ငါအထီးကျန်တဲ့အခါပိုပြီးအထီးကျန်ခြင်းနဲ့ ဖြေဖျောက်တယ်….
ခက်တာက….
ဒီတစ်ခါမင်းနဲ့ပတ်သတ်တဲ့ နာကျင်မှုကိုဖြေဖျောက်ဖို့…
ဒီထက်နာကျင်မှုကို ငါကိုယ်တိုင်မဖန်တီးတတ်တာပဲ…..
မှတ်မိပါဦးမလား……ကင်းဗတ်စကလေးရေ....
ပိတောက်ပင်အောက်က ပြန့်ကျဲနေတဲ့ အ၀ါရောင်တိမ်တိုက်တွေကို
အတူတူ ရှုရှိုက်ကြတဲ့အခါ….လောကကြီးကို ခဏတဖြုတ်မေ့ထားကြတယ်…..
လောကဆိုတဲ့စကားလုံးနောက်မှာ အမြဲတွဲပါနေကျဖြစ်တဲ့ ချစ်ခြင်းဆိုတဲ့
ခေါင်းစဉ်လေးအောက်မှာ နှစ်ယောက်အတူ အသက်ရှုရတဲ့အခါ အရာအားလုံးက သင်းပျံနေမြဲ။
ငါသတိထားမိတဲ့အချိန်ကစလို့…မင်းဟာ ဧရာဝတီဘက်ယိမ်းနွဲ့သွားလိုက်တာ
မင်းကမေခလား
ငါကမလိခလား......
တကယ်တော့ ငါဟာ အတိုက်စားခံလိုက်ရတဲ့ ကမ်းပါးအဖြစ် ဆိုတာ
ငါနောက်ကျမှသိလိုက်ရတယ်။
ထားလိုက်ပါ…. ဒါတွေက ငါစခဲ့တဲ့ ငါ့အဆုံးသတ်တွေပါ
မတားမြစ်ခဲ့တဲ့ အဏ္ဏ၀ါသွေးကြောပေါ်က ခပ်ရေးရေး
အမျှင်စလေးတစ်မျှင်ကို
ငါစောစောစီးစီး ဘာလို့ စီးဆင်းမိလည်းဆိုတဲ့မေးခွန်းကို
ငါကိုယ်တိုင်ထုတ်ခဲ့တာပါ။
ဖြေဆိုမယ့်သူကလည်း ငါတစ်ယောက်တည်းပါပဲ….
ကိုယ်တိုင်ထုတ်တဲ့ မေးခွန်းကို ငါ့မှာအဖြေမရလို့
answerpaper
လေးကိုကိုင် ဘာတစ်လုံးမှ ချမရေးပဲ အခန်းလေးထဲကနေ
အချိန်မပြည့်ခင်ထွက်လိုက်တဲ့အဖြစ်ပေါ့။ ဒါပေမယ့် ဘာမှချမရေးထားတဲ့
စာရွက်အဖြူတစ်ရွက်ဟာ
အချစ်ရဲ့ အဖြေလို့မင်းကို
ရှုင်းပြခဲ့ရင် မင်းခံစားတတ်ပါ့မလား။
ငါဖြေဆိုခဲ့ပါတယ်။ ဘာကောက်ကြောင်းမှ
မဆွဲပဲ နံရံမှာချိတ်ထားတဲ့
မှန်ဘောင်ထဲက အဖြူရောင်ဟာ ပန်းချီကားတစ်ချက်လို့ပြောရင်
ဘယ်ပန်းချီဆရာက ဒါပန်းချီကားတစ်ချက်မှ မဟုတ်တာလို့ ရှုမြင်မလည်း။
မင်းကိုယ်တိုင်ရော
…..
မင်းကိုယ်တိုင်ကတော့ အဖြူရောင်သက်သက်ပေါ်က
အစင်းကြောင်းတွေ၊
ဒါမှမဟုတ် ကာလာတွေ၊ ကောက်ကြောင်းတွေကိုအလောတကြီး
လိုက်ရှာမိမှာပါ။
ဒါကိုလည်းစွပ်စွဲမှုလို့မင်းသက်မှတ်နိုင်ပါတယ်။
အချစ်မှာ စာမေးပွဲရှိလား၊ ရှိခဲ့ရင်ရော
အရောင်တစ်ခုခုနဲ့ချရေးပြစရာလိုလား၊
အဖြေကော ရှာပေးစရာလိုလား……..။
နှစ်ကိုယ်ကြားဆိုတာ လိပ်ပြာတွေလို ၀တ်ရည်စုပ်နေစရာမလိုပါဘူး။
ပန်းပွင့်တွေလိုလည်း တချိန်ကောင်းဟစ်ကြွေးပြီး
ကြွေကျနေဖို့မလိုပါဘူး။
မာနတွေခေတ်စားခဲ့ပြီး အသိဥာဏ်တွေ အိပ်ပျော်နေခဲ့ရုံလေးပါ။
ဒါပေမယ့် အလွှာခြားဖို့အတွက် တော်တော်လေး
လွယ်လွန်းသွားခဲ့တယ်။
အဖက်ဆယ်ဖို့အတွက်တောင်
တို့တွေကြားထဲမှာ
ရေတွေလွှမ်းသွားခဲ့တာကြာပါပြီ။
နောက်ကျခဲ့ပြီးပါပြီ……အားလုံးက နောက်ကျပြီးမှရောက်ရောက်လာ
တတ်တာကိုက နောက်ကျလွန်းနေခဲ့တာ။
အဲ့ အသိဥာဏ်တချို့ တချိန်တုန်းက ဘယ်မှာ သွားပိတ်မိနေပါလိမ့်။
ထားလိုက်ပါတော့……..
