Thursday, March 17, 2011

ငါ့အဖြစ်အပျက်

ငါ့အဖြစ်တွေကို
စဉ်းစားကြည့်လိုက်ရင်
ကောင်မလေးတစ်ယောက်
ပန်းလေးတွေကိုင်ပြီး ငါ့အနားမှာ
အနမ်းတွေ အဆုပ်လိုက်ပွင့်နေတယ်။

ငါ့အပျက်တွေကို
ကြည့်လိုက်မိရင်
အရက်ပုလင်းတစ်လုံးက
ကဗျာတွေနဲ့အတူ
ဇာတ်တွေကျိုးနေတယ်။

ငါကဗျာရေးရင်
စကားလုံးတွေပေါ့ပေါ့နေခဲ့တာ
ဆားမပါတဲ့ဟင်းလို့ဆိုကျပေမယ့်
အသားတစ်တုံးထဲမှာ အငံဓါတ်တွေ
အစုလိုက်ညှပ်ညှပ်ပါသွားတာ ဒင်းတို့မသိလိုက်ဘူး..။

မျက်ကွင်းဟောက်ပတ်နဲ့လူရဲ့
နှလုံးသားစကားတွေက ခုထိအဆင်ပြေတုန်း
နှစ်တော်ကြာရေမချိုးခဲ့ ခေါင်းမလျှော်ခဲ့ပေမယ့်
အဲ့စကားလုံအိမ်တွေ ခြမစားခဲ့ဘူး။

ငှက်ပျောသီးကို အခွံနွှာပြီး
သဘာဝကျကျစားပြခဲ့တာ အပြစ်လား၊ ငါမှားလား
ငါ့ချစ်ခြင်းမှာ မာနဆိုတဲ့ သိပ္ပံစက်ကိရိယာတွေမှ မပါပဲ
အဆင့်မမှီတာလဲမဟုတ်ဘူး
ခေတ်ဆိုတဲ့စာတန်းမထိုးခဲ့တာ။

နောင်နှစ်ပေါင်း ၅၀၀ မှာရော
အချစ်ဆိုတဲ့နယ်မြေလေးမှာ
ဘာတွေထပ်နေရာယူကြဦးမှာလဲ
ပန်းကန်ပြားပျံတွေလား
အာကာသလွန်းပျံယဉ်တွေလား။

အချစ်ကို မတော်တဲ့
ဝေါကင်းရှူးထဲထည့်စီးရတာ
စိတ်ကျဉ်းကျပ်လွန်းပါတယ်ဗျာ
သူ့ဘာသာသူ အဆင်ပြေနေတဲ့
ဘေးမဲ့တောလေးမှာ ပျော်ပါစေတော့လား။

နံရံကပ်ပိုစတာတွေကို
ခေါင်းရင်းထားအိပ်တတ်တဲ့လူတွေကြားမှာ
ကျုပ်အသဲ “ခွပ်” ကနဲဖြစ်တာ
ဘာတွေများကွာဟသွားလို့လဲ
ကျုပ် ကျီးကန်းမဖြစ်တာကမှအဖတ်တင်သေး။

အတိတ်နမိတ်တွေ အနာဂတ်တွေ
မရှိခိုးခဲ့တဲ့ င့ါအတွက် အကြားအမြင်ဝါဒတွေ
မရှိတာကပဲ မှားယွင်းမှုတဲ့ ....ဟားဟား...
ရေးရင်းထပ်လာတဲ့ ဒီလေသံတွေကြားမှာ
သူတို့တွေ ငါ့စကားလုံးကို မျက်စောင်းထိုးကျပြီ။

( ကြည့်စမ်း THE END ဆိုတဲ့
ငါ့နာမည် ပိတ်ခါနီးမှငါသိတယ်
ငါ့စာသားတွေ ယိမ်းယိုင်သွားလိုက်တာ
သူတို့အကြည့်တွေအောက် ရောက်သွားပြီ )

ငါ့သဘာဝတွေကို နှလုံးသား Draft ထဲပြန်ထည့်
နာနတ်သီးဆန်ဆန် လူသားမျက်နှာတွေကို
ကဗျာတွေနဲ့ မူးနေပစ်လိုက်တာပဲကောင်းပါတယ်။  ။

1 comment:

  1. ဒူးရင်းသီးဆန်ဆန် လူသားမျက်နှာတွေလည်းရှိသေးတယ် .. :D
    (မတွေ့ဖူးသေးဘူးထင်တယ် .. :P)

    ReplyDelete