သြော် .....
ငါ့ခံစားချက်တွေကို
ကဗျာဆိုတဲ့ ခေါင်းစဉ်ကလေးတပ်ပြီး
ချရေးမိပါတယ် ...
“မင်းကဗျာက ဘောင်မ၀င်ဘူး
စည်းမျှဉ်းမမှန်ဘူး
ကာရန် မညီဘူး” တဲ့
သြော် ....
ငါဘောင်တွေ စည်းတွေထဲက
ရေးနေတယ်လို့ မပြောရသေးပါလားကွယ်။
ငါ့ကိုယ်ငါ ကဗျာဆရာလို့
မသတ်မှတ်ခဲ့ပါဘူး
ငါ့ကိုယ်ငါ စာရေးဆရာမဟုတ်မှန်းလဲ
ငါသိပါရက်နဲ့ ...
ကိုယ့်ရင်တွင်း သားဖွားခန်းက
ပေါက်ဖွားလာတဲ့ စကားလုံးလေးတွေကို
ကိုယ့်ဟာကို ကင်ပွန်းတပ်ပေးတာပဲ
ငါနယ်မြေကျူးကျော်သူမဟုတ်ဘူး
သူများလယ်ယာမြေမှာ စပါးသွားစိုက်တာမဟုတ်ဘူး
သဘာဝဘေးမဲ့တောမှာ ငါ့စာတွေရေးတာ
ဒါကိုသူတို့တွေက ..........
အင်း ......
ငါရာသီတွေမှားပြီးဖွားမိလေသလား
ကြံရည်တစ်ခွက်လောက်ချိုနေမှတော့
ငါ့ဘ၀ကို သကြားစက်ရုံလုပ်ပစ်တော့မှာပေါ့
ငါဟာ မဆုပ်မနစ် ပျားတစ်ကောင်ပါ
ခုမှ ၀တ်ရည်စုပ်တုန်း
တနေ့ပျားအုံဖြစ်လာဖို့တော့ မဟုတ်ဘူး
ငါ့အိမ်မှာ ငါစုပ်တဲ့ဝတ်ရည်လေးတွေ
တွဲလဲခိုနေတာမြင်ရရင် ပီတိဖြစ်နေတဲ့ကောင်ပါ။
ငါ့ကို ငြိမ်းချမ်းရေးပေးပါ
ကဗျာရပ်ဝန်းဟင်းလင်းပြင်ထဲ
လွတ်လပ်စွာ စကားလုံးတွေစိုက်ပါရစေ
ငါ့နှလုံးခုန်သံနဲ့ ......။
ဆက်သွားကွာ ...
ReplyDeleteအဲဒီလူရဲ့ခံစားချက်တွေ စိုက်ပျိုးထားတာကို
တခင်းလုံးပန်းတွေပွင့်တဲ့ထိ လာလာကြည့်မယ် ... ။ :)
:-)
ReplyDelete