ထားခဲ့လိုက်ပါတော့……….
ထားပစ်ခဲ့လိုက်ပါတယ်……….
ကိုယ့်ဘက်က အမှားလို့ပဲ ငြိမ်းချမ်းရေးမှန်တစ်ဖက်ထောင်ပြီး
ငါခ၀ါချထားပစ်ခဲ့လိုက်ပါတယ်။ အသင့်တော်ဆုံးနဲ့အလိုက်ဖက်ဆုံး
ဆိုတာ
နောက်ကျခြင်းထက်ပို နောက်ကျတတ်တဲ့ အမြင်မှန်တွေနဲ့မှ
အတူတူလိုက်လာတယ်။
အဲ့တော့
အရာအားလုံးရဲ့ ဆန့်ကျင်ဘက်မှာ မင်းရှိနေခဲ့တယ်ဆိုရင်
ငါဟာ
ဆန့်ကျင်ပိုက်ကွန်တွေထဲမှာ ကိုယ့်ကိုကိုယ်ပြန်မျှားနေမိခဲ့တဲ့
သားကောင်တစ်ကောင်ပါ။
အထင်ကရ ဇာတ်လမ်းတွေကို
မင်းအားကျခဲ့ဘူးပြီး၊ ဇာတ်ထုပ်တွေအတိုင်း
ကိုယ်တိုင်ကချင်တဲ့ မင်းအတွက် ဇာတ်အိမ်တွေစုံတဲ့
နယ်မြုံတစ်ခုကို
မင်းရောက်မှာပါလို့ ငါဆုတောင်းပေးရုံပေါ့။
ဒါပေမယ့် ဒါကဇာတ်လမ်းတစ်ခုမဟုတ်ဘူး၊
ဝတ္တုတစ်ပုဒ်မဟုတ်သလို
ကဗျာတစ်ပုဒ်လည်းမဟုတ်ခဲ့ဘူး။
အဖြစ်ပျက်တစ်ခုတိုင်းမှာ အင့်စီးဒင့်တစ်ခုလို့ပဲ
သတ်မှတ်လေ့ရှိတဲ့ငါ၊
အမာရွက်လေးတစ်ခု ကျန်သွားတာလောက်ပါ။
ဒါပေမယ့် အမာရွက်လေးမြင်တိုင်း
သတိရတတ်တာကလွဲရင်ပေါ့
မနေ့ကထက်စာရင် ဒီနေ့ရာသီဥတုသာယာနေပါလိမ့်မယ်။
မိုးသားတွေလည်း အားရပါးရ ထစ်ချုန်းရွာခဲ့ပြီးလို့သာယာချင်နေရောပေါ့။
ငါ့ကိုယ်ငါ ဒီနေ့မနက်ခင်းလေးထဲမှာ
စီးမျှောရင်း ခဏတာအပန်းဖြေဖျောက်လိုက်တော့မယ်
မနေ့က အမာရွက်ကလေးရေ။
အချိန်မတိုင်ခင် ကြွေခွင့်မရှိဘူးလို့ မသတ်မှတ်ထားပါဘူး။
အချိန်မတိုင်ခင် ကြွေခွင့်တော့ရှိပါတယ်
ဒါပေမယ့် အကြွေမလွယ်တဲ့ တစ်ပွင့်ဟာ
အုန်းမောင်းခေါက်သံကြားတိုင် ထထကြွေတတ်လွန်းတော့
ခပ်မာမာ နာကျည်းမိခဲ့ရုံလေးပါ။
အကြွေတစ်ပွင့်ကို လေလွင့်ခိုင်းဖို့ လေပြင်းလေးနဲနဲတော့ လိုမယ်ထင်တယ်။
ကိုယ့်ကိုကိုယ်လေလွင့်ပစ်ဖို့ ငါဟာ ခပ်စောစောကြွေတတ်တဲ့
ခရေကို အားကျမိခဲ့ဘူးတယ်။
ကိုယ်ကိုယ်တိုင်ကြွေကျတော့ ကောက်မယ့်သူဟာ ကိုယ်တိုင်ဖြစ်နေတာကလွဲရင်
အကြွေကောက်ဖို့ လက်တစ်စုံဟာ အလှမ်းဝေးလွန်းနေသေးတယ်။
မင်းဟာ ငါ့ရင်ထဲက ရိုက်လင်းတန်း တစ်စုံဖြစ်ခဲ့မယ်ဆိုရင်
ပြန်လင်းတန်းတွေကို သော့ခတ်ထားခွင့်ပြုပါ။
မင်းနွေဦး