
အဲ့ဒါ ငါ့အိမ်မက်အတွက် ညစာ။

ကတိကို ငါမတောင်းဘူး
သစ္စာကို ငါမဆိုဘူး
ယုံပါလို့ ငါမပြောဘူး
အေး...ငါဖွင့်ပြနေခဲ့တာ
မုသားနဲ့ ရန်ဖြစ်ထားတဲ့စကားလုံးတွေ။

စကားလုံးအဟောင်းဆိုင်မှာ
ငါထားခဲ့တဲ့ စကားလုံးတွေ
နင်ပြန်ဖတ်ကြည့်စမ်းပါ
အဲ့ပေါ်က ငါ့ရင်ခုန်သံတွေ
ဒိတ်မအောက်သေးဘူး။

အလှမ်း ဆိုတဲ့မှတ်တိုင်ကျော်ခဲ့ပြီးနောက်ပိုင်း
ငါ့ဘက်စ်ကားပေါ်က အပြုံးခရီးသည်တွေ
တစ်ယောက်ပြီးတစ်ယောက် ဆင်းကုန်ပြီ
အလွမ်းကုန်ပစ္စည်းတွေပဲ တင်တင်လာကြတယ်။

ကုန်ဈေးနှုန်းတွေ တက်နေတဲ့ခေတ်ကြီးထဲမှာ
ငါ့ကုန်ပစ္စည်းတွေကို အထူးလျှော့ဈေးနဲ့
ပရိုမိုးရှင်း ပေးနေတာတောင်
ဘယ်သူမှလက်မတို့တဲ့ အရောင်းဆိုင်လေးပေါ့။

သတိလက်လွတ်ဖြစ်တဲ့အခါ
အရက်ပုံးကို သွားတိုက်မိသေးတယ်
ငါဟာ ကားမောင်းမကျွမ်းကျင်သေးတဲ့
မိစ္ဆာတစ်ကောင်။

နောက်ဆုံးတော့ အလွမ်းတွေကိုပဲ
ငါ့နှလုံးသား ခြံတံခါးဝမှာ
ဆိုင်းဘုတ်အဖြစ် ချိတ်ထားလိုက်တော့တယ်။  ။

1 comment:

  1. အလှမ်း လားး ??? အလွမ်းလားး ??

    ReplyDelete