တိမ်မည်းတွေ ခပ်အုပ်အုပ်ပွင့်တဲ့
နံနက်ခင်းတစ်ခုမှာ
အလွမ်းတစ်ခုနဲ့အတူ သူ့
မျက်လုံးတွေပွင့်ခဲ့တယ်
ဧပရယ်ကို အဆုံးသတ်ဖို့
ပိတောက်နဲ့ မိုးပြေးတွေတောင်
သွားနှင့်ကြပြီ....
ဒီနွေညရင်ခွင်မှာတော့
မပြီးသေးတဲ့ ကဗျာတစ်ပုဒ်ကရှိနေတယ်
ဒါပေမယ့် ဒီကဗျာ
အစပျိုးကတည်းက
ဗိုင်းရပ်စ်တစ်ကောင်ကို
သူ့သွေးထဲမှာ ထည့်လာပြီးသား
ခုဆို ဒီကောင်က ဂျိုလ်ပေါက်လို့
မျိုးပွားရေးတောင်လုပ်နေပြီ
ဒီကောင်က စာမေးပွဲလည်းဖြေစရာမလိုဘူး
နိုင်နိုင်ရှုံးရှုံး ကြိုနေတဲ့ မိုးချိမ်းရာသီနဲ့အတူ
ဒီကောင်က အောင်ပွဲခံဖို့အသင့်
ခက်တာက ဒီကဗျာမှာ စကားလုံးတွေမပါဘူး
အထူးသဖြင့် အရယ်အမောတွေနဲ့ မခြယ်မှုန်းထားဘူး
အညတရထက် ပိုနွမ်းပါးတယ်
စကားလုံးတွေ ပိုရှားပါးတယ်
နောက်ဆုံးဘာမှန်းမသိပဲ အစပျိုးပြီး
ဘာမှန်းမသိပဲ ပုဒ်မချချသွားတတ်တဲ့ကောင်
ဒါပေမယ့် သူ့ကိုယ်သူတော့ သိနေတယ်
အဲ့ဒါ “ငါဘာကောင်လည်း” ......
အဲ့ဒီညနေကပေါ့ သူနဲ့ကျွန်တော်
သူကအမည်း ကျွန်တော်က အဖြူ
အမည်းကွက်တွေပြောင်းလိုက်
အဖြူကွက်တွေ ရွှေ့လိုက်နဲ့
သူကတိုက်စစ်ကို လှလှပပဖွင့်တတ်တယ်
ကျွန်တော်ကတော့ ခုခံကာကွယ်ရတာကို နှစ်သက်တယ်
အဲ့ဒီညနေတိုင်းပေါ့ သူနဲ့ကျွန်တော်
စစ်တုရင် ပြိုင်ထိုးကြတာ
အဲ့ဒီကောင်လေ.......အဲ့ဒီကောင်ပေါ့
“နာကျင်ခြင်းဆိုတဲ့ကောင်”.....။ ။
မင်းနွေဦး
ဒါဟာ ကဗျာတစ်ပုဒ်မဟုတ်ပါဘူး..
ReplyDeleteမှင်လူးထားတဲ့ စက္ကူအပိုင်းအစတစ်ခုပါ မိတ်ဆွေ..:)
တိုက်စစ်ရော ထိုးစစ်မှာပါ နားကျင်ခြင်းဆိုတဲ့ကောင်က နှစ်ဖက်လုံးမှာရှိတယ်
ReplyDeleteဒါနဲ့အဲဒီကဗျာမှာ အရယ်အမောတွေပျောက်ရှခဲ့တယ် . . :)
နတ်သမီး